ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၅)
ဗုဒ္ဓဘာသာမှာ ရိုသေတာ၊ ကိုင်းရှိုင်းတာ၊ ယဉ်ကျေးတာ၊ ဖော်ရွေတာ၊ စိတ်သဘောထား နုညံ့သိမ်မွေ့တာ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတတ်တာ၊ သနားကြင်နာ တတ်တာ၊ မေတ္တာတရား ကြီးမားတာ၊ စည်းလုံးညီညွတ်တာ စသည်ဖြင့် အခြားဘာသာတွေထက် ပိုပြီးလေးနက်တဲ့ ထူးခြားမှုတွေ များစွာတွေ့မြင် နိုင်ပါတယ်။ ဗုဒ္ဓအလိုကျ လူနေမှုဘ၀ ပုံစံလေးပေါ့။ အမူအရာတွေလဲ ယဉ်ကျေး၊ အပြောအဆိုတွေလဲ သိမ်မွေ့၊ စိတ်သဘောထားတွေလဲ မြင့်မြတ်နေတဲ့ အထက်တန်းကျတဲ့ လူသားဘ၀ကို ဗုဒ္ဓဘာသာက ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ရအောင် ယူတတ်ဖို့တော့ အရေးကြီးတာပေါ့။ ပေးတော့ ပေးနေတာပဲ၊ ရအောင်မယူတတ်ရင်တော့လဲ ဒီအနှစ်သာရတွေ တွေ့မြင်ခံစားရမှာ မဟုတ်ပါဘူး။
ဒါတွေအားလုံးရဲ့ အခြေခံအနေနဲ့ကတော့ နေ့စဉ် ရတနာသုံးပါး ယုံကြည်၊ ငါးပါးသီလ လုံခြုံနေအောင် စောင့်ထိန်းရတာပါပဲ။ ဒါဟာ အခြေခံ အကျဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထူး လိုက်နာရမယ့် စည်းမျဉ်းလိုဖြစ်နေပါတယ်။ ဒါကို အနှစ်ချုပ်လိုက်တော့ သဒ္ဓါနဲ့ သီလပါပဲ။ ဘုရားတရား သံဃာ ယုံကြည်တာက သဒ္ဓါ၊ ငါးပါးသီလလုံခြုံတာက သီလပေါ့။ ဟိုဘက် တစ်ဆင့်တက်လို့ သမာဓိနဲ့ ပညာဆိုတာကတော့ ကိုယ့်အဆင့်နဲ့ကိုယ် သင့်တော်သလို ကြိုးစားရယူတတ်မှ ရမှာပါ။ ဘာအရေးအကြီးဆုံးလဲဆိုရင်တော့ အခြေခံဟာ အရေးအကြီးဆုံးပါပဲ။ ဒီအခြေခံလေးတွေ ခိုင်မာနေပြီဆိုရင် ပီပြင်တဲ့ ဗုဒ္ဓဘာသာ ဖြစ်နေပါပြီ။ တကယ့်ကို ဖြစ်နေပါပြီ။ ဒါကို ဒီနေ့ခေတ်မှာ တရားမှမထိုင်ရင် ဗုဒ္ဓဘာသာပင် မဖြစ်တော့သလောက်အထိ ရှုတ်ချ ပြောဆိုနေတာ ဟောပြောနေတာတွေဟာ ကိုယ့်ဘာသာတရားကိုယ် အကောင်းမမြင်တတ်တဲ့သဘော ဆောင်နေပါတယ်။
ဘုရားက လူတိုင်းကို တရားအထိုင်ခိုင်းနေတာမဟုတ်ပါဘူး။ တရားကိုလဲ လူတစ်ယောက်ရဲ့ အသိဉာဏ် အဆင့်အတန်းကို ကြည့်ရှု အကဲခတ်ပြီးမှ ဒါနနဲ့တန်တဲ့သူကို ဒါနလောက်ဟော၊ သီလလောက် အဆင့်ရှိသူကို သီလလောက်ဟော၊ သမထလောက် နိုင်မယ့်သူကို သမထလောက်၊ ၀ိပဿနာ တက်နိုင်မယ့်သူ ကျမှ ၀ိပဿနာ ဟောလေ့ရှိပါတယ်။ သာမန်လူတွေကို သိပ်လေးနက်တဲ့တရားမျိုးတွေ ဟောလေ့မရှိပါဘူး။ ပရိဗိုဇ်တွေနဲ့ တွေ့တဲ့အခါမျိုး၊ ပုဏ္ဏားတွေနဲ့တွေ့တဲ့အခါမျိုးတွေမှာသာ လေးနက်တဲ့သဘော နက်နဲတဲ့သဘော ဆောင်တဲ့ တရားတွေကို ဟောတော်မူလေ့ရှိပါတယ်။ သူတို့ကတော့ ပညာတတ်တဲ့ အသိုင်းအ၀ိုင်းတွေဖြစ်နေလို့ပါပဲ။ ပညာတတ်တဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းတွေကို ဟောတဲ့တရားက တစ်မျိုး၊ သာမန်လူသားတွေကို ဟောတဲ့တရားက တစ်မျိုး၊ ရဟန်းတော်တွေကို ဟောတဲ့တရားက တစ်မျိုး ဒီလို ကွဲပြားမှုတွေ ရှိပါတယ်။ ရဟန်းတော်တွေကိုတော့ ၀ိပဿနာတရားကိုသာ ဦးစားပေးဟောလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန်လူတွေထက် အချိန်ပိုရလို့ပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုနေမှ ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်လို့ တစ်ပြေးညီ စံသတ်မှတ်ထားလို့မရပါဘူး။ သူ့အဆင့်နဲ့သူ ရှိနေမှာပါ။
ယနေ့ခေတ်မှာတော့ ရုပ်နာမ်မှ မမြင်၊ ဖြစ်ပျက်မှ မကွဲ၊ သစ္စာမှမသိဘူးဆိုရင် မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာပဲ၊ တကယ့် ဗုဒ္ဓဘာသာ အစစ်မဟုတ်ဘူးလို့ နှိပ်ကွတ် ချိုးနှိမ်အပြောခံနေကြရတာကို ဒို့ဗုဒ္ဓဘာသာတွေ ကိုယ်တိုင်က သဘောကျနေကြလေရဲ့။ ဗုဒ္ဓဘာသာ အစစ်ဟုတ်မဟုတ် ဘာပေတံနဲ့တိုင်းမလဲ၊ စံဘယ်လို သတ်မှတ်မလဲ ဆိုတာလဲ ပြဿနာတစ်ရပ်ပါပဲ။ ဘုရားက သရဏဂုံ သုံးပါးယုံကြည်တာနဲ့ပင် နတ်ပြည်တော့ ရောက်နိုင်တယ်လို့ ဟောတာတွေလဲ ရှိတယ်။ အဒိန္နပုဗ္ဗက သူဌေးကြီးရဲ့သား မဋ္ဌကုဏ္ဍလီသတို့သားဟာ ဘာဒါနမှ ပြုခဲ့ဘူးတာမဟုတ်ဘူး၊ ဘာသီလမှ ဆောက်တည်ခဲ့ဘူးတာ မဟုတ်ဘူး။ သေခါနီးမှာ ဘုရားကို ကြည်ညိုတဲ့စိတ်ကလေး ဖြစ်ယုံနဲ့ နတ်ပြည်ရောက် နတ်သားဖြစ်သွားတယ်လေ။ ရတနာသုံးပါး ယုံကြည်နေရင် ဗုဒ္ဓဘာသာလို့ ပြောလို့ရတာပေါ့။ ဒါ့အပြင် ဒါနပြုနိုင်ရင် ပြုနိုင်သလောက် မြင့်မြတ်၊ ငါးပါးသီလ လုံအောင် စောင့်ထိန်းနိုင်ရင် စောင့်ထိန်းနိုင်သလောက် မြင့်မြတ်၊ ဒါ့အပြင် ရှစ်ပါးသီလ လုံရင် လုံသလောက် မြင့်မြတ်၊ ဒါထက် သမထ ၀ိပဿနာ ပွားများနိုင်ရင် ပွားများနိုင်သလောက် မြင့်မြတ်၊ ဈာန်တရား မဂ်တရား ဖိုလ်တရားတွေ ရရင် ရသလောက် ပိုမြင့်မြတ်လာမယ်။ ဒီလို အဆင့်အနိမ့် အမြင့်နဲ့ ခွဲလို့တော့ ရပါတယ်။ တစ်ချက်လွတ်ကြီး ပြောဆို ပစ်ပယ်ချတာမျိုးကတော့ ဗုဒ္ဓအလိုကျ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာအရေး အကြီးဆုံးလဲဆိုတာ ပြန်စဉ်းစားကြရအောင်။ ဗုဒ္ဓဘာသာမှာ ဘာအရေးအကြီးဆုံးလဲ ဆိုရင် ငါ ဘယ်လောက်အတိုင်းအတာအထိ ဘယ်လောက်မြင့်တဲ့အဆင့်အထိ ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်သုံးနိုင်ပြီလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေး၊ အားမရသေးရင် အားရတဲ့အဆင့်ရောက်အောင် တစ်ဆင့်ချင်း တိုးမြှင့် လိုက်နာ ကျင့်သုံးသွား၊ ဒါဆိုရင် ထိပ်တန်း ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
Dr. V. Parami
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.