Thursday, December 16, 2010

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၄)

ဗုဒ္ဓဘာသာကို ယနေ့ခေတ်မှာ ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး ခွဲခြားဝေဖန် သုံးသပ်နေကြတာတွေ တွေ့ရပါတယ်။ ယနေ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ပါတယ်။ သို့သော်လည်း အချို့အစဉ်အလာတွေမှာ မဟာယာန လောင်းရိပ်မကင်းတာတွေ၊ ဟိန္ဒူလောင်းရိပ်မကင်းတာတွေလဲ တွေ့ရတာပါပဲ။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်ဖြစ်ဖို့ ယောင်ယောင်ဝါးဝါးနဲ့ ကြိုးစားနေကြတာတွေလဲ ကြားသိမြင်တွေ့နေရပါတယ်။ ဥပမာပြောရလျှင် ရှင်ဥပဂုတ် ဆိုတာ မြန်မာပြည်တစ်ဝှမ်း ရေပန်းလဲစား ကိုးကွယ်ယုံကြည်မှုတွေလဲ များနေပါတယ်။ ရှင်ဥပဂုတ် ဖောင်မျှောပွဲ၊ ရှင်ဥပဂုတ် ပူဇော်ပွဲ၊ ရှင်ဥပဂုတ် တင်မြှောက်ပွဲ စသည်ဖြင့် ဒေသအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ် ကိုးကွယ်နေကြတာတွေပါပဲ။ ဘုရားစေတီ ရင်ပြင်တွေမှာရော၊ အချို့ရေကန်တွေမှာပါ ရှင်ဥပဂုတ်ပုံကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှင်ဥပဂုတ် သမိုင်းကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ မတွေ့ရပါဘူး။ သို့သော် ရှင်ဥပဂုတ်သည် အိန္ဒိယတွင် သူ့ခေတ် သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့တာတော့ သေချာပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ပါးပါး သို့မဟုတ် တစ်ယောက်ယောက် ကွယ်လွန်သွားတဲ့အခါမှာ နတ်သားဖြစ်သွားတယ် ဘာဖြစ်သွားတယ် စသည်ဖြင့် သူတို့ရဲ့နောက်လိုက်တွေ ပရိသတ်တွေကို ဖြေသိမ့်ဖို့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ကနေ ဖန်တီးပေးလေ့ရှိတာဟာ ရှေးက ခေတ်စားခဲ့ပါတယ်။ ရှင်ဥပဂုတ်ကိစ္စမှာလဲ ဒီလို ဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖန်တီးလာခဲ့တဲ့ ကိစ္စကို နောက်ပိုင်းခေတ်အထိ ဆက်လက်ယုံကြည် နေကြတဲ့သဘောပါ။ ထိုယုံကြည်မှုက အိန္ဒိယကနေ မြန်မာပြည်အထိ ပြန့်နှံ့လာတဲ့သဘောပါ။ ရှဥပဂုတ်ယုံကြည်မှုဟာ မြန်မာလူမျိုးတို့အကြား ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေပြီဖြစ်လို့ မောင်းထုတ်ဖို့ရန် အလွန်ဝန်လေးတဲ့အလုပ်ပါ။ ဒီတော့ ပြဿနာပေါင်းသောင်းခြောက်ထောင် ဖန်တီးပြီးမောင်းထုတ်ဖို့ ကြိုးစားနေမယ့်အစား ဗုဒ္ဓဘာသာ အစဉ်အလာလို့ မခံယူဘဲ မြန်မာ့ရိုးရာ အစဉ်အလာယုံကြည်မှုလို့ နားလည်လိုက်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့ရိုးရာအနေနဲ့ အမြစ်တွယ်နေပြီလေ။ ဘာသာယုံကြည်ချက်ကို ထိခိုက်မယ်၊ လောက ပတ်ဝန်းကျင်အတွက် အန္တရာယ်များမယ်ဆိုရင်တော့ တွန်းလှန်ပစ်သင့်ပါတယ်။ သို့သော် ထိုကိစ္စမျိုးဟာ မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမျိုး မရှိတဲ့အတွက် ပြဿနာရှာပြီး အချိန်ကုန် ခံမနေဖို့ ပြောချင်တာပါ။ ဇမ္ဗုပတိချွတ်ခန်းပုံပြင်ဟာ ထေရ၀ါဒပိဋကတ်တော်မှာ မတွေ့ရပါဘူး။ ဇမ္ဗုပတိမင်းကို ချွတ်ချင်လို့ ဘုရားက အဲဒီ မင်းထက် ပိုပြီးလှအောင် မင်းဝတ်တန်ဆာတွေ ဆင်မြန်းပြတယ်ဆိုတာပါ။ ဒါဟာ မဟာယာနတို့ လက်ခံကျင့်သုံးနေတဲ့ အယူအဆ တစ်ရပ်ပါပဲ။ သို့သော်လည်း မြန်မာပြည်မှာ ထိုကဲ့သို့သော ဘုရားဆင်းတုတော်များ အများအပြားကို ခေတ်အဆက်ဆက်က ထုလုပ်ကိုးကွယ်နေကြတာ ယနေ့အထိပါပဲ။ ဒါကို ထေရ၀ါဒမဟုတ်လို့ ပစ်ပယ်မယ်ဆိုရင် မြန်မာပြည်မှာ ဆင်းတုပေါင်း မရေတွက်နိုင်အောင်ကို ဖျက်သိမ်းပစ်ရပါလိမ့်မယ်။ မြန်မာပြည်တစ်ပြည်လုံးက ကိုးကွယ်နေတဲ့ မန္တလေးမြို့က မဟာမြတ်မုနိ ရုပ်ရှင်တော်သည်ပင်လျှင် ဇမ္ဗုပတိ ပုံပြင်လာအတိုင်းထုလုပ်ထားတဲ့ ရုပ်တုဖြစ်နေတာကို အထင်အရှား သတိထားကြည့်နိုင်ပါတယ်။ ဒီအယူအဆကို မဟာယာနဆိုပြီး တိုက်ထုတ်နေမယ့်အစား မြန်မာ့ ရိုးရာယုံကြည်မှုတစ်ရပ်အနေနဲ့သာ စွဲယူ ကိုးကွယ်လိုက်ပါ။ ဘုရားဆင်းတုကို ဘုရားရဲ့ကိုယ်စား ကိုယ်ပွားဆင်းတုလို့သာ ယုံကြည်ကိုးကွယ်လိုက်ပါ။ အကျိုးမယုတ်ပါဘူး။ ကုသိုလ်ရတဲ့အလုပ်ပါ။ မည်သည့်ဆင်းတုမှ ဘုရားရှင်အစစ်နဲ့ ချွတ်စွပ်တူတာမရှိပါဘူး။ ပုံတော်မှတစ်ဆင့် ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို မှန်းဆကိုးကွယ်ကြရတဲ့သဘောပါ။ မြန်မာပြည်မှာ အခုနောက်ပိုင်း ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး စကားလုံးကြီးကြီး ကျယ်ကျယ်တွေ တော်တော်တွင်တွင်ကျယ်ကျယ် သုံးလာကြတာ တွေ့ရပါတယ်။ ထေရ၀ါဒနဲ့ မဟာယာနဟာ အယူအဆချင်း လိုက်နာကျင့်သုံးမှုချင်း တစ်ခြားစီဖြစ်နေပေမယ့် ဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစီးအောက်မှာ ရှိနေတာချင်းတော့ တူညီပါတယ်။ ဗုဒ္ဓဘာသာချင်း တူညီတော့ တစ်ခုနဲ့တစ်ခု နှီးနွယ်ဆက်စပ်မှုတော့ ရှိနေတာ ငြင်းပယ်လို့မရပါဘူး။ ထို့အတူ ဟိန္ဒူသည်လဲ ဘုရားပွင့်တဲ့ အိန္ဒိယမှာ ဘုရားမပွင့်မီကပင် ခေတ်စားနေတဲ့အယူအဆ ဖြစ်နေတာကြောင့် ဗုဒ္ဓဘာသာထဲတွင် အချို့ကိစ္စတွေမှာ မသိမသာ ရောနှောပါဝင်နေတာ တွေ့ရပါတယ်။ လူသေလျှင် (၇) ရက်စေ့မှ ၀ိညာဉ်ဟာ အိမ်ကထွက်သွားတယ် ဆိုတဲ့အယူအဆ၊ နတ်ကိုးကွယ်ယုံကြည်မှု အယူအဆ၊ ဗေဒင် ယတြာ၊ ဓာတ်ရိုက်ဓာတဆင် အယူအဆ စသည်ဖြင့်။ ဒါတွေဟာ တကယ်တော့ စိတ်ဖြေဆည်ရာ စိတ်သက်သာရာရအောင် လုပ်ကြတဲ့အလုပ်တွေပါ။ ကိုးကွယ်ရာအဖြစ်နဲ့ မခံယူမိဖို့သာ အရေးကြီးပါတယ်။ နတ်ကမှ ကိုးကွယ်ရာအစစ်၊ ဗေဒင်ဆရာ၊ ဘိုးတော်၊ ဘရသေ့တို့ကမှ ဒို့ရဲ့အားကိုးရာ အစစ်လို့ ခံယူမိပြီး ဘုရား တရား သံဃာ ပစ်ပယ်လိုက်မယ်ဆိုရင်တော့ ဘ၀ သံသရာ ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အပျင်းပြေ၊ စိတ်ပြေလက်ပျောက် လုပ်တာလောက်တော့ ငရဲရောက်ဖို့ အကြောင်း မရှိပါဘူး။ ဗုဒ္ဓဘာသာအတွင်းသို့ ရောနှောဝင်ရောက်ပြီး အမြစ်တွယ်နေပြီဖြစ်တဲ့ အခြားဘာသာတို့ရဲ့ အယူအဆတွေ၊ ကိုယ့်နိုင်ငံရဲ့ ရိုးရာဖြစ်လာတဲ့ အမူအကျင့်တွေဟာ အပြစ်အနာအဆာ တစ်စုံတရာမရှိဘူးဆိုရင်တော့ အပြင်းအထန် တိုက်ထုတ်နေစရာမလိုလှပါဘူး။ ဗုဒ္ဓ၀ါဒနဲ့ ဖီလာကန့်လန့် ဆန့်ကျင်နေတယ်ဆိုရင်တော့ဖြင့် ရဲရဲရင့်ရင့် တိုက်ထုတ်ပြစ်ရမှာပါပဲ။ Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.