အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး (၂)

မနေ့က ပြောခဲ့တဲ့ သင်္ခါရဒုက္ခအမြင်လေးဟာ မဂ်ရဲ့ရှေ့ပြေးအမြင် (ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ)တဲ့။ လောကုတ္တရာမဂ် ကပ်နေတဲ့ အမြင်။ ဒီအမြင်ရပြီး သေရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး နတ်ပြည်ရောက်မှန်းမသိခင် မဂ်ကအရင်ပေါ်မယ်။ ဘုရားပွင့်မယ်ဆိုရင်လည်း ဒီအမြင်ရှိပြီးသာပုဂ္ဂိုလ်ဟာ ဘုရားဉာဏ်ထဲ ထင်လာမယ်။ ဒါကြောင့် သင်္ခါရဒုက္ခမြင်အောင် ကြည့်ဖို့ အရေးကြီးပါတယ်။ သင်္ခါရဒုက္ခမြင်ရင် ဘုရားပွင့်ချိန်နဲ့ကြုံရင်လည်း အရင်အချွတ်ခံရမယ်။ ဘုရားမရှိတဲ့ သာသနာတွင်းရောက်နေရင်လည်း သင်္ခါရဒုက္ခကနေ ဆက်အားထုတ်တော့ သင်္ခါရဒုက္ခမြင်တဲ့ မဂ်ပြီးတော့ နိဗ္ဗာန်မြင်တဲ့ မဂ်လာတာပဲ။ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးတော့ နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ သမ္မာဒိဋ္ဌိနဲ့ မဂ်ဟာ အတူတူပဲ။ သင်္ခါရဒုက္ခမြင်တဲ့ဉာဏ်သည် နောက်လာမယ့်ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ်။ ဒါကြောင့် သင်္ခါရဒုက္ခကို တစ်ချက်မြင်မြင် နှစ်ချင်မြင်မြင် များများမြင်လေ ကောင်းလေပဲ။ မြင်အောင်သာလုပ်ပါ။ များများမြင်နေပြီဆိုရင်တော့ လောကုတ္တရာမဂ်လာတော့မလို့သာ မှတ်ပေတော့။ သင်္ခါရဒုက္ခမြင်တဲ့သမ္မာဒိဋ္ဌိသည် လောကုတ္တရာမဂ်၏ ရှေ့ပြေးသမ္မာဒိဋ္ဌိ။ ဒါဖြင့် သင်္ခါရဒုက္ခတွေ ဟိုနေရာမှာဖြစ်လိုက် ပျက်လိုက်၊ ဒီနေရာမှာ ဖြစ်လိုက်ပျက်လိုက်၊ ဝေဒနာရှုလည်း ဖြစ်ပျက်ပဲတွေ့၊ စိတ်ရှုလည်း ဖြစ်ပျက်ပဲတွေ့ သင်္ခါရဒုက္ခတွေ တွေ့ရဖန် များလှပါပြီလို့ ကိုယ်ရှုတဲ့ ဉာဏ်ထဲမှာ ထင်လာရင်တော့ သင်္ခါရဒုက္ခပြီးလို့ ရှိရင် အသင်္ခါတသုခ ကူးတော့မယ်။ ဒါဖြင့် သင်္ခါရဒုက္ခ ဆုံးအောင်လိုက်၊ သင်္ခါရဒုက္ခတွေ့သမျှ သင်္ခါရဒုက္ခပဲ ဆိုချင်ဆို ဖြစ်ပျက်ပဲဆိုချင်ဆို ဒီလိုရှုသွားလို့ရှိရင် သင်္ခါရဒုက္ခဆုံးသွားလိမ့်မယ်။ သင်္ခါရဒုက္ခဆုံးသွားလို့ရှိရင် ရှေ့ပြေးသမ္မာဒိဋ္ဌိကိစ္စ ကုန်ပြီ။ သူလည်း ကုန်ရော မဂ်သမ္မာဒိဋ္ဌိလာတာပဲ။ မဂ်သမ္မာဒိဋ္ဌိက အသင်္ခတသုခနဲ့ သွားတွေ့တယ်။ အသင်္ခတဆိုတာ နိဗ္ဗာန်၊ ဘယ်သူမှမပြုပြင်ဘူး။ သုခဆိုတာ ချမ်းသာတာ။ သင်္ခါရဒုက္ခကို ရှာဖြစ်အောင် ရှာမှသာလျှင် သင်္ခါရဒုက္ခမြင်တဲ့ ဝိပဿာနာမဂ်လာပြီး အသင်္ခတသုခမြင်တဲ့ လောကုတ္တရာမဂ် လာလိမ့်မယ်လို့ မှတ်ရမယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ သင်္ခါရဒုက္ခတွေ့ရင် အနီးလေးပဲ၊ မဂ်ဉာဏ်ရဖို့လည်း အနီးလေးပဲလို့သာ မှတ်လိုက်ပါ။ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးလို့ရှိရင် အသင်္ခတသုခဆိုတဲ့ နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ သင်္ခါရဒုက္ခမတွေ့သေးရင်တော့ ဘယ်လိုပင် ဆုတောင်းနေသော်လည်း နိဗ္ဗာန်နဲ့ကတော့ ဝေးနေဆဲပါပဲ။ သင်္ခါရဒုက္ခတွေ့မှသာလျှင် အသင်္ခတသုခကူးမှာဖြစ်တယ်။ သင်္ခါရဒုက္ခမြင်တာက ဝိပဿနာ၊ အသင်္ခတသုခမြင်တာက မဂ်ဉာဏ်။ ဝိပဿနာဉာဏ်နဲ့ လောကုတ္တရာမဂ်ဉာဏ် အကူးအဆက်ပြတာပဲ။ သင်္ခါရဒုက္ခများများတွေ့ပြီဆိုရင်တော့ အပါယ်တံခါးပိတ်တော့မယ်၊ သောတာပန်တည်တော့မယ်လို့သာ မှတ်ပေတော့။ ဘာကြောင့်လဲဆိုရင် ပုရေစာရိကာ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ ဆိုပြီး သမ္မာဒိဋ္ဌိနှစ်မျိုးပြတယ်။ ပုရေစာရိကာ သမ္မာဒိဋ္ဌိ ဆိုတာ ရှေးဦးစွာကျင့်ရမယ့် သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိဆိုတာ ရှေ့ပိုင်းက ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ ကျင့်ပြီးမှ ပေါ်လာမယ့်သမ္မာဒိဋ္ဌိ။ ရှေ့ပြေးသမ္မာဒိဋ္ဌိဆုံးတဲ့အခါကျရင် သောတာပတ္တိမဂ် သမ္မာဒိဋ္ဌိ။ သောတာပတ္တိမဂ်ဟာ သမ္မာဒိဋ္ဌိပဲ။ မဂ်လို့ခေါ်ခေါ် သမ္မာဒိဋ္ဌိလို့ ခေါ်ခေါ် အတူတူပဲ။ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးရင် မဂ်သမ္မာဒိဋ္ဌိလာတယ်လို့သာ မှတ်ထားလိုက်။ ကိုယ့်သန္တာန်မှာ ဖြစ်ပျက်ဟာ သင်္ခါရဒုက္ခပဲ။ အဲဒါမြင်အောင်ကြည့်လို့ရှိရင် ရှေ့ပြေးသမ္မာဒိဋ္ဌိ သေချာပြီ။ နောက်က လောကုတ္တရာမဂ်သမ္မာဒိဋ္ဌိ လိုက်ရုံပဲရှိတော့တယ်။ အော် နိဗ္ဗာန်ဟာ အနီးလေးပါလားဆိုတာ ကိုယ်တိုင်လုပ်ကြည့်ရင် ကိုယ့်ဉာဏ်က ပြောပါလိမ့်မယ်။ တစ်ချို့က ငါက ဉာဏ်လေးတယ်၊ ရမှာမဟုတ်ဘူးတဲ့။ ဉာဏ်ဘယ်လောက်လေးလေး ယားတာလေးတော့ သိနိုင်ပါတယ်။ နာတာလေး ဝမ်းသာတာလေးလောက်တော့ သိနိုင်ပါတယ်။ ဝမ်းသာတာလေးဟာလည်း ဝမ်းသာပြီး ပျောက်သွားတာပဲ။ နောက်ကနေ ဉာဏ်နဲ့စောင့်ကြည့်လိုက်လို့ရှိရင် ဝမ်းသာတဲ့ သောမနဿဝေဒနာလေးဟာလည်း ဖြစ်ပြီး ပျက်သွားတာပဲ။ ဝမ်းသာလည်း နောက်က သမ္မာဒိဋ္ဌိလိုက်ပေး၊ ဝမ်းနဲလည်း လိုက်ပေး။ ဝမ်းသာလည်း သမ္မာဒိဋ္ဌိလိုက်ဆိုတာ သောမနဿဝေဒနာ ဖြစ်ပျက်မြင်အောင် ကြည့်လို့ပြောတာ။ ဝမ်းနဲလည်း သမ္မာဒိဋ္ဌိလိုက်ဆိုတာ ဒေါမနဿဝေဒနာ ဖြစ်ပျက်မြင်အောင် ကြည့်ခိုင်းတာ။ ကြည့်လိုက်တော့ ဒေါမနဿဝေဒနာမတွေ့တော့ဘဲ ဖြစ်ပျက်ပဲတွေ့ရတော့တယ်။ အဲဒါ သင်္ခါရဒုက္ခတွေ့တာပဲ။ ဝမ်းသာတာ ဝမ်းနဲတာလောက်တော့ သိကြပါတယ်။ ဝမ်းသာတာပေါ်ရင် ရှိသေးလား မရှိတော့ဘူးလားကြည့်လိုက်။ ကြည့်တော့ မရှိတာတွေ့တယ်။ တွေ့တော့ သင်္ခါရဒုက္ခလေး ပျက်စီးသွားတာ ကိုယ်တွေ့ဖြစ်လာတာပဲ။ ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိတဲ့။ ပရေစာရိကာ ဝိပဿနာ သမ္မာဒိဋ္ဌိ ရှေ့ပြေးသမ္မာဒိဋ္ဌိက သင်္ခါရတရားတွေကို သုံးသပ်တာပဲ (ဝိပဿနာသမ္မာဒိဋ္ဌိ တေဘူမကသင်္ခါရေ အနိစ္စာဒိဝသေန ပရိဝီမံသတိ)။ သုံးသပ်တယ်ဆိုတာ စာလိုပြောတာ။ ကိုယ့်သန္တာန်မှာပေါ်တဲ့ သင်္ခါရဒုက္ခကို ဖြစ်ပျက်မြင်တာပဲ။ ဒါဖြင့် ဖြစ်ပျက်မြင်ပြီးရင် လောကုတ္တရာမဂ်သမ္မာဒိဋ္ဌိ လိုက်လိမ့်မယ်။ သင်္ခါရဒုက္ခအားထုတ်တဲ့ပုဂ္ဂိုလ်သည် သင်္ခါရဒုက္ခ မမြင်ဘဲ ဖြစ်သွားလိမ့်မယ်တဲ့။ အားထုတ်နေရင်းနဲ့ မမြင်ဘဲ ဖြစ်သွားလိမ့်မယ်။ မမြင်တာက အဝိဇ္ဇာဝင်တာမဟုတ်ဘူး၊ ရှုရင်းနဲ့ပျောက်သွားတာ။ ရှုရင်းနဲ့ ပျောက်သွားတော့ သင်္ခါရဒုက္ခဆုံးသွားတယ် (မဂ္ဂသမ္မာဒိဋ္ဌိ ပန ပရိဝီမံသနပရိယောသာနေ)။ ဆုံးသွားတော့ မဂ္ဂသမ္မာဒိဋ္ဌိလာတယ်။ ဒီမှာ သောတာပန်တည်တာာ။ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးလို့ရှိရင် အခြားမရှိဘဲ မဂ်သမ္မာဒိဋ္ဌိ တစ်ခါတည်းလာတယ်။ သင်္ခါရဒုက္ခဆုံတဲ့အချိန် မဂ်သမ္မာဒိဋ္ဌိပေါ်တယ်။ ရှင်းအောင်ပြောရရင် ဖြစ်ပျက်ဆုံးသွားရင် မဂ်ဉာဏ်ပေါ်တာပဲ။ ဒေါက်တာအရှင်ပါရမီ See also: http://myakyunthar.blogspot.com/?m=1

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး