အမျှဝေခြင်းနှင့် မေတ္တာပို့ခြင်း

အမျှဝေခြင်းနှစ်မျိုးရှိ၏။ ရည်စူး၍အမျှဝေခြင်းနှင့် မရည်စူးဘဲအမျှဝေခြင်းတို့ဖြစ်သည်။ ရည်စူး၍ အမျှဝေခြင်းသည် သေသူကိုရည်စူး၍ ကုသိုလ်ပြုပြီး အမျှဝေခြင်းဖြစ်၏။ မရည်စူးဘဲအမျှဝေခြင်းသည် မည်သူမဆိုသာဓုခေါ်ဆိုနိုင်စေရန်အမျှဝေခြင်းဖြစ်၏။ သေသူကိုရည်စူး၍ အမျှဝေရာတွင် သေသူက ပြိတ္တာဖြစ်ပြီး လာရောက်သာဓုခေါ်မှသာလျှင် သေသူသည် ကုသိုလ်အမျှရနိုင်၏။ သာဓုမခေါ်က မရနိုင်ပေ။ မရည်စူးဘဲအမျှဝေလျှင် သာဓုခေါ်သူတိုင်း ကုသိုလ်အမျှရနိုင်၏။ သာဓုမခေါ်က မရနိုင်။ ထို့ကြောင့် ကုသိုလ်ပြုပြီး ရေစက်ချအမျှဝေရာတွင် အမျှဝေရာ၌ ရည်စူး၍အမျှဝေခြင်းနှင့် မရည်စူးဘဲအမျှဝေခြင်း နှစ်မျိုးစုံအောင် ထည့်သွင်းရေစက်ချလေ့ရှိသည်။ ဤအစဉ်အလာသည် အလွန်ကောင်းမြတ်သော အကျိုးရှိသော အစဉ်အလာဖြစ်သည်။ ကွယ်လွန်သူအတွက် ကျန်ရစ်သူတို့က ပြုလုပ်ပေးနိုင်သောအရာ နှစ်ခုရှိ၏။ ရည်စူး၍အမျှဝေခြင်းနှင့် မေတ္တာပို့ခြင်းဖြစ်၏။ ဤနှစ်ခုကလွဲ၍ သူတို့အတွက် ဘာတစ်ခုမျှ လုပ်ပေး၍မရ။ လုပ်ပေးသော်လည်း သူတို့အတွက် အကျိုးမထူးတော့ပေ။ ထို့ကြောင့် သူတို့အတွက် အကျိုးရှိစေချင်လျှင် ကုသိုလ်ပြုပြီး အမျှဝေပေးပါ။ သူတို့သာဓုခေါ်နိုင်လျှင် ရပါလိမ့်မည်။ မေတ္တာပို့ပေးပါ။ သူတို့ဘယ်ဘဝရောက်ရောက် ပို့သသောမေတ္တာကြောင့် အေးချမ်းပါလိမ့်မည်။ အထူးပြောလိုသည်မှာ အမျှဝေခြင်းနှင့် မေတ္တာပို့ခြင်းသည် သေသူတို့အတွက်သာမက ရှင်သူတို့အတွက်ပါ သက်ဆိုင်ကြောင်းပါ။ ရှင်သူကိုလည်း ရည်စူး၍ဖြစ်စေ မရည်စူးဘဲဖြစ်စေ အမျှဝေနိုင်ပါသည်။ ဥပမာ- ငါပြုတဲ့ကုသိုလ်တွေကို မင်းကို အမျှဝေပါတယ်။ သာဓုခေါ်ပါဟု အမျှဝေလိုက်ပါ။ သူသာဓုခေါ်ရင် ရပါမည်။ မရည်စူးဘဲအမျှဝေသံကြားကလည်း သာဓုခေါ်လိုက်ပါ။ ကုသိုလ်အမျှရပါသည်။ သေသူသာဓုခေါ်မှ ကုသိုလ်ရသည်မဟုတ်၊ ရှင်သူက သာဓုခေါ်လည်း ကုသိုလ်အမျှ ရပါသည်။ ထိုနည်းတူ မေတ္တာပို့ရာတွင်လည်း သေသူကိုရည်စူး၍ မေတ္တာပို့နိုင်သလို ရှင်သူကိုလည်း ရည်စူး၍ဖြစ်စေ မရည်စူးဘဲဖြစ်စေ မေတ္တာပို့နိုင်ပါသည်။ မေတ္တာပို့ရာတွင်မူ သာဓုခေါ်စရာမလိုဘဲ ရောက်သည်။ ထို့ကြောင့် သေသူကိုဖြစ်စေ ရှင်သူကိုဖြစ်စေ မေတ္တာပို့ပါက ပိုမိုထိရောက်ပါသည်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး