သစ္စာနှစ်ခု
မူလနှစ်ဖြာ ဆိုတဲ့ ပထမအသွယ်ကို အသင့်အတင့် ရှင်းလင်းပြီးခဲ့ပါပြီ။ မူလနှစ်ဖြာဆိုတဲ့ ပထမအသွယ်ကို နားလည်မယ်ဆိုရင် သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အသိဉာဏ်နဲ့ပြုတ်တယ်ဆိုတာ လိုရင်းလောက်မှတ်ခဲ့ပြီး ဒုတိယအသွယ်ဖြစ်တဲ့ သစ္စာနှစ်ခု ကိုဆက်လေ့လာကြမယ်။
သစ္စာနှစ်ခုဆိုတာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာနှစ်ပါးပါ။ သစ္စာဟာ လေးပါးရှိသော်လည်း ဒီစက်ဝိုင်းမှာတော့ သတ္တဝါတွေဟာ ဝဋ်သစ္စာနှစ်ပါးနဲ့သာ သံသရာ ကျင်လည်နေကြရတာဖြစ်လို့ စက်ဝိုင်းထဲမှာ သစ္စာ နှစ်ပါးထဲသာ တွေ့ရတာဖြစ်ပါတယ်။ (အကွက် ၁ နဲ့ ၃ က သမုဒယသစ္စာ၊ ၂ နဲ့ ၄ က ဒုက္ခသစ္စာ) သံသရာလည်ရတဲ့ သစ္စာနှစ်ပါးပေါ့။ ဝိပဿနာတရားအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရတဲ့အခါကျမှ ဝိဝဋ္ဋသစ္စာနှစ်ပါးဖြစ်တဲ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာနှစ်ပါးကို ရမှာပါ။
ဒုက္ခသစ္စာကို ပိုင်းခြား၍သိရမှာဖြစ်ပြီး သမုဒယသစ္စာကိုတော့ ပယ်ရမှာဖြစ်ပါတယ်။ သံသရာလည်တဲ့သစ္စာနှစ်ပါးလုံးဟာ သိရမယ့်သစ္စာနဲ့ ပယ်ရမယ့်သစ္စာတွေသာဖြစ်တယ်။ ဒုက္ခသစ္စာက အကျိုးသစ္စာ၊ သမုဒယသစ္စာက အကြောင်း သစ္စာ။ ဒါကြောင့် သံသရာလည်တယ်ဆိုတာ အကြောင်းနဲ့ အကျိုးလှည့်နေတာ၊ သစ္စာနှစ်ပါးနဲ့ လှည့်နေတာလို့ သဘောပေါက်ထားရပါမယ်။ ဒုက္ခသစ္စာက လောင်စာ၊ ထင်းနဲ့ တူပြီး သမုဒယသစ္စာက မီးနဲ့တူတယ်။ လောင်စာနဲ့ မီးနဲ့တွေ့တဲ့အခါ မီးတောက်က ငြိမ်းမသွားဘဲ ပို၍သာ တောက်လောင်အားကောင်းလာသလို သမုဒယ မီးကို မပယ်နိုင်သရွေ့ ခန္ဓာလောင်စာတွေကလည်း ဒုက္ခမီးတွေ မငြိမ်းနိုင်အောင် ဆက်လက်တောက်လောင် နေမှာပါ။ ဒီအကြောင်း၊ အကျိုးနှစ်မျိုးလုံး ချုပ်ငြိမ်းသွားမှ နိရောဓသစ္စာပေါ်လာပါမယ်။ နိရောဓသစ္စာဟာ မျက်မှောက်ပြုရမယ့်သစ္စာပါပဲ။ နိဗ္ဗာန်လို့လည်း ခေါ်တယ်။ လောင်စာသိမ်းတော့ မီးလည်း ငြိမ်းသွားတဲ့သဘောပါပဲ။ ဒီလို အကြောင်းရော အကျိုးပါ နှစ်မျိုးလုံး ချုပ်ငြိမ်းအောင် ကျင့်တဲ့အကျင့်ကိုတော့ မဂ္ဂသစ္စာလို့ခေါ်တယ်။ မဂ္ဂသစ္စာကတော့ ပွားများရမယ့်သစ္စာပါ။ သစ္စာလေးပါးလုံးကို လှည့်ပြီး ကျင့်နေရမှာမျိုးမဟုတ်ပါဘူး။ ဒုက္ခသစ္စာတစ်မျိုးကို ပဋိဝေဓဉာဏ်နဲ့ ထိုးထွင်း၍ ပိုင်းပိုင်းခြားခြား ပိုင်ပိုင်နိုင်နိုင် ရှင်းရှင်းလင်းလင်း သိလိုက်ပြီဆိုရင် သမုဒယသစ္စာလည်း ပယ်ပြီးသား ဖြစ်သွားပါတယ်။ နိရောဓသစ္စာလည်း မျက်မှောက်ပြုပြီးသား ဖြစ်သွားပါတယ်။ မဂ္ဂသစ္စာလည်း ပွားမြားပြီးသား ဖြစ်သွားပါတယ်။ ဒီလို လေးချက်ကို တစ်ပြိုင်နက်ပြီးစီးစေဖို့ အဓိကကျတဲ့ သစ္စာကတော့ မဂ္ဂသစ္စာပါပဲ။ မဂ္ဂသစ္စာကို ပွါးများလိုက်ရင် ဒုက္ခကိုသိပါမယ်။ မပွားများရင် မသိပါဘူး။ ပွားလို့ သိရင် ပယ်ပြီးသားလည်းဖြစ်၊ ဆိုက်ရောက်ပြီး မျက်မှောက်ပြုပြီးသားလည်းဖြစ်သွားပါတယ်။ ဒါကြောင့် `သိ၊ ပယ်၊ ဆိုက်၊ ပွား၊ လေးပါးအချက်၊ တစ်ပြိုင်နက်၊ မဂ်၏ကိစ္စတည်း´လို့ လင်္ကာလေးနဲ့ မှတ်လိုက်ပါ။
ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်လို့ခေါ်တဲ့ ထူးသောဉာဏ်နဲ့ ပိုင်းခြားသိရမယ့်တရားဆိုတာ ခန္ဓာငါးပါးပါ။ ဒုက္ခသစ္စာဆိုတာလည်း ဒီခန္ဓာငါးပါးပဲ။ ဥပါဒါနက္ခန္ဓာလို့လည်း ခေါ်ပါတယ်။ လောကီခန္ဓာကိုပြောတာ၊ ဝိပဿနာရှုလို့ရတဲ့ခန္ဓာကို ပြောတာ။ အဓိပ္ပါယ်အားဖြင့် တဏှာဒိဋ္ဌိတို့နဲ့ ငါ၊ ငါ့ဥစ္စာလို့ စွဲလမ်းလို့ရတဲ့ ခန္ဓာငါးပါးဖြစ်လို့ ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ ဝိပဿနာရှုတယ်ဆိုတာ ဒီခန္ဓာငါးပါးကို လွှတ်လို့မရဘူး။ ကိုယ့်ခန္ဓာငါးပါးမှာပဲ ကိုယ့် အရှုခံတွေရှိနေတာ။ ဒါပေမယ့် အတုံးအခဲ ခန္ဓာငါးပါးကို ရှုရမှာမဟုတ်ဘူး။ သဘောခန္ဓာကိုသာ ရှုရမှာပါ။ ထူးသောဉာဏ်နဲ့ ပယ်ရမယ့်တရားက အဝိဇ္ဇာနဲ့ ဘဝတဏှာ။ သမုဒယသစ္စာပါပဲ။ ထူးသောဉာဏ်နဲ့ မျက်မှောက်ပြုရမယ့်တရားက ဝိဇ္ဇာနဲ့ ဝိမုတ္တိဖြစ်တယ်။ နိရောဓသစ္စာလို့ခေါ်တဲ့ နိဗ္ဗာန်ကိုပြောတာ။ ထူးသောဉာဏ်နဲ့ ပွားများရမယ့်တရားက သမထနဲ့ ဝိပဿနာ၊ အထူးသဖြင့် မဂ္ဂသစ္စာလို့မှတ်လိုက်။
အတိတ်က သမုဒယသစ္စာနဲ့ ကြိုးစားခဲ့လို့ ယခုဘ၀ ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီးရထားတာလို့ သိမြင်သဘောပေါက်လာတဲ့အခါ သိကြားဗြဟ္မာ ဘုရားလာဖန်ဆင်းလို့ ဒီခန္ဓာ ရလာတာလားဆိုတဲ့ သံသယဝိစိကိစ္ဆာ သေတယ်။ ယခုရထားတဲ့ လက်ရှိခန္ဓာငါးပါးကြီးဟာလည်း လူတွေ နတ်တွေ ယောက်ျားတွေ မိန်းမတွေမဟုတ်၊ ဒုက္ခသစ္စာအစုအပုံကြီးရထားတာပဲလို့ သိနားလည်လိုက်တော့ ဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် သစ္စာနှစ်ခုဆိုတဲ့အသွယ်ကို သိနားလည်ခြင်းဖြင့် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ အသိနဲ့ စင်ကြယ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.