နိဗ္ဗာန် ဘယ်မှာရှိ

မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လည်း ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လည်း အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လည်း တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလည်း မရှိဘူး၊ ပစ္စုပ္ပန်မှာလည်း မရှိဘူး၊ အနာဂတ်မှာလည်း မရှိဘူး။ `ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´ `ရှိပါတယ်´၊ ဥပမာအားဖြင့် ဝါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဝါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ဝါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လည်း မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လည်း မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ဝိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ဝါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။ ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ဝိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ ခန္ဓာရဲ့ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ဝိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။ ဝါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရာနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ဝစီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။ ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လည်း မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မခွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လည်း ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။ ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။ မဂ်ဝင်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်သာရှုလို့ရှိရင် ကိလေသာဝေးပြီး မီးထွက်ကိုထွက်ရမယ်လို့ ယုံကြည်ထားလိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး