အပေါင်းအသင်း မှန်ပါစေ (၂)

လောဘပေါ်ရင် လောဘအတိုင်းမထားဘဲ ဖြစ်ပျက်ရှုဖို့ အရင်နေ့က ပြောခဲ့ပြီ။ ဒီအတိုင်းပဲ ဒေါသလေး ပေါ်လာရင်လည်း ဒေါသအတိုင်း ထားရင်တော့ ကြောက်ရမှာပါပဲ။ ဒေါသလေးပေါ်ရင် ကိုယ့်သန္တာန်မှာ သင်္ခါရက္ခန္ဓာလေး ပေါ်တယ်၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲလို့ ယုံကြည်ထားလိုက်။ ယုံကြည်တဲ့အတိုင်း ပညာနဲ့ ပေါင်းပြီး ကြည့်လိုက်တော့ ဒေါသက အနိစ္စဖြစ်သွားတယ်။ ဒီတော့ ဒေါသက ဖြစ်ပျက်၊ ပညာက မဂ်။ အပါယ်မပို့တော့ဘူး။ ဘာကြောင့် အပါယ်မပို့တာလဲ ဆိုရင် အပေါင်းအသင်းမှန်သွားလို့။ ဥပါဒါန်နဲ့ ပေါင်းရင် ခက်ပြီ၊ ကံနဲ့ပေါင်းရင်လည်း ခက်ပြီ။ အခုတော့ ဉာဏ်နဲ့ပေါင်းလိုက်တဲ့အတွက် ရန်သူသည်ပင် ကိုယ့်အကျိုးဆောင်ရွက်တဲ့သူ ဖြစ်သွားတယ်။ လောဘ၊ ဒေါသဟာ အရင်က ရန်သူပဲ၊ အခုတော့ သဒ္ဓါ ပညာနဲ့ ပေါင်းလိုက်လို့ မိတ်ဆွေဖြစ်ပြီး မဂ်ပေါ်အောင် ကျေးဇူးပြုသွားတယ်။ ဒါဖြင့် အကုသိုလ်တိုင်း ကြောက်ဖို့ မလိုဘူး၊ အပေါင်းအသင်းတည့်ဖို့သာ အရေးကြီးပါတယ်။ မဂ်နဲ့ မပယ်သေးသရွေ့ကာလပတ်လုံး လောဘ၊ ဒေါသ၊ မောဟတွေကတော့ ပေါ်လာမှာပဲ ဆိုတာ ယုံကြည်ထားလိုက်။ ယုံကြည်ထားတဲ့အတိုင်းပဲ ကိုယ့်ခန္ဓာထဲမှာ ပေါ်မှာပဲ။ ပေါ်လာတဲ့အခါကျတော့ သဒ္ဓါ ပညာနဲ့ ပေါင်းပြီး ပေါ်လာတယ်ဆိုတာ သဒ္ဓါကယုံကြည်၊ ပညာနဲ့ပေါင်းပြီး ကြည့်လိုက်တော့ ဖြစ်ပျက်ဖြစ်သွားတယ်။ ကြည့်တာက မဂ်ပေါ့။ ဘုရားကလည်း ဒေါသပေါ်ရင် ဒေါသရှုဖို့ ဟောထားတယ် (သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ)။ ဒေါသစိတ်ကို ရှုလို့ရှိရင်လည်း နိဗ္ဗာန်ရောက်တယ်တဲ့။ ဒါဖြင့် အပေါင်းအသင်း ပြောင်းလိုက်ရုံပဲ။ ဒေါသနောက်က သောကနဲ့ မပေါင်းဖို့၊ ပရိဒေဝနဲ့ မပေါင်းဖို့၊ ဒုက္ခဒေါမနဿနဲ့ မပေါင်းဖို့။ ဒီလိုလေး အပေါင်းအသင်းပြင်လိုက်တော့ ရန်သူတွေက မိတ်ဆွေဖြစ်လာတယ်။ မိတ်ဆွေအဖြစ်နဲ့ အကျိုးဆောင်ရွက်သွားတယ်။ မဂ်ပေါ်အောင် ဆောင်ရွက်သွားတာ။ ဒါကြောင့် အပေါင်းအသင်း မှန်ဖို့ အရေးကြီးတယ်။ ပေါ်လာတာကို ပေါ်လာမှန်းသိရင် ဘုရားကလည်း ဒီလိုပေါ်လိမ့်မယ်လို့ ဟောထားတာပဲလို့ ယုံကြည်လိုက်ပါ။ ဒါက သဒ္ဓါ၊ သဒ္ဓါနဲ့ ယုံကြည်ပြီးတော့မှ ပညာနဲ့ ကြည့်လိုက်ပါ။ ပညာနဲ့ ကြည့်တော့ အနိစ္စတွေ့တယ်၊ ဖြစ်ပျက်တွေ့တယ်။ ဒီလိုတွေ့တော့ ပဋိစ္စသမုပ္ပါဒ် ဆက်မလို့ပေါ်လာတဲ့ တဏှာက ဥပါဒါန်ကို ကျေးဇူးမပြုတော့ဘူး။ မဂ်ကျေးဇူးပြုသွားတယ်။ ပဋိစ္စသမုပ္ပါဒ် မလည်ဘဲနဲ့ ပြတ်သွားတယ်။ ဒီလိုပဋိစ္စသမုပ္ပါဒ် ပြတ်တာသည် အပေါင်းအသင်းမှန်သွားလို့။ ဒါဖြင့် ဘယ်အချိန်မှာ ရှုရမှာလဲဆိုရင် ပေါ်တဲ့အချိန်မှာ ရှုရမယ်။ ပေါ်တဲ့အချိန် သဒ္ဓါ ပညာနဲ့ ပေါင်းပြီးရှုလိုက်ရင် ပြီးတာပါပဲ။ လောဘစိတ်ပေါ်ရင် လောဘစိတ် ဖြစ်ပျက်ရှု၊ ဒေါသစိတ်ပေါ်ရင် ဒေါသစိတ် ဖြစ်ပျက်ရှု။ ခန္ဓာကိုယ်ထဲ ပေါ်တာကို ယုံကြည်ရမယ်။ မဂ်နဲ့ မပယ်သေးသရွေ့ ပေါ်မယ်ဆိုတာ ယုံကြည်ထားလိုက်ပါ။ ယုံကြည်တော့ ပေါ်လာတာသိတယ်။ ပညာနဲ့ပေါင်းလိုက်တော့ ပျက်တာသိတယ်။ ယုံကြည်တော့ ပေါ်တာသိတယ်ဆိုတာ အဖြစ်ကိုသိတာ။ ပညာနဲ့ပေါင်းလိုက်တော့ အပျက်ကို သိတာ။ ဒါဖြင့် ဖြစ်ပျက်သိတာ။ သဒ္ဓါက အဖြစ်သိတယ်၊ ပညာက အပျက်သိတယ်။ ဒီတော့ ဖြစ်ပျက်မြင်တာပဲ။ ဒါဖြင့် လောဘဖြစ်မှာလည်း မကြောက်ပါနဲ့၊ ဒေါသဖြစ်မှာလည်း မကြောက်ပါနဲ့။ အပေါင်းအသင်း လွဲမှာကိုပဲ ကြောက်ရမယ်။ မဂ်နဲ့မပယ်သေးသရွေ့ အကြောင်းတိုက်ဆိုင်ရင် လောဘလည်း ဖြစ်မှာပဲ၊ ဒေါသလည်းဖြစ်မှာပဲ။ ဖြစ်ပင်ဖြစ်လာသော်လည်း ဥပါဒါန်နဲ့ မပေါင်းနဲ့၊ သောကနဲ့ မပေါင်းနဲ့။ သဒ္ဓါ ပညာနဲ့သာ ပေါင်းလိုက်ပါ။ သဒ္ဓါ ပညာနဲ့ပေါင်းလိုက်တော့ သဒ္ဓါက အဖြစ်ကို သိတယ်၊ ပညာက အပျက်ကိုသိတယ်။ သူတို့နှစ်ခုသည် ဖြစ်ပျက်ကိုသိတယ်။ ဒါဖြင့် ဖြစ်ပျက်က အနိစ္စ၊ သဒ္ဓါ ပညာတွေက မဂ္ဂဖြစ်သွားတယ်။ မဂ်ဆိုတာ တဏှာနောက်က ဥပါဒါန် ကံ ကိလေသာတွေမလာအောင် ဖြတ်တယ်၊ ဒေါသနောက်က သောက ပရိဒေ၀ ကိလေသာတွေ မလာအောင် ဖြတ်တယ်။ ဒါဟာ မဂ်သတ္တိပဲ (ကိလေသေ မာရေန္တီတိ မဂ္ဂေါ)။ အကုသိုလ်လုပ်ရင် အပါယ်သွားရမယ်ဆိုပေမယ့် သဒ္ဓါပညာနဲ့ပေါင်းတဲ့သူ မသွားရဘူး၊ မပေါင်းတဲ့သူကတော့ သွားရမှာပါပဲ။ ဒီလို မသိတော့ ကြောက်စရာမဟုတ်ဘဲ ကြောက်၊ ကြောက်စရာကိုတော့ မကြောက် ဖြစ်နေကြတယ်။ အကုသိုလ်ဖြစ်တာ ကြောက်စရာမလိုဘူး၊ အပေါင်းအသင်းလွဲတာပဲ ကြောက်ရမယ်။ ဒါဖြင့် အပေါင်းအသင်း လွဲလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် လည်မြဲတိုင်း လည်သွားမယ်။ အပေါင်းအသင်းမှန်လို့ရှိရင်တော့ ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်။ အပါယ်သွားမယ့် အကုသိုလ်သည်ပင်လျှင် အပါယ်မသွားတော့ဘူး။ လောဘစိတ်လေး ဖြစ်တယ်။ သူလည်းခန္ဓာပဲ၊ မပယ်သေးရင်တော့ ဖြစ်မှာပဲ။ ခန္ဓာမို့ ခန္ဓာပေါ်လာတယ်။ လောဘခန္ဓာလေး ပေါ်လာတယ်။ မဂ်နဲ့ မပယ်သေးရင် ပေါ်ရမယ်လို့ သဒ္ဓါက ယုံကြည်တယ်။ လောဘဟာ လောဘအဖြစ်နဲ့ မြင်နေရင်တော့ ဥပါဒါန်ကို ကျေးဇူးပြုမယ်။ ပညာနဲ့ပေါင်းပြီး ကြည့်လိုက်လို့ အနိစ္စအဖြစ်နဲ့ မြင်ရင်တော့ မဂ်ကို ကျေးဇူးပြုတယ်။ အနိစ္စမမြင်ရင် မဂ်မပေါ်နိုင်ဘူး။ အနိစ္စမြင်လို့ မဂ်ကိုကျေးဇူးပြုလိုက်တော့ အနိစ္စနဲ့ မဂ်ဆက်သွားတယ်။ တဏှာနဲ့ ဥပါဒါန် မဆက်တော့ဘူး။ ဘာကြောင့်ဒီလို မဆက်တော့တာလဲဆိုရင် အပေါင်းအသင်းမှန်သွားလို့။ အပေါင်းအသင်းမှန်သွားတော့ အနိစ္စနဲ့ မဂ်နဲ့သွားတွေ့တယ်။ အနိစ္စပေါ်လာတော့ လောဘ ခန္ဓာကို ငါ မထင်တော့ဘူး။ အနိစ္စပဲ ထင်တော့တယ်။ ငါထင်တော့ ဒိဋ္ဌိက အပါယ်ပို့တယ်။ ငါမထင်ဘဲ အနိစ္စမို့ အနိစ္စလို့ သိသွားတဲ့အတွက် ဒိဋ္ဌိပြုတ်သွားတယ်။ လောဘနဲ့ ဒိဋ္ဌိဟာ အမြဲတမ်း တွဲဖြစ်လေ့ရှိသော်လည်း အပေါင်းအသင်းမှန်သွားတဲ့အတွက် လောဘကလည်း ပြိတ္တာဘုံမပို့တော့ဘူး။ ဒိဋ္ဌိကလည်း အပါယ်မပို့တော့ဘူး။ ဒါဖြင့် လောဘဖြစ်လည်း မကြောက်နဲ့။ အပေါင်းအသင်းသာ တည့်အောင် ပေါင်းလိုက်။ အနိစ္စ ဖြစ်ပျက်မြင်လိုက်ကတည်းက ခိုင်တယ် မြဲတယ်ဆိုတဲ့ ဒိဋ္ဌိအယူ ပြုတ်သွားတယ်။ ဒါ အပေါင်းအသင်းတည့်သွားလို့ပဲ။ ခန္ဓာထဲမှာ ဘယ်တရားလာလာ သဒ္ဓါ ပညာနဲ့သာ ပေါင်းမိလို့ရှိရင် ဘယ်အကုသိုလ်မှ မကြောက်နဲ့တော့။ အကုသိုလ်ဟူသရွေ့ အနိစ္စချည်းသာ ဖြစ်သွားစေရမယ်။ ဒါဖြင့် အကုသိုလ်ကြောက်ရမှာမဟုတ်ဘူး၊ အပေါင်းအသင်းလွဲမှာသာ ကြောက်ရမယ်ဆိုတာ ကောက်ချက်ချလိုက်။ အပေါင်းအသင်းမှန်လို့ရှိရင် ရန်သူက မိတ်ဆွေဖြစ်တယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး