ဉာဏ်စဉ်ဆိုတာ ဉာဏ်အမြင်ပြောင်းတာ
ဘာကြောင့် နိဗ္ဗာန်မပေါ်သေးတာပါလိမ့်မလဲဆိုရင် ပွတ်တာ နှေးနေသေးလို့။ ဝါးနှစ်လုံးပွတ်လို့ ပွတ်ဖန်များရင် မီးထွက်သလို အနိစ္စနဲ့ မဂ္ဂတိုက်အောင် လုပ်နေတာဟာ နိဗ္ဗာန်တည်းဟူသောမီး ထွက်အောင် ပွတ်နေတယ်လို့ မနေ့က ပြောခဲ့တာနဲ့ ဆက်ပြီး နားလည်ရမယ်။ အနိစ္စနဲ့ မဂ္ဂတိုက်ဖန်များရင်တော့ မီးနဲ့တူတဲ့ နိဗ္ဗာန် ပေါ်လာမှာပါပဲ။ ဒါပေမဲ့ အဟိတ်၊ ဒွိဟိတ်ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့လည်း နိဗ္ဗာန်က ဘယ်ပေါ်နိုင်လိမ့်မလဲ။ သို့သော် ဝိပဿနာဉာဏ်နားလည်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရင်တော့ တိဟိတ်ပုဂ္ဂိုလ်ပဲတဲ့။ တိဟိတ်ပင်ဖြစ်သော်လည်း မပွတ်လို့ရှိရင် မီးမထွက်ပါဘူး။
မီးထွက်အောင် ပွတ်တိုက်မယ်ဆိုပြီး ဝိရိယအဓိပတိထား၊ ဆန္ဒအဓိပတိထားရင်တော့ မီးထွက်လာမှာပါပဲ။ ဆန္ဒကလည်း အဓိပတိဖြစ်လို့ နိဗ္ဗာန်တည်းဟူသောမီး မထွက် ထွက်အောင် မရ ရအောင်လုပ်မယ်ဆိုပြီး ဆန္ဒပြင်းပြလို့ရှိရင် ဆန္ဒိဒ္ဓိပါတ်ဖြစ်သွားတယ်။ ဝီရိယကလည်း အဓိပတိဖြစ်လို့ ဣဒ္ဓိပါတ်ဖြစ်သွားတဲ့အခါကျတော့ နိဗ္ဗာန်ဆိုတာ မရ မရှိပါဘူးတဲ့။ ခန္ဓာနဲ့ ဉာဏ်နဲ့တိုက်တဲ့ ပုဂ္ဂိုလ်မှာဖြင့် မီးနဲ့တူတဲ့ နိဗ္ဗာန် ဧကန်ထွက်ပါလိမ့်မယ်။ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ဖန်များတော့ ဖြစ်ပျက်ဆိုရင် ဥဒယဗ္ဗယနဲ့ ဉာဏ်နဲ့ သွားတိုက်တယ်။ ရှုဖန်များလာတော့ ဖြစ်ပျက်တောင် မဖောက်တော့ဘူး။ အပျက်နဲ့ ဉာဏ်နဲ့ သွားတိုက်တယ်။ ဘင်္ဂဉာဏ်ပေါ်လာတာ။ နောက် ဒီဖြစ်ပျက်တွေကို ဘေးထင်ပြီးနေတဲ့ ဉာဏ်နဲ့တိုက်လာတယ် (ဘယဉာဏ်)။ ဒီအစဉ်အတိုင်းတက်သွားတော့ ဖြစ်ပျက်တွေဟာ ကိုယ့်အပြစ်သင့်နေတာပဲ ဆိုတဲ့ ဉာဏ်နဲ့ သွားတိုက်တယ် (အာဒီနဝဉာဏ်)။ နောက်တော့ ဒီဖြစ်ပျက်တွေကို ငြီးငွေ့တဲ့ဉာဏ်နဲ့ သွားတိုက်တယ် (နိဗ္ဗိန္ဒဉာဏ်)။ ဒီအခါကျရင်တော့ ဗလ၀ အားကြီးတဲ့ ဝိပဿနာဖြစ်ပြီဆိုတာ မမေ့ပါနဲ့တော့။ ဝိပဿနာတော့ ရင့်ကျက်ပြီ၊ မီးထွက်ဖို့ ကပ်နေပြီလို့သာ မှတ်လိုက်ပါ။ ငြီးငွေ့လာလို့ရှိရင် နိဗ္ဗာန်တည်းဟူသော မီးထွက်ဖို့ ကပ်နေပြီ။ ဖြစ်ပျက်တွေ မုန်းနေလို့ရှိရင် မီးထွက်ဖို့ နီးနေတဲ့အချိန်တဲ့။ မီးမထွက် ထွက်အောင် ခပ်ပြင်းပြင်း တိုက်ရင် ပူပူလာပြီး မီးထွက်တာ သေချာသလို ဖြစ်ပျက် မဂ်ကိုက်ရင် ဥဒယဗ္ဗယဉာဏ်တက်လာတယ်။ တိုက်ဖန်များတော့ ဘင်္ဂ အပျက်တွေချည်းမြင်တဲ့ ဉာဏ်တက်လာတယ်။ ဘင်္ဂထက် ဘယက ပိုပြီး ပူပူလာတယ်၊ ဘယထက် အာဒီနဝက ပိုပူလာတယ်။ အာဒီနဝထက် နိဗ္ဗိန္ဒက ပိုပူလာတယ်။ နိဗ္ဗိန္ဒပြီးရင် မဂ်လာတော့မှာပဲဆိုတော့ အပူအစွမ်းကုန်ရင် မီးတောက်ရုံပဲ ရှိတော့တယ်။ နိဗ္ဗိန္ဒဉာဏ်ပြီးရင် မဂ်ဉာဏ်လာမယ်။ ဒီကြားထဲကဉာဏ်တွေ အားလုံးဟာ နိဗ္ဗိန္ဒထဲ အကုန်ဝင်သွားတယ်လို့သာ မှတ်လိုက်ပါ။
မိလိန္ဒပဉှာကို ကိုးကားပြီး နာမရူပပရိစ္ဆေဒကျမ်းမှာ `ပရိပက္ကာ ကမေနေဝံ၊ ပရိဘာဝိတ ဘာဝနာ။ ပရိစ္စဇန္တီ သင်္ခါရေ၊ ပက္ခန္ဒန္တီ အသင်္ခတေ´ လို့ဆိုထားတယ်။ ပရိပက္ကာ ကမေနေဝံ - အစဉ်အတိုင်းသာ ပွတ်တိုက်သွားပါ။ အထပ်ထပ် ပွတ်တိုက်သွားလို့ရှိရင် အစတော့ ဖြစ်ပျက်နဲ့ မဂ်ကိုက်နေတာ၊ နောက်တော့ ဉာဏ်က ဖြစ်ပျက်နဲ့ မကိုက်တော့ဘူး၊ ပရိစ္စဇန္တီ သင်္ခါရေ- သင်္ခါရတရားတွေ စွန့်သွားတယ်။ ပက္ခန္ဒန္တီ အသင်္ခတေ- ဉာဏ်က အသင်္ခါတ-ဆိုတဲ့ဘက်ကို ပြေးသွားတယ်တဲ့။ ပထမတော့ ဉာဏ်က ဖြစ်ပျက်နဲ့ မဂ်ကိုက်နေတာပဲ။ နောက်တော့ ဉာဏ်က အသင်္ခတဘက်ပြေးသွားတယ်။ ပရိဘာဝိတ ဘာဝနာ- ကြပ်ကြပ်သာ ပွတ်ပေးစမ်းပါတဲ့။ အစဉ်အတိုင်း ဉာဏ်တွေ တက်လာပါလိမ့်မယ်။ ဝိပဿနာဉာဏ်ဆိုတာ ဆရာသမားက တက်ပေးလို့မရဘူး။ အစဉ်အတိုင်း သူ့ဟာသူ ဖြစ်ပျက်နဲ့ မဂ်တိုက်ဖန်များလို့ အမြင်ပြောင်းသွားတာ။ ပြောင်းပုံကတော့ ပထမ ဖြစ်ပျက်မြင်တယ်၊ နောက် အပျက်ချည်းမြင်တယ်၊ ဒါအမြင်ပြောင်းတာပါပဲ။ ဒါကိုပဲ ပရိပက္ကာ ကမေနေဝံ- ဉာဏ်ဆိုတာ ဒီလို အစဉ်အတိုင်း ရင့်ကျက်တယ်။ ပထမ ဖြစ်ပျက်နဲ့ မဂ်တိုက်တယ်။ နောက် အပျက်နဲ့ မဂ်လာတိုက်တယ်။ နောက် ခန္ဓာဖြစ်ပျက်ကိုပဲ ဘေးထင်တဲ့ ဉာဏ်နဲ့ သွားတိုက်တယ်။ ပွားသာပွားပါ၊ ဝိပဿနာအလုပ်ဆိုတာ ပွားနေဖို့ပါပဲ၊ ဖြစ်ပျက်နဲ့ မဂ်တိုက်နေဖို့ပါပဲ။ ဉာဏ်စဉ်တက်တယ်ဆိုတာကတော့ တိုက်ဖန်များလို့ ဉာဏ်အမြင်ပြောင်းတာ။ အမြင်ပြောင်းတာကို ဉာဏ်တက်တယ်ခေါ်တယ်။ သူတော့ဖြင့် ဘယ်ဉာဏ်ရောက်ပြီလို့ ဆရာသမားလည်း မပြောနိုင်ဘူး၊ ပြောလည်း မမှန်ပါဘူး။ အလုပ်ကပြောသွားပါလိမ့်မယ်။ ဒါဖြင့် ပရိပက္ကာ ကမေနေဝံ၊ ပရိဘာဝတ ဘာဝနာ- ကိုယ့်တာဝန်က ဖြစ်ပျက်နဲ့ မဂ် ပွားနေဖို့ပါပဲ။ သူ့ဟာသူ အစဉ်အတိုင်း ဉာဏ်အမြင်ပြောင်းပါလိမ့်မယ်။ အမြင်တွေပြောင်းသွားတော့ သင်္ခါရတွေမမြင်ဘဲ သင်္ခါရမရှိတဲ့ဘက် မြင်လိမ့်ဦးမယ်။ တိုက်ဖန်များရင် ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယဆိုတဲ့ ရုပ်နာမ်တွေ မမြင်ဘဲနဲ့ ရုပ်နာမ်မရှိတဲ့ နိဗ္ဗာန် သွားမြင်လိမ့်မယ်တဲ့။ တိုက်ဖန်များဖို့ ရှုဖန်များဖို့သာ အရေးကြီးတယ်လို့ မှတ်လိုက်ပါ။
နာမရူပပရိစ္ဆေဒကျမ်းကလာတဲ့အတိုင်း ပရိပက္ကာ ကမေနေဝံ - အစဉ်အတိုင်းသာ ပွားပါ၊ ပွားဖန်များတော့ ပရိစ္စဇန္တီ သင်္ခါရေ- သင်္ခါရတရားတွေ စွန့်ပစ်တယ်။ ရှုနေတဲ့ဉာဏ်က ပက္ခန္ဒန္တီ အသင်္ခတေ- နိဗ္ဗာန်ဘက် ပြေးသွားပါလိမ့်မယ်။ နေထွက်တော့မယ်ဆိုရင် ပုဗ္ဗနိမိတ်ဟာ အရုဏ်တက်ပဲ။ အရုဏ်တက်လို့ အရောင်တွေ နီလာပြီဆိုရင် နေထွက်တော့မယ်ဆိုတာ နေထွက်တော့မယ့် ပုဗ္ဗနိမိတ်ကို အရုဏ်တက်က ပြတယ်။ ဒီအတိုင်းပဲ၊ `ဥဂ္ဂစ္ဆတိ ယထာဒိစ္စော၊ ပုရေက္ခိတွာရုဏံတထာ´ နေထွက်တော့မယ်ဆိုရင် အရုဏ်တက်ဟာ ရှေ့ပြေးနိမိတ်ပဲ။ ဝိပဿနံ ပုရေက္ခိတွာ၊ မဂ္ဂဓမ္မော ပဝတ္တတိ- ဝိပဿနာရှုနေရင် အရုဏ်တက်တာပဲ။ မဂ်တည်းဟူသောနေထွက်တော့မယ်၊ နိဗ္ဗာန်တည်းဟူသော နေထွက်တော့မယ်။ ဝိပဿနာကိုသာ ရှေ့ထားပြီးလုပ်ပါ၊ ဖြစ်ပျက်နဲ့ မဂ်ကိုက်အောင်သာ ရှုပါ။ ဝိပဿနာရှေ့ထားလုပ်ရင် မဂ်ဉာဏ် လာမယ်။ အရုဏ်တက်တဲ့ အလုပ်လုပ်လို့ရှိရင် နေထွက်တာက နောက်က လာမှာပဲ။ ဝိပဿနာတည်းဟူသော အရုဏ်တက်တဲ့အလုပ်ကိုသာလုပ်ပါ၊ မဂ်တည်းဟူသော နေမင်းဟာ မုချထွက်ပါလိမ့်မယ်။ အရုဏ်တက်တာဟာ နေထွက်ဖို့ပဲ။ ဝိပဿနာရှေ့ထားရင် မဂ်တည်းဟူသော နေထွက်မယ်။ နိဗ္ဗာန်ရချင်ရင် ဝိပဿနာ ရှေ့ထားရလိမ့်မယ် (ဝိပဿနံ ပုရေက္ခိတွာ)။ ဒါဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရချင်ရင် အိပ်နေလို့တော့ မရဘူး၊ အခြားအလုပ်တွေလျှောက်လုပ်နေရင်လည်း ဝေးသောအကြောင်းသာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဝိပဿနာရှေ့သွားရှိမှ ရမယ်ဆိုတာကိုတော့ ဆုံးဖြတ်ချက်ချလိုက်ပါ (မဂ္ဂဓမ္မော ပဝတ္တတိ)။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.