(…အရင်နေ့ အဆက်) ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမြင်လေးတွေကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ အဋ္ဌကထာဆရာက သုံးသပ်ပြထားတာ ဒီနေရာမှာ တင်ပြချင်ပါတယ်။ အလွန်အင်မတန် သိထားသင့်တဲ့ အချက်အလက်တွေ ဖြစ်နေလို့ပါပဲ။ ဒိဋ္ဌိ(၆၂)ပါးကို ပေါင်းပြောလိုက်ရင် သက္ကာယဒိဋ္ဌိ တစ်မျိုးတည်းပဲ၊ လိုရင်း ခွဲပြောလိုက်ရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆိုပြီး နှစ်မျိုးဖြစ်လာတယ်တဲ့။ (သက္ကာယဒိဋ္ဌိ = သဿတဒိဋ္ဌိ + ဥစ္ဆေဒဒိဋ္ဌိ)။ ဒီဖော်မြူလာအရ လူတိုင်းမှာ ဒိဋ္ဌိကတော့ ရှိနေတာပဲ။ သက္ကယဒိဋ္ဌိကတော့ မူရင်းပေါ့။ အချို့က သဿတဒိဋ္ဌိဘက်အားသန်တယ်၊ အချို့က ဥစ္ဆေဒဒိဋ္ဌိဘက်အားသန်တယ်။ ဒါကွာသွားမယ်။ အချို့ကျတော့လည်း နှစ်မျိုးလုံး တစ်လှည့်စီ ဖြစ်နေတတ်တယ်။ ဒါပေမယ့် အယူတစ်ခု လက်လွှတ်ပြီးမှ စွန့်ပြီးမှ အခြားအယူတစ်ခုကို လက်ခံနိုင်ပါတယ်။ နှစ်မျိုးလုံးကို တစ်ယောက်ထဲက တစ်ချိန်တည်း လက်ခံလို့တော့ မရပါဘူး (သဿတံ ဂဟေတွာ တမ္ပိ အပ္ပဟာယ ဥစ္ဆေဒံဝါ ဧကစ္စသဿတံ ဝါ ဂဟေတုံ န သက္ကာ)။ သဘာဝအားဖြင့် သဿတသမားက အပြစ်တော့ သေးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ ဝေးတယ်။ ဥစ္ဆေဒသမားက အပြစ်တော့ ကြီးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ နီးတယ်တဲ့။ (သဿတ = သေး + ဝေး။ ဥစ္ဆေဒ = ကြီး + နီး) (သဿတဒဿနံ အပ္ပသာဝဇ္ဇံ ဒန္ဓဝိရာဂံ၊ ဥစ္ဆေဒဒဿနံ မဟာသာဝဇ္ဇံ ခိပ္ပဝိရာဂံ)။ သဿတဒိဋ္ဌိသမားက ဘဝကိုယုံတယ်။ ကံကိုလည်း ယုံတယ်။ ကံကိုယုံတဲ့အတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်တယ်။ မကောင်းမှုကိုတော့ ရှောင်တယ်။ ကုသိုလ်လုပ်မှ ကောင်းရာရောက်မယ်၊ အကုသိုလ်လုပ်ရင် မကောင်းရာ ဒုဂ္ဂတိရောက်မယ်လို့ ခံယူထားတော့ ဒုဂ္ဂတိကို အရမ်းကြောက်တယ်။ ဒါကြောင့် ကုသိုလ်အလုပ်များပြီး အကုသိုလ် အလုပ်နဲတယ်။ ဝဋ်ကိုသာယာတယ်။ ဝဋ်သာယာတယ်ဆိုတာက ဘဝကောင်းကို သာယာတာ။ လူ့ဘဝရဖို့ လူချမ်းသာရဖို့ စသည်ဖြင့် အကောင်းစံဘဝကို နှစ်သက်တာဟာ ဝဋ်ကိုသာယာတာပဲ။ သူ့မှာ အားနဲချက်က ဘာလဲဆိုရင် ဘုရား ရဟန္တာ တို့နဲ့တွေ့လို့ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ နာရသော်လည်း သူ့မှာ စိတ်အားထက်သန်မှု မရှိဘူး။ ရုပ်နာမ်သိမ်းကြောင်းတရားတွေ ဟောလာရင် အော် ရုပ်နာမ်သိမ်းလို့ ငြိမ်းသွားရင် ငါလုပ်ထားတဲ့ ကုသိုလ်ကံတွေရဲ့ ကောင်းကျိုး ငါဘယ်လိုလုပ်ခံစားရတော့မလဲ၊ ဒါလောက်ကြီးလည်း မလိုအပ်သေးပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လုပ်တတ်တယ်။ သူက ဝဋ်ကို သာယာတဲ့သူမျိုးကိုး။ ဝဋ်ထဲမှာ ပျော်မွေ့ချင်တာ။ ဒါကြောင့် တရားအရနှေးလို့ နိဗ္ဗာန်နဲ့ ဝေးတယ်လို့မှတ်လိုက်။ ဥစ္ဆေဒဒိဋ္ဌိသမားကလည်း ဘဝကိုယုံတာပဲ။ ကံကိုလည်း ယုံတာပဲ။ ဒါပေမယ့် သူက ကုသိုလ်အလုပ်နဲတယ်။ အကုသိုလ်ကိုတော့ ရဲရဲတင်းတင်းလုပ်တယ်။ ဝဋ်ကို မသာယာဘူး။ သူက အပြတ်ယူထားတာကိုး။ ကောင်းကျိုး မကောင်းကျိုးဆိုတာ သူ လက်မခံဘူး။ ဒီတော့ အကုသိုလ်အလုပ်များတယ်။ နောက်ဘဝကောင်းစားရေးတရားတွေ သူ သဘောမကျဘူး။ ဒါပေမယ့် ဒီလို ပုဂ္ဂိုလ်က ဘုရား ရဟန္တာတို့နဲ့တွေ့လိုက်လို့ သူ့ကို သဘောကျအောင် ဟောပြလိုက်ရင် `ဒီလိုလုပ်ရင် ဒီလိုကျင့်ရင် ရုပ်နာမ်သိမ်းတဲ့ နိဗ္ဗာန်ရောက်မယ်´ဆိုတာနဲ့ ချက်ချင်း ထလုပ်တတ်တယ်။ ဘယ့်သူ့ကိုမှ မငဲ့တော့ဘူး။ လုပ်ရင် နောက်လှည့်မကြည့်တော့ဘူး။ အပြတ်အသတ် လုပ်တတ်တဲ့သဘောရှိတော့ နိဗ္ဗာန်အရမြန်လို့ နိဗ္ဗာန်နဲ့ နီးတယ်လို့ ပြောတာ။ သူက ဝဋ်ကို သာယာလိုစိတ်မရှိဘူးလေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သဿတသမားလား၊ ဥစ္ဆေဒသမားလားဆိုတာ ဒီသုံးသပ်ချက်ကိုအခြေခံပြီး ဆုံးဖြတ်လို့ ရပါပြီ။ ဒီအချက်တွေထဲက ကိုယ်နဲ့ အကိုက်အညီများတဲ့ဘက်ဟာ ကိုယ့်ဘက်ပဲ။ ဒါမှ ကိုယ့်ရှိတဲ့ဒိဋ္ဌိ ကိုယ်တိုင် သိပြီး ခွါနည်း မှန်မှန်ကန်ကန် ရနိုင်မယ်။ ဒါမှမဟုတ်ရင် ရမ်းတုတ် ရမ်းလုပ်နဲ့ ဒိဋ္ဌိသာပြောနေတယ်၊ ဘာကြီးမှန်းလည်း မသိဘူးဆိုပြီး ဖြစ်နေကြတာတွေ အများကြီးပါ။ သဿတဒိဋ္ဌိအယူရှိသူရဲ့သဘောက ဘဝကိုယုံကြည်။ ကံကိုယုံကြည်။ ကုသိုလ်အလုပ်များ၊ အကုသိုလ်အလုပ်နဲ။ ဝဋ်ကို သာယာ။ တရားအရနှေး၊ အပြစ်သေး၊ နိဗ္ဗာန်နဲ့ ဝေး။ ဥစ္ဆေဒဒိဋ္ဌိအယူရှိသူရဲ့သဘောက ဘဝကိုယုံကြည်။ ကံကိုယုံကြည်။ ကုသိုလ်အလုပ်နဲ၊ အကုသိုလ်အလုပ်များ။ ဝဋ်ကို မသာယာ။ တရားအရမြန်၊ အပြစ်ကြီး၊ နိဗ္ဗာန်နဲ့ နီး။ (မ၊ဋ္ဌ၊၃၊ ၁၄၄။) ဒါဟာ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ ဝေဘန်သုံးသပ်ပြထားတဲ့ မှတ်ချက်ကို အကျဉ်းချုပ်တင်ပြလိုက်တာပါ။ ဒီသုံးသပ်ချက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်ဒိဋ္ဌိဘက်အားသန်နေလဲဆိုတာ အကဲခတ်နိုင်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သဘောမိမိ မသိသေးဘူးဆိုရင်တော့ ဒီဒိဋ္ဌိတွေက တစ်ခုမဟုတ် တစ်ခု လူတိုင်းမှာ ရှိနေမယ်။ ယဉ်ယဉ်လေးနဲ့ ရှိတဲ့ ဒိဋ္ဌိနဲ့ ရိုင်းရိုင်း ကြမ်းကြမ်း ရှိတဲ့ ဒိဋ္ဌိပဲ ကွာမယ်။ ရှိတာကတော့ ဒိဋ္ဌိကိုယ်စီ ရှိနေကြတာပဲ။ ဟို မိစ္ဆာဒိဋ္ဌိကို ပြောတာမဟုတ်ဘူး။ ဟောဒီ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေကို ပြောတာ။ အချို့က ဒိဋ္ဌိရှိတယ်ပြောရင်ကို လက်မခံလိုကြဘူး။ ငါ့မှာ ဒိဋ္ဌိမရှိဘူးလို့ ဇွတ်ငြင်းဖို့ ကြိုးစားကြတယ်။ ငါလို့ ယူဆထားကတည်းကိုက ဒိဋ္ဌိမြစ်ဖျားခံနေတယ်ဆိုတာသာ သဘောပေါက်လိုက်ပါ။ ဒီဒိဋ္ဌိ မျိုးတွေ ရှိနေလို့လည်း သံသရာ လည်ခွင့်တော့ရပြီး မဂ်ဖိုလ်နိဗ္ဗာန် လမ်းမှန်မရောက်ဘဲ ဖြစ်နေတာ။ ဒိဋ္ဌိက အဝိဇ္ဇာနဲ့ပေါင်းပြီး လူကို မူးအောင် ဝေအောင် လုပ်နေတာ၊ လမ်းမှားရောက်အောင်လုပ်နေတာ၊ လမ်းမှန်ကို မသွားအောင် တားမြစ်ထားတာပဲလို့သာ မှတ်လိုက်ပါ။ တဏှာက အမှားကိုပဲ အမှန်လိုသဘောကျပြီး သာယာနေ တောင့်တနေတယ်။ မက်မောနေတယ်။ ဒီတော့ ဖြစ်လေရာဘဝမှာ ပျော်ပြီပေါ့။ (ဆက်ရန်....)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး