အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး
ဘုရားရှင်က သမ္မာဒိဋ္ဌိနှစ်မျိုးရှိတယ်လို့ ဟောထားတယ်။ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ။ အမှန်မြင်နှစ်မျိုးကို ဘုရားရှင်ဟောတော်မူတယ်လို့ မှတ်ရလိမ့်မယ်။ အမှန်မြင်နှစ်မျိုးဆိုတာ ဖြစ်ပျက် သင်္ခါရ မြင်တာကတစ်မျိုး၊ နိဗ္ဗာန်မြင်တာက တစ်မျိုးတဲ့။ ဖြစ်ပျက်မြင်တဲ့ ဉာဏ်က နိဗ္ဗာန်မမြင်ဘူး၊ နိဗ္ဗာန်မြင်တဲ့ ဉာဏ်ကလည်း ဖြစ်ပျက်မမြင်ဘူး။
ခန္ဓာကိုယ်ကို ဉာဏ်စိုက်လိုက်တဲ့အခါ ဝေဒနာက္ခန္ဓာပဲ ပြောပြော၊ ဝိညာဏက္ခန္ဓာ စိတ်ကပဲ ပြောပြော၊ အမြင်ကတော့ ဖြစ်ပျက် အနိစ္စမြင်မှာပဲ။ ရှုဖန်များလာတဲ့အခါကျတော့ ဝေဒနာရှုလိုက်လည်း ဝေဒနာမတွေ့ဘူး၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စ ဒုက္ခ အနတ္တတွေတွေ့တယ်။ စိတ်ရှုလိုက်ပြန်လည်း စိတ်မတွေ့ဘူး၊ ဖြစ်ပျက်ပဲတွေ့တယ်။ ဒီလို ဖြစ်ပျက်ပဲ တွေ့တာသည် သင်္ခါရဒုက္ခမြင်တာ။ သင်္ခါရဒုက္ခမြင်ရင် အမြင်ကတော့ အမှန်ပဲ။ ဒီနေရာဖြစ် ဒီနေရာ ပျက်သွားတာလေးကို မြင်ရင် ဉာဏ်မြင်၊ မနောဒွါရနဲ့ မြင်တာလို့ မှတ်ထားလိုက်ပါ။ ဒီနေရာက ယားတယ်၊ ဒီနေရာပဲ ပျောက်သွားတယ်၊ ဒါ သင်္ခါရဒုက္ခမြင်တာ။ အမြင်မှန်ပါပဲ။ သင်္ခါရဆိုတာ အကြောင်းတရားက ပြုပြင်လို့ သူများပြုပြင်လို့ပေါ်တာ။ ပိုးကောင်လေးတက်လို့လည်း ယားတတ်တယ်၊ ချွေးထွက်လို့လည်း ယားတတ်တယ်၊ မိတ်ထွက်လို့လည်း ယားတတ်တယ်။ ဒီလို တစ်ခုခုကပြုပြင်လို့ ပေါ်လာတာဖြစ်သောကြောင့် ယားတဲ့သဘောလေးဟာ သင်္ခါရလို့ မှတ်လိုက်ပါ။ သူဟာ ခန္ဓာထဲမှာ ပေါ်တဲ့ ဝေဒနာက္ခန္ဓာဖြစ်သောကြောင့် ဒုက္ခသစ္စာ။ ယားတာလေး ဒုက္ခသစ္စာမို့ သင်္ခါရဒုက္ခလို့ ပြောတာ။ ပြုပြင်လို့ပေါ်လာတာဖြစ်လို့ ယားတာလေးကို သင်္ခါရ၊ ခန္ဓာအားဖြင့် ဝေဒနာက္ခန္ဓာ၊ ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တဲ့အခါမှာ ဘယ်ခန္ဓာပေါ်ပေါ် ဒုက္ခသစ္စာ။ ဒါကြောင့် သင်္ခါရဒုက္ခတဲ့။ ပြုပြင်လို့ပေါ်လာသောကြောင့် သင်္ခါရ၊ ပေါ်တဲ့ခန္ဓာက ဒုက္ခသစ္စာဖြစ်သောကြောင့် ဒုက္ခ။ ပေါင်းလိုက်တော့ သင်္ခါရဒုက္ခ။
ပေါ်တဲ့တရားတိုင်းဟာ ပြုပြင်လို့ပေါ်တာဖြစ်သောကြောင့် သင်္ခါရ၊ ပေါ်တဲ့တရားလေးက ခန္ဓာ။ စိတ်ပေါ်ပေါ်၊ ဝေဒနာပေါ်ပေါ်၊ ခန္ဓာပဲ။ ခန္ဓာက ဒုက္ခသစ္စာ။ နှစ်ခုပေါင်းလိုက်ရင် သင်္ခါရဒုက္ခ။ ဒီသင်္ခါရဒုက္ခကို မြင်တာဟာ လောကုတ္တရာမဂ်ရဲ့ရှေ့ပြေး မြင်တာလို့ မှတ်လိုက်ပါ။ မြင်လိုက်ပြီဆိုရင်တော့ တစ်သံသရာလုံးက ဆိုးခဲ့ ပေခဲ့တဲ့ကံတွေဖြတ်တော့မယ်၊ မိုက်ကြွေးတွေကျေတော့မယ်၊ အပါယ်ကိုတော့ ခန္ဓာနဲ့ မဆပ်ရတော့ဘူးလို့ မှတ်ပါ။ သင်္ခါရဒုက္ခသိတဲ့ဉာဏ်က ရှေ့ပြေးလာလို့ သူ့ကို ရှေ့ပြေးမဂ်လို့ခေါ်တယ်။
စားချင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုတာ စားစရာအာရုံကြောင့်ပေါ်လာတာဖြစ်လို့ သင်္ခါရ။ စားစရာအာရုံက ပြုပြင်လိုက်လို့ ပေါ်လာတာ။ စားချင်စိတ်ကလေးက သင်္ခါရ။ သူသည် ခန္ဓာဖြစ်သောကြောင့် သစ္စာအားဖြင့် ဒုက္ခသစ္စာ။ နှစ်ခုပေါင်းလိုက်တော့ သင်္ခါရဒုက္ခသစ္စာ။ သင်္ခါရဒုက္ခလို့ခေါ်ခေါ်၊ သင်္ခါရဒုက္ခသစ္စာလို့ပြောချင်ပြော အတူတူပါပဲ။ ဒါဖြင့် ခန္ဓာထဲမှာပေါ်လေသမျှ သင်္ခါရဒုက္ခချည်းပဲလို့မှတ်လိုက်။ အခုယားတယ်၊ သင်္ခါရဒုက္ခပေါ်တာပဲ။ အခုစားချင်စိတ်ပေါ်တယ်၊ သင်္ခါရဒုက္ခပေါ်တာပဲလို့ သိလိုက်ပါ။ သင်္ခါရဒုက္ခပေါ်ရင် နောက်က အသိဉာဏ်လေးလိုက်ပေးလိုက်တော့ သမ္မာဒိဋ္ဌိဖြစ်လာတယ်။ ဒီသမ္မာဒိဋ္ဌိသည် လောကုတ္တရာမဂ်ပေါ်မလို့ ရှေ့ပြေးအမြင်လို့ မှတ်လိုက်ပါ။ သောတာပန်တည်မယ့်ပုဂ္ဂိုလ်ရဲ့ ရှေ့ပြေးအမြင်လို့ မှတ်လိုက်စမ်းပါ။ သောတာပတ္တိမဂ်ရဲ့ ရှေ့နားက မြင်တဲ့ အမြင်ပဲ။ သောတာပတ္တိမဂ်ရဲ့ ရှေ့နားမှာ၊ သောတာပတ္တိမဂ်တော့ မဟုတ်သေးဘူးတဲ့။ သမ္မာဒိဋ္ဌိကတော့ သမ္မာဒိဋ္ဌိပဲ၊ ရှေ့ပြေးသမ္မာဒိဋ္ဌိ။ ဒီအမြင်ရလို့ ဒီအမြင်နဲ့ သေရင် အပါယ်မသွားဘူး။ အပါယ်မသွားဘဲ သုဂတိသွားပြီး ရောက်ရောက်ချင်း မဂ်စစ်အမြင်လာတာပဲ။
ခန္ဓာကို စောင့်ကြည့်လို့ ယားတာလေးပေါ်ရင် သင်္ခါရဒုက္ခပေါ်ပြီလို့ နှလုံးသွင်းလိုက်၊ နာတာလေးပေါ်ရင်လည်း သင်္ခါရဒုက္ခပေါ်ပြီလို့ နှလုံးသွင်းလိုက်။ စားချင်စိတ်ပေါ်ရင်၊ အိပ်ချင်စိတ်ပေါ်ရင် သင်္ခါရဒုက္ခလို့ပဲ နှလုံးသွင်းလိုက်။ သင်္ခါရဒုက္ခက ရှေ့က မြင်တဲ့ဉာဏ်လေး၊ သင်္ခါရဒုက္ခဆိုတာ မြင်တဲ့ဉာဏ်။ ဒီမြင်တဲ့ဉာဏ်သည် သစ္စာနုလောမိကဉာဏ်လည်းဖြစ်၊ ရှေ့ပြေးဉာဏ်လည်းဖြစ်တယ်။ ဒီအမြင်သည် ပဋိစ္စသမုပ္ပါဒ် သံသရာဖြတ်တဲ့ အမြင်ပဲ။ ဒီအမြင်သည် ဝိပဿနာသမ္မာဒိဋ္ဌိဆိုလည်း မှန်တယ်၊ ရှေ့ပြေးသမ္မာဒိဋ္ဌိဆိုလည်း မှန်တယ်၊ သစ္စာနုလောမိကဉာဏ်ဆိုလည်း မှန်တယ်။ ဘုရားရှင်က ဒီအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ချွတ်တယ်၊ မရှိတဲ့ပုဂ္ဂိုလ်ကို မချွတ်ဘူး။ သူ ဒီလိုအမြင်မျိုး ဘယ်တုန်းကများ မြင်ခဲ့ဘူးပါသလည်းလို့ ဘုရားက ဒိဗ္ဗစက္ခု စေတောပရိယ အဘိညာဉ်နဲ့ ကြည့်ရတာ။ ဥပမာအားဖြင့် ရှင်စူဠပန်ဟာ အက္ခရာ (၃၂)လုံးပါတဲ့ ဂါထာလေးတစ်ပုဒ်ကို တစ်ဝါတွင်းလုံး ကျက်တာ မရဘူး။ သူ့အကိုက မင်း ဒီလောက် ဉာဏ်ထိုင်းတဲ့ကောင် သာသနာမှာနေလို့ အလကားပဲ အသုံးမကျဘူး လူထွက်တော့လို့ ပြောလိုက်တော့ သူ မှိုင်ပြီး ငိုနေတယ်။ သာသနာမှာလည်း ပျော် ဒါပေမဲ့ ဉာဏ်ကလည်း ထိုင်းနေတော့ အားငယ်နေရှာတာပေါ့။ ဒါပေမဲ့ ဘုရားရှင်က သူ့မှာ သင်္ခါရဒုက္ခ အမြင်လေး ပါခဲ့ဘူးလားဆိုတာ ကြည့်လိုက်တော့ သူဟာ သံသရာ တစ်ဘဝက ဘုရင်အဖြစ်နဲ့ ဆင်စီးပြီး တိုင်းခန်းလှည့်လည်စဉ် ပိတ်ဖြူစလေးနဲ့ မျက်နှာသုတ်လိုက်တာ အဖြူရောင်ပိတ်စဟာ ချွေးတွေပေကျံပြီး ညစ်သွားတယ်။ အော် ဒီအဖြူလေးဟာ အမြဲတမ်းဖြူနေတာမဟုတ်ဘူး၊ အဖြူလေးဟာလည်း ပျက်သွားတာပဲလို့ တစ်ခါ မြင်ခဲ့ဘူးတယ်။ တစ်သံသရာလုံးမှာ ဒီတစ်ချက်ပဲ မြင်ဘူးတာ။ အဖြူလေးဟာ မည်းသွားတယ်၊ မမြဲလို့ဘဲလို့ သင်္ခါရဒုက္ခလေး တစ်ချက် မြင်ခဲ့ဘူးတယ်။ ဘုရားရှင်က ဒါကိုသိတော့ မင်း လူမထွက်နဲ့ ဆိုပြီး ပိတ်ဖြူလေး တစ်ခုတန်ခိုးနဲ့ ဖန်ဆင်းပြီး လက်နဲ့ ပွတ်ခိုင်းလိုက်တယ်။ ပွတ်လိုက် လိပ်လိုက်နဲ့ ပိတ်ဖြူလေးက မကြာခင် ညိုမည်းသွားတယ်။ အဲဒီမှာတင် ပိတ်ဖြူလေးရဲ့ ဖောက်ပြန်ပျက်စီးမှုကိုတွေ့လိုက်တယ်။ ဒီအတိုင်းပဲ ခန္ဓာထဲမှာလည်း ဘယ်တရားမဆို ဒီလို ဖောက်ပြန်ပျက်စီးနေတာချည်းပဲ လို့ သင်္ခါရဒုက္ခကို သွားတွေ့လိုက်တယ်။ အဲဒီအချိန်ကျမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားတာ။ ဒါဖြင့် ဘုရားက ချွတ်တယ်ဆိုတာ ဒီလိုပုဂ္ဂိုလ်မှ ချွတ်တာ။ သင်္ခါရဒုက္ခ တစ်ကြိမ်မှ မမြင်ဘူးတဲ့ပုဂ္ဂိုလ်ကျတော့ ဘုရားဉာဏ်ထဲမှာလည်း မပေါ်ဘူး။
ဒေါက်တာအရှင်ပါရမီ
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.