အပွားဉာဏ်ဝင် ဒိဋ္ဌိစင် သုဗြဟ္မနတ်သားတို့ ဖြစ်စဉ်ကို ထောက်ဆလိုက်ရင် ငရဲကလွတ်ဖို့ အပါယ်ကလွတ်ဖို့အတွက် စိတ်ချရတဲ့အလုပ်ကတော့ မဂ္ဂင်အကျင့် ကျင့်ဖို့ပဲ ရှိတယ်ဆိုတာ သိရပြီ။ မဂ္ဂင်အကျင့်ကလွဲလို့ ကယ်တင်နိုင်တဲ့တရား ငါဘုရားလည်း မြင်တော်မမူဘူးတဲ့။ မဂ္ဂင်အကျင့်ဆိုတာ ဘာလဲဆိုတော့ ဖြစ်ပျက် မဂ် ကိုက်အောင်လုပ်တာ။ ဒါဆို ဖြစ်ပျက် မဂ်ကိုက်အောင်လုပ်နေတာဟာ မဂ္ဂင် ကျင့်နေတာပဲလို့ ကောက်ချက်ချလိုက်။ ဘယ်သူက ကယ်တင်မှာလဲဆိုရင် ဖြစ်ပျက်မဂ်ကိုက်အောင်လုပ်နေတဲ့ မဂ္ဂင်ကပဲ တစ်နည်းအားဖြင့် ဗောဇ္ဈင်ကပဲ ကယ်တင်မယ်လို့ နားလည်လိုက်ပါ။ စီးပွါးကလည်း မကယ်တင်နိုင်၊ ဆွေမျိုးမိဘကလည်း မကယ်တင်နိုင်၊ တိုက်တာအိုးအိမ်ကလည်း မကယ်တင်နိုင်ပါဘူး။ မဂ္ဂင်အလုပ်ကသာ ကယ်တင်နိုင်လို့ မဂ္ဂင်အလုပ်ကိုပဲ အားကိုး အားထားကြရမယ်ဆိုတာ ရှေးဦးစွာ မှတ်လိုက်ပါ။ မဂ္ဂင်အကျင့်ကို ကျင့်လိုက်လို့ ဒုက္ခမြင်ရင် သုခနိဗ္ဗာန်ဆိုတာ ပေါ်လာတာပဲ။ ခန္ဓာကို ဉာဏ်လှည့်လိုက်တော့ ရုပ်နဲ့ နာမ်ပဲ တွေ့ရတယ်။ စိတ်ဟာ နာမ်တရားဖြစ်လို့ စောစောက စကားပလ္လင်ခံထားတဲ့အတိုင်း စိတ္တာနုပဿနာကိုပဲ နမူနာအဖြစ်ဆက်လက်ပြောပေးမယ်။ ကိုယ့်သန္တာန်မှာပေါ်တဲ့စိတ်ကလေးတွေကို ဉာဏ်နဲ့ကြည့်လိုက်တော့ လောဘစိတ်ဖြစ်ရင်ဖြစ်တယ်၊ ဒေါသစိတ်ဖြစ်ရင်ဖြစ်တယ်၊ အိပ်ချင်စိတ်ဖြစ်ရင်ဖြစ်တယ်၊ မစ္ဆရိယစိတ်ဖြစ်တယ်၊ ပျံ့လွင့်စိတ်ဖြစ်တယ် စသည် သိလာမယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက `သူများစိတ်အကဲခတ်ရတာ မှားသည်ရှိ မှန်သည်ရှိမယ်၊ ကိုယ့်စိတ်ကိုယ် အကဲခတ်ရတာကတော့ မှားတယ်ဆိုတာမရှိဘူး´တဲ့။ ကိုယ့်စိတ်ကိုယ် အကဲခတ်မှ အမှန်အတိုင်း သိနိုင်မယ်။ ဥပမာ- ထမင်းစားချင်စိတ်လေးပေါ်လာတယ်ဆိုပါတော့။ အဲဒီစိတ်ကလေး ရှိမရှိနောက်ကနေ ဉာဏ်နဲ့ကြည့်လိုက်တော့ မရှိတာသာ တွေ့ရမယ်။ မရှိတာ အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂ။ ဒီမဂ်ဟာ ကိုယ့်ကယ်တင်မယ့်မဂ်ပဲ။ ဉာဏ်နဲ့ကြည့်တော့ စားချင်တဲ့စိတ်ကလေး မြင်တာလား၊ စားချင်တဲ့စိတ်ကလေး မရှိတာကို မြင်တာလားဆိုရင် မရှိတာကို မြင်တာ။ မရှိတာမြင်တာဟာ အပျက်ကို မြင်တာမို့ အနိစ္စကိုမြင်တာ။ စားချင်စိတ်ကလေး အနိစ္စရောက်သွားတာကို သိလိုက်ရတာပဲ။ အဲလို အနိစ္စရောက်ပြီလို့သိလိုက်ရတာ၊ ပျက်သွားပြီလို့သိလိုက်ရတာက မဂ္ဂလို့ မှတ်လိုက်။ စားချင်စိတ်ကတဏှာ၊ မစားရမနေနိုင်တာက ဥပါဒါန်၊ စားဖို့ ပြင်ဆင်တာ လုပ်ဆောင်တာ ပြောဆိုတာက ကံ (ကာယကံ ဝစီကံ)၊ မရှုပဲထားရင် ဒီလို ပဋိစ္စသမုပ္ပါဒ်တန်းသွားတယ်၊ လည်သွားတယ်၊ ဆက်သွားတယ်။ စားချင်စိတ်တဏှာကို ဖြစ်ပျက်မြင်အောင်ရှုလိုက်တော့ တဏှာက ဖြစ်ပျက်၊ ရှုတာက မဂ်။ ဒီတင်ရပ်သွားတယ်။ ဥပါဒါန်၊ ကံတွေ ဆက်ခွင့် မရတော့ဘူး။ ဘယ်သူက ဖြတ်လိုက်တာလဲဆိုရင် မဂ်ကဖြတ်လိုက်တာ။ စားချင်စိတ် တဏှာပေါ်လာရင် အဲဒါ ရှိ မရှိအကဲခတ်။ ကြည့်လိုက်လို့ မရှိတာတွေ့လိုက်ရင် မရှိတာ အနိစ္စ၊ မရှိမှန်းသိတာ မဂ္ဂ။ သောက်ချင်စိတ်- လောဘ၊ ရှိမရှိကြည့်တော့ မရှိတာတွေ့မယ်။ မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂ။ ပေါ်သမျှစိတ်တွေ ဒီလို ဉာဏ်သွင်းပြီးကြည့်သွား။ လောဘလား ဒေါသလား ပါဠိနာမည်တွေ မပေးတတ်ချင်နေပါစေ။ မြန်မာလိုပဲသိရင် မြန်မာလိုပဲ ကိုယ် နားလည်သလိုရှုသွား။ သွားချင်စိတ် လာချင်စိတ် ပြင်ချင်စိတ် စကားပြောချင်စိတ် ဘာစိတ်လာလာ အကုန်ရှု။ ရှုလိုက်တော့ အပါယ်ပို့မယ့်ဥပါဒါန်တွေ ကံတွေ ပြတ်သွားတယ်၊ မလာနိုင်တော့ဘူး။ ဒါ ဘယ်သူကဖြတ်လိုက်တာလဲ ဆိုရင် ကိုယ်ရှုတဲ့မဂ်က ဖြတ်ချလိုက်တာ။ စားချင်စိတ် တဏှာကို ရှုလိုက်တော့ တွေ့တဲ့ ဖြစ်ပျက်က အနိစ္စ၊ သိတာက မဂ္ဂ၊ ဒီလို သိလိုက်တော့ ငါစားချင်တယ်ဆိုတဲ့ ဒိဋ္ဌိလည်း လာခွင့်မရတော့ဘူး။ ဖြစ်ပျက်မြင်လိုက်တော့ နိစ္စနိမိတ်ကင်းသွားတာကြောင့် နိစ္စဒိဋ္ဌိ ကွာသွားတယ်။ သက္ကာယဒိဋ္ဌိကွာသွားတယ်။ ဒါဖြင့် ဖြစ်ပျက်က အနိစ္စ၊ သိတာက မဂ္ဂ၊ သေတာက ဥပါဒါန် ကံ။ ဥပါဒါန်တွေ ကံတွေကြောင့်ပဲ နောင်ဘ၀ ပဋိသန္ဓေနေရတာ။ ဒီဥပါဒါန် ကံတွေ သေသွားတော့ နောင်ဘဝလာစရာမလိုတော့ဘူး။ ဖြစ်ပျက်ကိုမြင်လိုက်တော့ စားချင်စိတ်နဲ့တွဲနေတဲ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိလေး ကွာသွားတယ်။ စားချင်စိတ်လေးကိုကြည့်၊ မရှိတာပဲတွေ့ရမယ်။ မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂ။ မရှိတာ အနိစ္စဖြစ်တော့ နိစ္စဒိဋ္ဌိဖြစ်တဲ့ သက္ကာယဒိဋ္ဌိ အလိုလိုပြုတ်သွားတယ်။ ဖြစ်ပျက်ရှုလိုက်တာနဲ့ ဒိဋ္ဌိပြုတ်သွားတာ။ ဒိဋ္ဌိပြုတ်ရင် အပါယ်မျိုးစေ့၊ ငရဲမျိုးစေ့ ဝမ်းထဲမှာ မရှိတော့ဘူး။ ဒါဖြင့် ဒီလို စိတ်ပေါ်တိုင်းသာ ဖြစ်ပျက် ရှုနေကြမယ်ဆိုရင် ဒါဟာ ဒိဋ္ဌိသတ်နေတာပဲ။ ဖြစ်ပျက် အနိစ္စမြင်လိုက်ရင် နိစ္စဒိဋ္ဌိ သေပြီ။ ဒါဖြင့် ဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ။ ဒီမဂ်သည် ဒိဋ္ဌိသာမက တဏှာ ဥပါဒါန်တွေရော၊ ကံတွေပါ သတ်နေတာ။ ဝိပဿနာမဂ်ပင်ဖြစ်ပေမယ့် တဒင်္ဂတော့ ဒိဋ္ဌိသေနေတယ်။ ဥပါဒါန် ကံရော တဒင်္ဂသေတယ်။ တဒင်္ဂသေတာကို ရေရေလည်လည်သဘောကျလို့ရှိရင် သတ်တဲ့နည်း ရလိုက်တာပဲ။ ဒီလိုသာဆက်သတ်သွားရင် ထာဝရသေတဲ့အဆင့်ရောက်သွားမှာပါ။ ဘယ်စိတ်ပေါ်ပေါ် ဖြစ်ပျက်မြင်ရင် ဝိပဿနာမဂ်နဲ့ တဒင်္ဂသတ်နေတယ်လို့မှတ်လိုက်ပါ။ တဒင်္ဂသတ်နည်းမှသည် ထာဝရသတ်နည်းဆီသို့ တရွေ့ရွေ့ချင်း သွားကြရမှာပါ။ ပဋိစ္စသမုပ္ပါဒ်နားလည်လို့ ရုပ်နာမ်ကွဲ အကြောင်းအကျိုးမြင်တော့ ဒိဋ္ဌိ အသိနဲ့ စင်တယ် (ဉာတပရိညာ)။ ဖြစ်ပျက်မြင်အောင်ရှုတော့ ဒိဋ္ဌိ အပွားနဲ့ စင်တယ် (တီရဏပရိညာ)။ စိတ်ပေါ်လို့ စိတ်ကိုကြည့်လိုက်တော့ စိတ်ဖြစ်တာလေးလည်းတွေ့တယ်။ စိတ်လေး ပျက်သွားတာလည်း တွေ့တယ်။ ပေါ်တာတွေ့တာက အဖြစ်ကိုတွေ့တာပဲ။ မရှိတာတွေ့တာက အပျက်ကိုတွေ့တာပဲ။ ဖြစ်တယ်ဆိုတာ မပြတ်လို့ဖြစ်တာလို့ အသိဝင်လိုက်တော့ ပျက်ပြီး ပြီးရော၊ နောက်ထပ်ဘာမှမဖြစ်တော့ဘူးလို့ အပြတ်ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ ပျက်တယ်ဆိုတာ မမြဲလို့ပျက်တာလို့ သိလိုက်တော့ စိတ်ဆိုတဲ့ ဝိညာဉ်လေးက မြဲသယောင်ယောင်ထင်နေတဲ့ မြဲတယ်လို့ယူဆတဲ့ သဿတဒိဋ္ဌိစင်တယ်။ ဖြစ်တဲ့အထဲမှာလည်း ငါမပါ၊ ပျက်တဲ့အထဲမှာလည်း ငါမပါတော့ သက္ကာယဒိဋ္ဌိစင်တယ်။ ဒါဟာ ဖြစ်ပျက်တစ်ချက်မြင်လိုက်တာနဲ့ ဒိဋ္ဌိသုံးမျိုး တစ်ပြိုင်နက်စင်သွားတာပဲ။ ထာဝရစင်သွားတာတော့ မဟုတ်သေးဘူး။ တဒင်္ဂအနေနဲ့ စင်နေတာ။ တဒင်္ဂစင်တဲ့နည်းသိရင် ထာဝရစင်ဖို့အတွက်လည်း ဒီနည်းကိုပဲ ဆက်လိုက်ရမှာပါ။ ဒီလို ရှုမှတ်လို့ ဒိဋ္ဌိစင်တာကို အပွားဉာဏ်နဲ့ ဒိဋ္ဌိစင်တယ်လို့ခေါ်တယ် (တီရဏပရိညာ)။ ဒိဋ္ဌိစင်ပုံ ကင်းပုံ ကွာပုံ ပြုတ်ပုံ သေပုံကို ပုံသေနည်းအဖြစ်မှတ်လိုက်- (အဖြစ်ကိုမြင် ဥစ္ဆေဒဒိဋ္ဌိစင်၊ အပျက်ကိုမြင် သဿတဒိဋ္ဌိစင်၊ ဖြစ်ပျက်မှာ ငါမထင် သက္ကာယဒိဋ္ဌိစင်)။ ဒေါက်တာ အရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး