အပေါင်းအသင်း မှန်ပါစေ
ကုသိုလ်သည် ဒုက္ခရောက်တဲ့ကုသိုလ်နဲ့ ဒုက္ခလွတ်တဲ့ကုသိုလ် သို့မဟုတ် နိဗ္ဗာန်ရောက်တဲ့ ကုသိုလ်နဲ့ နိဗ္ဗာန်မရောက်တဲ့ ကုသိုလ်လို့ နှစ်မျိုးရှိတယ်။ အကုသိုလ်ကလည်း အပါယ်ရောက်တဲ့ အကုသိုလ်နဲ့ အပါယ်မရောက်တဲ့ အကုသိုလ်ဆိုပြီး နှစ်မျိုးရှိတယ်လို့ ရှေးဦးစွာ မှတ်ထားလိုက်။
ဒီလို ကုသိုလ်တွေက ဒုက္ခရောက်စေနိုင်သလို နိဗ္ဗာန်ထိအောင်လည်း ရောက်စေနိုင်တာ၊ အကုသိုလ်တွေကလည်း အပါယ်ရောက်စေနိုင်သလို အကုသိုလ်ကို အသုံးချတတ်ရင်လည်း အပါယ်မရောက်ဘဲ ဖြစ်ရတာဟာ အပေါင်းအသင်းလွဲတာနဲ့ မှန်တာအပေါ်မူတည်နေတယ်တဲ့။ အပေါင်းအသင်းဆိုတာက လူ လူချင်းပေါင်းသင်းတာကို မဆိုလိုဘူး၊ သဒ္ဓါတရားနဲ့ ပေါင်းသင်းတာကို ဆိုလိုတယ် (သဒ္ဓါ ဒုတိယာ ပုရိသဿ ဟောတိ)။ သဒ္ဓါသည် ပေးကမ်းတာကို ပြောတာမဟုတ်ဘူး။ ဘုရား တရား သံဃာအပေါ်၌ ယုံကြည်မှုကို ဆိုလိုတာ။
သဒ္ဓါတရားနဲ့ပေါင်းတော့ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးဟာ အကုန်သိတယ်ဆိုတာ ယုံကြည်တယ်။ သူဟောတဲ့တရားတွေဟာ ချမ်းသာသုံးမျိုးကို ပေးနိုင်တယ်၊ ကျင့်ကြံရင် ချမ်းသာသုံးမျိုးရလိမ့်မယ်လို့ ယုံကြည်တယ်။ ဘုရားအပေါ်၌ ယုံကြည်မှု၊ သဗ္ဗညုတဉာဏ်အပေါ်၌ ယုံကြည်မှု၊ တရားအပေါ်၌ ယုံကြည်မှု၊ အရိယာသံဃာတွေ အပေါ်၌ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားနဲ့ ပေါင်းထားရမယ်။ ဘုရားအပေါ်၌ မတုန်မလှုပ် ယုံကြည်လို့ရှိရင် အပါယ်သွားတဲ့ တရား အကုန်ပယ်တယ်။ လောဘတော့ ကျန်ရစ်တယ်၊ အပါယ်သွားမယ့်လောဘတော့ ကုန်တယ်။ သဒ္ဓါတရားနဲ့ ပေါင်းပြီးတော့ ပညာနဲ့ တစ်ခါ ပေါင်းပါဦး (ပညာစေနံ ပသာသတိ)။ ပညာနဲ့ ပေါင်းပြီး ခန္ဓာကိုယ်ကို ကြည့်ပါတဲ့။
ခန္ဓာငါးပါးသာရှိတယ်၊ ဖြစ်ပျက်မှတစ်ပါး အခြားမရှိလို့ ဘုရားကဟောထားတာကို သဒ္ဓါနဲ့ ယုံကြည်လိုက်ပါ။ ဝေဒနာကြည့်လည်း ဖြစ်ပျက်ပဲ၊ သညာကြည့်လည်း ဖြစ်ပျက်ပဲ ရှိတယ်ဆိုတာ သဒ္ဓါတရားနဲ့ ယုံကြည်ထားလိုက်ပါ။ ယုံကြည်ပြီး ပညာကို အဖော်လုပ်လိုက်ပါ။ အဖော်လုပ်လိုက်တဲ့အခါကျတော့ နဂိုက ယုံကြည်ထားတဲ့သဒ္ဓါတရားကလည်း ထက်သန်၊ ပညာနဲ့ ကြည့်လိုက်တော့ ခန္ဓာရဲ့ အဖြစ်အပျက်ကိုလည်း တွေ့ရပြန်တယ်။ ဖြစ်ပျက်ပဲရှိတယ်လို့ ယုံကြည်ထားတဲ့အတိုင်း ပညာနဲ့ ကြည့်လိုက်တော့ အရှိတရား ဖြစ်ပျက်ပဲ တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီနှစ်ယောက်နဲ့ ပေါင်းပါတဲ့။ သဒ္ဓါတရားကတော့ ယုံတတ်တာပဲ ပါတယ်၊ မြင်တတ်တာမပါဘူး။ သဒ္ဓါက ဘုရားဟောထားတဲ့အတိုင်း ခန္ဓာငါးပါးထဲမှာ ဖြစ်ပျက်ပဲရှိတယ်လို့ ယုံကြည်တယ်။ ပညာက တကယ်အရှိ ဖြစ်ပျက်ကို မြင်အောင်ကြည့်တယ်။ သဒ္ဓါနဲ့ ယုံ၊ ပညာနဲ့ ကြည့်ပေးပါ။ ဒီ သဒ္ဓါ၊ ပညာနှစ်ခုပေါင်းမိလို့ရှိရင် နိဗ္ဗာန်မြင်ပါလိမ့်မယ် (နိဗ္ဗာနာဘိရတော မစ္စော) - နိဗ္ဗာန်၌ မွေ့လျော်တဲ့ပုဂ္ဂိုလ်ဖြစ်လာမယ်တဲ့။ သဒ္ဓါ ပညာနဲ့ ပေါင်းလိုက်တော့ နိဗ္ဗာန် မြင်လာတယ်။ နိဗ္ဗာန်မြင်လာတော့ အပါယ်ဒုက္ခသာမက ဒုက္ခမှန်သမျှ အကုန်လွတ်ပါတယ် (သဗ္ဗဒုက္ခာ ပမုစ္စတိ)။
သဒ္ဓါတရား လက်ကိုင်ထားပြီး ပညာကို အဖော်လုပ်။ ဘုရားဟောတဲ့အတိုင်း သဒ္ဓါတရားက ခန္ဓာငါးပါးရှိတယ်၊ ခန္ဓာမှာ အနိစ္စ၊ ဖြစ်ပျက်မှတစ်ပါး အခြားမရှိဘူးလို့ ယုံကြည်ထားလိုက်။ မတုန်မလှုပ်ယုံကြည်ပြီး ယုံကြည်ထားတဲ့အတိုင်း ပညာကို အဖော်လုပ်လိုက်တော့ အရှိကို သိရတယ်။ အရှိကို သိတော့ ဖြစ်ပျက်မြင်တာပဲ။ မြင်တဲ့အခါမှာ ပဋိစ္စသမုပ္ပါဒ် ကိုယ်တွေ့ဖြစ်ပြီ။ လောဘလေးတွေ့တော့ လောဘဟာ သင်္ခါရက္ခန္ဓာပဲ လို့ သဒ္ဓါက ယုံကြည်တယ်။ သင်္ခါရက္ခန္ဓာဆိုတာ ခန္ဓာငါးပါးထဲမှာ ပါဝင်တယ်။ ကိုယ့်သန္တာန်မှာ တစ်ခုခုလိုချင်တဲ့အခါကျတော့ လိုချင်မှုလောဘလေးပေါ်လာရင် သင်္ခါရက္ခန္ဓာလေး ပေါ်လာတယ်လို့ ယုံကြည်ထားလိုက်ပေါ့။ ယုံကြည်တဲ့အတိုင်း ပညာနဲ့ပေါင်းပြီး ပေါ်လာတဲ့ လောဘကို ကြည့်လိုက်တော့ လောဘပေါ်တာကို သိလာတယ်။ ဒီလိုသိတာဟာ လောဘလေး ဖြစ်တုန်းသိတာမဟုတ်ဘူး၊ ချုပ်ပြီးမှ သိတာ။ ဒီလိုသိလိုက်တော့ ဖြစ်ပျက်နဲ့ မဂ်ကိုက်သွားတယ်။ တကယ်တော့ လောဘလေးက နှိပ်စက်ဖို့ ပေါ်လာတာပဲ။ ဒါပေမဲ့ လောဘလို့ မယူတော့ဘူး။ နာမည်သာလောဘ၊ ကြည့်လိုက်တော့ ဖြစ်ပျက် အနိစ္စပဲ။ ကိုယ်တိုင်ကြည့်လိုက်လို့ အနိစ္စဖြစ်သွားတော့ အနိစ္စက အပါယ်မပို့တော့ဘူး။ ဒီအတိုင်းထားလိုက်ရင်တော့ လောဘက လောဘပဲ ဖြစ်ပြီး အပါယ်ပို့ပါလိမ့်မယ်။ လောဘလို့ မယူတော့ဘဲ ဖြစ်ပျက်ပဲလို့ ယူလိုက်တော့ လောကဟာ ကြောက်စရာမဟုတ်တော့ဘူး။
ကိုယ့်သန္တာန်မှာ လောဘပေါ်တယ်၊ တဏှာပေါ်တယ်၊ ဥပါဒါန်ပေါ်တယ်၊ ကံပေါ်တယ်ဆိုတာ အကြောင်းတိုက်ဆိုင်လို့ ပေါ်တာပဲလို့ ယုံကြည်ထားလိုက်။ ယုံကြည်တဲ့အတိုင်း ကြည့်လိုက်တဲ့အခါ ပေါ်ရင် ပေါ်မှန်းသိတယ်။ ရှိတာ ပေါ်တာပဲလို့ ယုံကြည်ထားလိုက်ပေါ့။ ပေါ်လာတဲ့လောဘကို ပညာနဲ့ပေါင်းပြီး ပညာနဲ့ ကြည့်လိုက်တော့ ပညာပေါ်တဲ့အချိန် လောဘမရှိတော့ဘူး။ မရှိတော့ မရှိတာနဲ့ ပညာနဲ့ သွားတွေ့တယ်။ မရှိတာက အနိစ္စ၊ ပညာက မဂ္ဂ။ ဒါဖြင့် ဒီလောဘ အပါယ်မပို့တော့နိုင်တော့ဘူး။ ပညာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ လောဘအနေနဲ့ မမြင်တော့ဘဲ အနိစ္စအနေနဲ့ပဲ မြင်တွေ့ရတယ်။ ဘုရားကလည်း ဒါကို သိအောင်လုပ်ဖို့ ဟောထားတယ် (သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ)။ သိအောင်လုပ်တော့ ပညာပေါ်တဲ့အချိန်မှာ လောဘစိတ်လို့ မသိဘဲ အနိစ္စပဲ သိတယ်။ ဒီလိုသိတဲ့ အနိစ္စကဖြင့် အပါယ်မပို့ဘူးဆိုတာ ဆုံးဖြတ်ချက်ချလိုက်ပါ။ လောဘသက်သက် ဖြစ်ခဲ့သော် အပါယ်ပို့မယ်၊ လောဘကို အနိစ္စအဖြစ်နဲ့ မြင်ခဲ့သော် အပါယ်မပို့ဘူး။ သဒ္ဓါ ပညာနှစ်ခုပေါင်းလိုက်တော့ လောဘဟာ အပါယ်ပို့မယ့်လောဘ မဟုတ်တော့ဘဲ နိဗ္ဗာန်ပို့မယ့် လောဘဖြစ်သွားတယ်။
ဒီတော့ သဒ္ဓါ ပညာနဲ့ မပေါင်းမိဘဲ အပေါင်းအသင်း လွဲနေလို့သာလျှင် လောဘတဏှာက ဥပါဒါန် ကျေးဇူးပြု၊ ဥပါဒါန်က ကံကိုကျေးဇူးပြု၊ ကံကကျေးဇူးပြုလိုက်တော့ ကမ္မဘဝပစ္စယာ ဇာတိဆိုပြီး အပါယ်ဇာတိကြီး ပေါ်လာတယ်။ အခုလို သဒ္ဓါ ပညာနဲ့ ပေါင်းလိုက်တော့ အပေါင်းအသင်းမှန်တဲ့အတွက် အပါယ်ပို့မယ့် လောဘဆိုတဲ့ ရန်သူက မိတ်ဆွေ ဖြစ်ပြီး နိဗ္ဗာန်ရောက်အောင် ပို့ဖို့ ဆောင်ရွက်သွားတယ်။ ဒါဖြင့် လောဘတိုင်း ကြောက်စရာမလိုဘူး၊ လောဘဆိုတာ အကုသိုလ်ပဲ၊ အကုသိုလ်တိုင်း ကြောက်စရာမလိုဘူးဆိုတဲ့ အဖြေထွက်လာတယ်။ လောဘကို လောဘအတိုင်း ထားလိုက်ရင်တော့ ကြောက်စရာပါပဲ။ လောဘကို ပညာနဲ့ပေါင်းပြီး ကြည့်လိုက်ရင်ဖြင့် ကြောက်စရာမဟုတ်တော့ဘဲ အကျိုးဆောင်ရွက်သွားပါလိမ့်မယ်။ နိဗ္ဗာန်ရဖို့ မဂ် ပေါ်ပေးပါလိမ့်မယ်။ ဒါဖြင့် လောဘကို လောဘအတိုင်း မထားနဲ့။ ဖြစ်ပျက် မဂ်ကိုက်အောင်လုပ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.