အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး (၃)
သမ္မာဒိဋ္ဌိနှစ်မျိုးအနက် ရှေ့ပြေးအဖြစ် သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိလာရမယ်။ သူဆုံးသွားမှ အသင်္ခတသုခမြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ ဒီတော့ ရှေ့ပြေးသမ္မာဒိဋ္ဌိက ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိ၊ ဖြစ်ပျက်မြင်တဲ့သမ္မာဒိဋ္ဌိပါပဲ။ အဲဒီဖြစ်ပျက်တွေ ဆုံးအောင်လိုက်လိုက်တဲ့အခါကျတော့ ဆုံးလည်းဆုံးရော သင်္ခါရဒုက္ခ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုလို့ရှိရင် အသင်္ခတသုခကိုမြင်တဲ့ မဂ်သမ္မာဒိဋ္ဌိပေါ်လာတယ်။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတဲ့အခါကျတော့ ဝိပါကဝဋ်တွေ ကျွတ်သွားတယ်။
ဖြစ်ပျက် ခန္ဓာကိုယ်ကြီး အနိစ္စခန္ဓာကိုယ်ကြီးဆိုတာ ဝိပါကဝဋ်ပဲ။ ဒီဝဋ်တွေဟာ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုရင် ကျွတ်သွားတယ်။ ကမ္မဝဋ်ကြောင့် ဒီဘ၀ ရုပ်နာမ်တွေပေါ်လာတာဟာ ဝိပါကဝဋ်ကြီးပေါ်နေတာပါ။ ရုပ်နာမ်ကြည့်လိုက်တော့လဲ ဖြစ်ပျက်ဆိုတော့ ဝိပါကဝဋ်ဆိုတာနဲ့ တစ်ထပ်တည်းကျနေတယ်။ ဖြစ်ပျက်မမြင်တော့ဘူးဆိုရင် ကိုယ့်ဝဋ်ကျွတ်သွားတာပါပဲ။ ပထမ ဝိပါကဝဋ်နဲ့ သမ္မာဒိဋ္ဌိတွေ့နေတာ။ မတွေ့တော့ဘူးဆိုတော့ ဝိပါကဝဋ်ကျွတ်သွားတာ။ ကိုယ့်ခန္ဓာ ဖြစ်ပျက် ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခဝဋ်ကြီးက ကျွတ်ပြီး အသင်္ခတဘက် ကူးသွားတယ်။ နိဗ္ဗာန်ဘက်ကိုကူးသွားတာ၊ လောကုတ္တရာမဂ်ပေါ်လာတာပါပဲ။ တစ်နည်းအားဖြင့် မဂ်သမ္မာဒိဋ္ဌိပေါ်လာတာ။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတော့ ဒီဝဋ်တွေ တစ်ခါတည်း ငြိမ်းသွားတယ် (ဝဋံ သမုဂ္ဃါဋယမာနာ ဝူပသမာယမာနာ)။ ဒီဝဋ်တွေ မမြင်တော့ဘူး။ ဖြစ်ပျက်ဒုက္ခသစ္စာကြီးကိုလည်း မမြင်တော့ဘူး။ င်္သခါရဒုက္ခကြီးကိုလည်းမမြင်တော့ဘူး။ သင်္ခါရဒုက္ခနဲ့ ဖြစ်ပျက်ဒုက္ခဆိုတာ အတူတူပဲ။
အဲဒါတွေ မမြင်ရတော့ ခန္ဓာကိုယ်ထဲမှာ ရေအိုးတစ်ထောင်နဲ့လောင်းလိုက်သလိုပဲ အေးချမ်းသွားတယ် (သီတုဒကဃဋသဟဿံ မတ္ထကေ အာသိဉ္စယမာနာ ဝိယ ဥပ္ပဇ္ဇတိ)။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတဲ့အခါ ခန္ဓာကိုယ်ထဲ အေးတာပဲ ကျန်ခဲ့တယ်၊ ငြိမ်းတာပဲ ကျန်ခဲ့တယ်လို့ အဋ္ဌကထာဆရာက ဥပမာနဲ့ ပြထားတယ်။ ခန္ဓာကိုယ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ဝန်ထုပ်ကြီးများကျသွားသလို အေးငြိမ်းချမ်းသာသွားတယ်။ အလွန်တရာမှလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်တဲ့။ တစ်သံသရာလုံးက ပူလောင်လာတဲ့ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ စတဲ့ ကိလေသာအပူတွေ အေးငြိမ်းသွားတာ။ ငါ့သား ငါ့သမီးစွဲတွေလည်း ပြုတ်၊ ငါ့ကိုယ်ငါ့ဟာ အစွဲတွေလည်းပြုတ်၊ နက်ဖြန်သဘက် ဘယ်လိုဖြစ်မလဲမသိဘူး၊ ခက်တော့တာပဲ ဆိုတဲ့ ဝိစိကိစ္ဆာတွေလည်းပြုတ်၊ ငါသေရင် ဘာဖြစ်မှန်းမသိဘူးဆိုတဲ့ ဝိစိကိစ္ဆာလည်း ပြုတ်သွားပြီး အပူတွေ အေးငြိမ်းသွားတာ။ ဒိဋ္ဌိ ဝိစိကိစ္ဆာအပူဓာတ်တွေ ငြိမ်းသွားတာ။ ဒီနှစ်ခုမရှိတဲ့အတွက် စိတ်ထဲမှာ စိတ်ချလက်ချဖြစ်သွားတာ။ ဒီတော့မှ ငါအပါယ်မကျတော့ဘူး ဆိုတာ သူ့ကိုယ်သူ သိသွားတယ်။
မဂ်သမ္မာဒိဋ္ဌိဆိုတာ ဆုတောင်းနေလို့ မရဘူး။ ရှေ့ပြေးသမ္မာဒိဋ္ဌိက ကျေးဇူးပြုမှ ပေါ်မယ်။ သင်္ခါရဒုက္ခတွေ့အောင် ရှာနိုင်တဲ့ ဉာဏ်ရမှပဲ အသင်္ခတသုခရမှာ။ ဒါဖြင့် ရှေ့ပြေးသမ္မာဒိဋ္ဌိက ဖြစ်ပျက် သင်္ခါရဒုက္ခကို မြင်တယ်၊ ဖြစ်ပျက်မမြင်တဲ့ သမ္မာဒိဋ္ဌိက နိဗ္ဗာန်မြင်တယ်။ ဉာဏ်ကတော့ မဂ်ဉာဏ်ပဲ၊ မြင်တာက နိဗ္ဗာန်။ ဖြစ်ပျက် ရှုရင်းနဲ့ ဖြစ်ပျက်မမြင်တော့ဘဲ ဘဝင်ထဲမှာလည်း အေးငြိမ်း၊ စိတ်ထဲမှာလည်း ဝန်ကျသွားတဲ့ အမြင်ရောက်လို့ရှိရင် ဒါသည် သောတာပန်တည်တယ်လို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချ။ ကိုယ့်ဟာကိုယ် ရှေ့ပြေးများများမြင်အောင်လုပ်။ ရှေ့ပြေးအဆုံးမှာ နောက်လိုက်လောကုတ္တရာမဂ်က လိုက်လာဖို့ အဆင်သင့်ပဲတဲ့။ ရှေ့ပြေးသမ္မာဒိဋ္ဌိက နောက်လိုက်သမ္မာဒိဋ္ဌိကို အနန္တရပစ္စည်းနဲ့ အခြားမရှိကျေးဇူးပြုတယ်။ ကိုယ့်ခန္ဓာမှာ ပေါ်သမျှ ဖြစ်ပျက်ရှုတော့ ဖြစ်ပျက်မြင်ပြီဆိုရင် ရှေ့ပြေးသမ္မာဒိဋ္ဌိတော့ ရပြီလို့ ဆုံးဖြတ်ချက်ချ။ အနန္တရပစ္စည်းဟာ အခြားမရှိဘူးဆိုသဖြင့် ရှေ့ပြေးသမ္မာဒိဋ္ဌိကို ရှေ့ပိုင်းမှာ များများလုပ်လိုက်လို့ရှိရင် နောက်က မဂ်ဉာဏ်ဟာ လာရမှာပဲ။
ဝေဒနာကြိုက်ရင် ဝေဒနာကို သင်္ခါရဒုက္ခမြင်အောင်ကြည့်၊ စိတ်ကြိုက်ရင် စိတ်ကို သင်္ခါရဒုက္ခမြင်အောင်ကြည့်။ ဒီလိုကြည့်လို့ မြင်တဲ့သင်္ခါရဒုက္ခတွေ ကြည့်နေတဲ့ ဉာဏ်အောက် ဉာဏ်မှောက်မှာ၊ ရှေ့ပြေး သမ္မာဒိဋ္ဌိအောက်မှာ၊ ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိအောက်မှာ ဆုံးသွားလို့ရှိရင် နိဗ္ဗာန်တွေ့လိမ့်မယ်တဲ့။ နိဗ္ဗာန်တွေ့လိုက်တဲ့သမ္မာဒိဋ္ဌိဟာ မဂ်သမ္မာဒိဋ္ဌိပါပဲ။ ဒီတော့ ပုရေစာရိကာ ဝိပဿနာသမ္မာဒိဋ္ဌိက သင်္ခါရဒုက္ခမြင်တဲ့သမ္မာဒိဋ္ဌိ၊ ဖြစ်ပျက်မြင်တဲ့သမ္မာဒိဋ္ဌိ။ မဂ်သမ္မာဒိဋ္ဌိက သင်္ခါရဒုက္ခ ဖြစ်ပျက်မမြင်တော့ဘဲ နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိ၊ ဖြစ်ပျက်မတွေ့တော့ဘဲ ဖြစ်ပျက်မရှိရာ နိဗ္ဗာန်ဘက်ကို ဉာဏ်လှည့်သွားတဲ့သမ္မာဒိဋ္ဌိလို့ သေသေချာချာမှတ်လိုက်ပါ။ ဖြစ်ပျက်မမြင်တာက ဖြစ်ပျက်မရှိလို့ မမြင်တာမဟုတ်ဘူး၊ ဖြစ်ပျက်ကတော့ သူ့ဟာသူ ရှိနေတာပဲ။ ခန္ဓာရှိနေသရွေ့ ဖြစ်ပျက်တွေဟာ ရှိမြဲ ရှိနေတာပါ။ ဒါပေမဲ့ ရှုနေတဲ့ ဉာဏ်က ဖြစ်ပျက်ဘက်ကိုမလှည့်ဘဲ နိဗ္ဗာန်ဘက် တစ်ချက်လှည့်လိုက်တော့ ဖြစ်ပျက်ကိုမတွေ့တော့ဘဲ နိဗ္ဗာန်တွေ့လိုက်ရတာ။ ဒါကို ဖြစ်ပျက်ဆုံးတယ်လို့ ခေါ်တယ်။ ဒီလို ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ကိုတွေ့လိုက်တဲ့ ဉာဏ်ပေါ်လာမှ မဂ်သမ္မာဒိဋ္ဌိဖြစ်တာ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.