Friday, February 18, 2011

ဝိပဿနာ ဘာကြောင့်လုပ်

ဘာကြောင့် ၀ိပဿနာလုပ်နေကြတာလဲဆိုတာ သိဖို့ စက်ဝိုင်းကို မူတည်ပြီး ရှင်းပေးပါမယ်။ ဒီတော့ ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးဟာ ကိုယ့်ခန္ဓာ့ဖြစ်စဉ်ကြီးပဲ၊ သံသရာက ဒီအတိုင်းလည်နေတာပဲလို့ နားလည်ရမယ်။ မသိမှုနဲ့သာ ဒီလိုလည်နေမယ်ဆိုရင် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်၊ ဒုက္ခကြောင့် သမုဒယတွေပွား၊ သမုဒယတွေက ဒုက္ခတွေ ပြန်ဖြစ်နဲ့ သမုဒယ၊ ဒုက္ခပဲလှည့်နေမယ်။ မဂ္ဂသစ္စာဝင်ခွင့်ကိုမရဘူး။ ဘယ်လိုကြောင့် လည်နေတယ်၊ ဘယ်လိုဖြတ်မှပြတ်မယ်ဆိုတာ သိဖို့ အကူအညီအနေနဲ့ စက်ဝိုင်းကြီးက ပြနေတာ။ ယခုလက်ရှိဘ၀ဟာ (၂)အကွက်မှာ။ (၂)အကွက်ထဲနေပြီး သမုဒယသစ္စာထပ်ပွားသလား၊ မဂ္ဂသစ္စာပွားသလားဆိုတာ ကိုယ့်ဟာကိုယ် သိရမယ်။ သမုဒယပွားလို့ရှိရင်တော့ တတိယအကွက်ရောက်ပြီ။ စတုတ္ထအကွက် ဒုက္ခသစ္စာကြီးနဲ့ ပက်ပင်းတိုးရတော့မယ်။ အတိတ်က မကောင်းခဲ့လို့ ပစ္စုပ္ပန် ဒုက္ခသစ္စာကြီးရထားတာ၊ ဒီဒုက္ခသစ္စာထဲက သမုဒယသစ္စာ အသီးအပွင့်တွေ ထပ်သီးပွင့်ဦးမယ်ဆိုရင် နောက်ဘ၀ ဒုက္ခသစ္စာကြီးနဲ့ ရင်ဆိုင်ရဦးမယ်ဆိုတာ စက်ဝိုင်းက ပြနေတယ်။

ဒါကြောင့် သတ္တ၀ါအစ အ၀ိဇ္ဇာ၊ တဏှာ က လို့မှတ်လိုက်ပါ။ ဘယ်သူဖန်ဆင်းလိုက်လို့ ဒီခန္ဓာကြီးရလာပါလိမ့်မလဲလို့ တွေးမနေနဲ့တော့။ အတိတ်က သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်တယ်။ ကိုယ့်ဘ၀လေးကိုယ် နှစ်သက်တဲ့တဏှာကြောင့် နောက်ဘ၀ကိုလဲ နှစ်သက်လာပြန်တယ်။ ဒီလိုနှစ်သက်တဲ့တဏှာကြောင့် အနာဂတ် ခန္ဓာဖြစ်တယ်။ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ဘ၀ ဖြစ်ရတယ်။ အတိတ်အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာဖြစ်၊ ပစ္စုပ္ပန်တဏှာကြောင့် အနာဂတ်ခန္ဓာဖြစ်တယ်လို့ နားလည်ရမယ်။ ဒါဖြင့် ပစ္စုပ္ပန်ခန္ဓာဖြစ်ကြောင်းမှာ အ၀ိဇ္ဇာဦးစီးတယ်၊ အနာဂတ်ခန္ဓာဖြစ်ကြောင်းမှာ တဏှာဦးစီးတယ်။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ တဏှာဆိုပြီး အလယ်မှာ ပြထားတယ်။ အတိတ်အကြောင်းအခြင်းအရာငါးပါးမှာ အ၀ိဇ္ဇာက စ တယ်။ သစ္စာလေးပါးမသိတဲ့ အ၀ိဇ္ဇာကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးဆိုတဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ်။ ဒါ အခုရထားတဲ့ ခန္ဓာငါးပါးပဲ။ အတိတ်က ဘယ်သူခေါင်းဆောင်ခဲ့လို့ ဒီခန္ဓာငါးပါး ရလာတာလဲဆိုတော့ အ၀ိဇ္ဇာ ခေါင်းဆောင်ခဲ့တာ။ ဒါဖြင့် အကွက်(၁)မှာ အ၀ိဇ္ဇာခေါင်းဆောင်တဲ့တရားငါးပါးကို လွန်လေပြီးသော အတိတ်ကာလလို့ပြောထားတာ သဘောလောက်လောက်ပြီ။ အလွှာအားဖြင့် အတိတ်အကြောင်းတစ်လွှာ၊ သမုဒယသစ္စာ။

အဲဒီအ၀ိဇ္ဇာကြောင့်ပဲ အခုလက်ရှိဘ၀ ခန္ဓာငါးပါးရထားတယ်။ ဒုက္ခသစ္စာကြီးရထားတာပဲ။ အတိတ်က အ၀ိဇ္ဇာခေါင်းဆောင်ပြီးတော့ လှူခဲ့ တန်းခဲ့ ပေးခဲ့ ကမ်းခဲ့တဲ့ကုသိုလ်တွေဟာ အ၀ိဇ္ဇာခေါင်းဆောင်မှတော့ သမုဒယခေါင်းဆောင်တယ်ဆိုတာ သေချာနေပြီ။ သမုဒယသစ္စာခေါင်းဆောင်ခြင်းကြောင့် ယခုဘ၀ ဒုက္ခသစ္စာခန္ဓာငါးပါး ရလာတယ်။ ဒီဒုက္ခသစ္စာ ဘယ်ကာလမှာလဲဆိုတာ သိအောင်လို့ ပစ္စုပ္ပန်အကျိုးတစ်လွှာ၊ အကွက်(၂)မှာ။ ဒီခန္ဓာငါးပါး ဘာကြောင့်ရလာတာလဲဆိုတော့ ဘယ်သူဖန်ဆင်းလို့ ရလာတာမှ မဟုတ်ဘူး၊ အတိတ်က အ၀ိဇ္ဇာကြောင့် ရတယ်လို့ နားလည်ရမယ်။ ဒါကြောင့် အ၀ိဇ္ဇာသည် ပစ္စုပ္ပန်ခန္ဓာငါးပါး၏ ရေသောက်မြစ်၊ မူလ။

အကွက်(၃)ကြည့်လိုက်ပြန်တော့ ပစ္စုပ္ပန်တဏှာ။ အဲဒီတဏှာကြောင့် (၄)နံပါတ် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ပေါ်လာတယ်။ အနာဂတ်အကျိုးအခြင်းအရာ ငါးပါး၊ အနာဂတ်အကျိုးတရားငါးပါးလို့လဲ ခေါ်တယ်။ ဒါဖြင့် အနာဂတ်ခန္ဓာဖြစ်ကြောင်းက တဏှာခေါင်းဆောင်။ ပစ္စုပ္ပန်ခန္ဓာဖြစ်ကြောင်းက အ၀ိဇ္ဇာခေါင်းဆောင်။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ တဏှာကို စက်ဝိုင်းရဲ့ဗဟိုမှာထားတာ။ ခန္ဓာရဖို့အတွက် ရေသောက်မြစ်ပဲ။ အ၀ိဇ္ဇာ တဏှာမချုပ်သရွေ့ ရေသောက်မြစ်မပြတ်ဘူး။ မပြတ်လို့ရှိရင် ပစ္စုပ္ပန်ခန္ဓာ အနာဂတ်ခန္ဓာ ဒုက္ခသစ္စာတွေ ပေါ်နေဦးမှာပဲ။ ဒီဒုက္ခတွေ ချုပ်ငြိမ်းဖို့အတွက် အကျိုးသတ်လို့တော့ မဖြစ်ဘူး၊ အကြောင်းသတ်မှပဲ ဖြစ်မယ်။ ပစ္စုပ္ပန်ခန္ဓာမှာ အ၀ိဇ္ဇာက အကြောင်း၊ ခန္ဓာက အကျိုး။ ပစ္စပ္ပန်ခန္ဓာမှာပေါက်ပွားလာတဲ့ ဘ၀ကိုခင်တွယ်တဲ့တဏှာက ပစ္စုပ္ပန်အကြောင်း၊ အနာဂတ် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ- ခန္ဓာငါးပါးက အကျိုး။ အနာဂတ်ခန္ဓာရခြင်းရဲ့ရေသောက်မြစ်ဟာ တဏှာလို့မှတ်လိုက်။ ဟောဒီ အ၀ိဇ္ဇာနဲ့ တဏှာချုပ်အောင်လို့ ၀ိပဿနာလုပ်ကြရတာ။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.