ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၂)

မနေ့က ဟောင်ကောင်က မဟာယာနဘုန်းကြီးတစ်ပါး သူ့နာမည်က ဓမ္မဇောတိတဲ့။ သူက India နိုင်ငံ Mumbai မြို့ K.J. Somaiya College မှာ အဘိဓမ္မာနဲ့ ပတ်သက်တဲ့ လက်ချာ (lecture) တစ်ခု ပေးသွားတယ်။ Director of Department for Buddhist Studies က lecture ကို တက်ရောက်ရန် တိုက်တွန်းသဖြင့် သွားရောက်နားထောင် ခဲ့တယ်။ အဘိဓမ္မာကို ပြောရင်းနဲ့ သူက သူတို့ဂိုဏ်းက ပစ (paja) ကို အဓိကထားတယ်။ ပစဆိုတာ ထေရ၀ါဒမှာ ပညာပဲတဲ့။ ပညာဟာ misunderstanding, wrong understanding လဲရှိနိုင်တယ်တဲ့။ ဒီစကားတစ်လုံးက သူ အဘိဓမ္မာကို နားမလည်ဘူး မတတ်ဘူးဆိုတဲ့သဘောကို ပြလိုက်တာပါပဲ။ ဒါကြောင့် ဒို့ဗုဒ္ဓဘာသာတွေ ပညာဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာ ပြောချင်စိတ်ပေါက်လာတယ်။ ဒို့ဗုဒ္ဓဘာသာမှာ ပညာဆိုတာ အမှားသိမရှိဘူး။ အမှန်သိပဲရှိတယ်။ ပညာမှာ အဆိုးမရှိဘူး။ အကောင်းပဲရှိတယ်။ မှားတယ်ဆိုရင် ပညာမဟုတ်ဘူး။ ဒိဋ္ဌိ သို့မဟုတ် သညာပဲ ဖြစ်မယ်။ ဒီတော့ ယနေ့ မြန်မာစကားမှာ တွင်တွင်သုံးနေတဲ့ ပညာဆိုတဲ့ စကားလုံးကလဲ ပါဠိကလာတဲ့ ပညာအဓိပ္ပါယ်နဲ့ များစွာ ကွဲလွဲနေတာ တွေ့ရပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ မွေးစားစကားလုံးဆိုတော့ ကိုယ့်မြန်မာစကားလုံး ဖြစ်နေပြီလေ။ အသိပညာ၊ အတတ်ပညာ မှန်သမျှကို ပညာလို့ ပြောဆိုနေကြတာဟာ မြန်မာစကားလို့သာ မှတ်လိုက်ပါ။ လောကီဆိုင်ရာ အရပ်သုံးဖြစ်တဲ့ ၀ိဇ္ဇာ သိပ္ပံ ပေါ့။ ၀ိဇ္ဇာ ဆိုတာ အသိပညာ၊ သိပ္ပံ ဆိုတာ အတတ်ပညာ။ ဒါပေမယ့် ဗုဒ္ဓဘာသာက ပြောတဲ့ ပညာက အသိပညာ အတတ်ပညာအားလုံးကို ပညာလို့ မသတ်မှတ်ဘူးဆိုတာလေး သိစေချင်တာပါ။ ပညာတွေသင်တယ်၊ စာမေးပွဲတွေ အောင်တယ်၊ ဘွဲ့တွေ ရတယ်၊ လက်မှတ်တွေရတယ်။ ဒါကို အားလုံးက ပညာလို့ သိနေကြ နားလည်နေကြတယ်။ ပြောလဲ ပြောနေကြတယ်။ တကယ်တော့ အဘိဓမ္မာရှုထောင့်က ကြည့်ရင် ဒါဟာ သညာသိ သိနေတာတွေပါပဲ။ ဒီအသိတွေ ပညာတွေထဲမှာ မှားတာလဲ ပါမယ်၊ မှန်တာလဲပါမယ်။ ကောင်းတာလဲ ပါမယ်၊ ဆိုးတာလဲ ပါမယ်။ ကုသိုလ်ဖြစ်ကြောင်းလဲ ပါမယ်၊ အကုသိုလ်ဖြစ်ကြောင်းလဲ ပါမယ်။ အစုံပါနိုင်တာပေါ့။ ဥပမာ ဆေးကျောင်းသားတွေ ဆိုရင် တိရစ္ဆာန်လေးတွေ ခွဲစိပ်စမ်းသပ်ရတာ၊ ဖားတွေ ငါးတွေ ခွဲစိပ်ကြည့်ရတာ စသည်ဖြင့်၊ လက်နက်လုပ်တဲ့ပညာ၊ အဆိပ်လုပ်တဲ့ပညာ စသည်ဖြင့် ဒါတွေဟာ ပညာဆိုတဲ့စကားလုံးထဲမှာ အကုသိုလ်ဖြစ်ကြောင်းတွေ ပါနေတာလေ။ ကားမောင်းတတ်တာလဲ ပညာ၊ ဈေးရောင်းတတ်တာလဲ ပညာ၊ တိုက်ခိုက်တတ်တာလဲ ပညာ၊ သတ်ဖြတ်တတ်တာလဲ ပညာ၊ ဖဲရိုက်တတ်တာလဲ ပညာ၊ စုန်းကဝေအတတ်ကိုတောင်မှ ပညာတတ်တယ်လို့ ဆိုနေကြတာပဲ။ လောကမှာတော့ ဒီလိုပဲသုံးနေကြတာ။ ပညာဆိုတဲ့ ပါဠိကို မြန်မာစကားလုံးအဖြစ် မွေးစားယူလိုက်ပြီး အဘိဓမ္မာက ပြောတာထက် ပိုမိုကျယ်ဝန်းများပြားတဲ့ အဓိပ္ပါယ်တွေ ထည့်သွင်းယူလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာစကားဖြစ်သွားတော့ မြန်မာနားလည်တဲ့အတိုင်းပဲ ထားလိုက်ပေါ့။ အဲဒါတွေအားလုံးကို ပညာလို့ပြောတဲ့အတိုင်း ပညာလို့သာသိထား လိုက်ပေါ့။ ဒါပေမယ့် ဒီမှာ ဗုဒ္ဓဘာသာမှာ သုံးထားတဲ့ ပညာအကြောင်း အတိအကျ ပြောချင်တာပါ။ ပညာမှာ အဆိုးမရှိဘူး၊ အကောင်းသာ ရှိတယ်၊ အမှားမရှိဘူး၊ အမှန်သာ ရှိတယ်၊ အကုသိုလ်ဖြစ်ကြောင်း မရှိဘူး၊ ကုသိုလ်ဖြစ်ကြောင်းသာ ရှိတယ်။ ဗုဒ္ဓအလိုကျ ပြောပြရမယ်ဆိုရင် ကုသိုလ်ဖြစ်ကြောင်းအလုပ်တွေမှာ ပညာပါတဲ့ ကုသိုလ်ရှိမယ်၊ ပညာမပါတဲ့ကုသိုလ်ရှိမယ်။ ဒါကြောင့် ကုသိုလ်ဖြစ်ကြောင်းမှန်သမျှ ပညာပါတယ်လို့တော့ ပြောလို့မရဘူး။ ပညာပါတဲ့ ကုသိုလ်ရှိမယ်၊ မပါတဲ့ကုသိုလ်လဲရှိမယ်။ ပညာပါတော့ ဉာဏသမ္ပယုတ်- ဉာဏ်ပါတယ်ပေါ့၊ မပါတော့ ဉာဏ၀ိပ္ပယုတ်- ဉာဏ်မပါဘူးပေါ့။ ဒီလိုပြောပါတယ်။ ဒါပေမယ့် ပညာကြောင့် အကုသိုလ်ဖြစ်တယ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ပညာစစ်မှန်ရင် အကုသိုလ် မဖြစ်ဘူး၊ ပညာ မစစ်မှန်မှ အကုသိုလ်ဖြစ်တာ။ အဘိဓမ္မာစကားနဲ့ပြောရင် ပညာက အကုသိုလ်စိတ်နဲ့ အတူတွဲမဖြစ်ဘူး။ ဒါ လိုရင်းပဲ။ ဒါမသိရင် ဗုဒ္ဓဘာသာက ပြောတဲ့ပညာအကြောင်း နားမလည်နိုင်ဘူး။ မြန်မာစကားသုံးပညာနဲ့ ရောထွေးနေတတ်တယ်။ ဒါကြောင့် မြန်မာစကားသုံး ပညာနဲ့ ဗုဒ္ဓဘာသာသုံး ပညာကို ကွဲကွဲပြားပြား သိထားစေချင်တယ်။ အခု ရှင်းလင်းချက်ပေးနေတာက ဗုဒ္ဓဘာသာသုံး ပညာအကြောင်းပါ။ ပညာကို ဉာဏ်လို့လဲခေါ်တယ်၊ သမ္မာဒိဋ္ဌိလို့လဲ ခေါ်တယ်။ အကောင်းအဆိုး အကြောင်း အကျိုး ကွဲကွဲပြားပြား သိတဲ့ အသိလေးပေါ့။ မှန်မှန်ကန်ကန် သိတဲ့အသိလေး၊ အကုသိုလ် အပြစ်ကင်းတဲ့ အသိလေးပေါ့။ ဒီလို သိတဲ့ အသိကို ပညာလို့ခေါ်ပါတယ်။ ကုသိုလ်ရကြောင်း အလုပ်တွေမှာ ပညာပါတာလဲ ရှိ၊ မပါတာလဲ ရှိမယ်။ ဈာန်ရကြောင်း အကျင့်တွေမှာ ပညာပါတယ်၊ မဂ်၊ ဖိုလ်ရကြောင်း နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေမှာ ပညာပါတယ်။ ပညာမပါရင် ဈာန်လဲ မရဘူး၊ မဂ် ဖိုလ်လဲ မရဘူး၊ နိဗ္ဓာန်လဲ မရောက်ဘူး။ ဈာန်ရကြောင်းဆိုရင် သမထပညာပေါ့၊ မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်းဆိုရင် ၀ိပဿနာ ပညာပေါ့။ ပညာတော့ ပါရတာချည်းပဲ။ ဒါကို တိတိကျကျ မသိတဲ့အခါကျတော့ ၀ိပဿနာလုပ်မှ ပညာဖြစ်တယ်ထင်နေတာ။ တော်တော်လွဲချော်နေကြတာတွေ ရှိတယ်။ အခုပြောခဲ့တဲ့စကားတွေကို ပြန်ပြီး ခြုံငုံကြည့်လိုက်ပါ။ ကုသိုလ်မှာလဲ ပညာပါနိုင်တာပဲ။ ဈာန်မှာကျတော့ ပညာ ပါကို ပါရတယ်။ မပါရင် ဈာန်ကို မရဘူးလို့ မှတ်လိုက်။ ဒါပေမယ့် ဘာပညာလဲဆိုရင် သမထပညာ။ ၀ိပဿနာလုပ်တော့ ၀ိပဿနာပညာပေါ့။ ပညာက ပါပါတယ်။ အဆင့်လေးတွေ ကွာသွားတာ။ ကုသိုလ်ပညာ၊ သမထပညာ၊ ၀ိပဿနာပညာ ဒီလို ကွာသွားတာ။ ပညာမှန်ရင် ဘယ်ပညာမှ အပါယ်မပို့ဘူးဆိုတာကိုလဲ မှတ်လိုက်ပါဦး။ ဒီ concept တွေ အယူအဆတွေ မသိတဲ့အခါကျတော့ ကုသိုလ်လုပ်နေတာ တောင်မှ အပါယ်ရောက်ကြောင်းထင်နေတဲ့ လူတွေက ရှိနေတတ်တယ်။ သောဏဒဏ္ဍသုတ်က လာတဲ့အတိုင်း ပြောပြရရင် သီလရှိသူမှာ ပညာရှိ၏၊ ပညာရှိသူမှာ သီလရှိ၏- တဲ့။ ဆိုလိုတာက သီလရှိရင် ကုသိုလ်ရှိတယ်၊ ကုသိုလ်ရှိရင် ပညာရှိတယ်ပေါ့။ ဒီအတိုင်းပဲ ပညာရှိရင် ကုသိုလ်ရှိတယ်၊ ကုသိုလ်ရှိရင် သီလရှိတယ်ပေါ့။ (သီလပရိဓောတာ ပညာ ပညာပရိဓောတံ သီလံ၊ ယတ္ထ သီလံ တတ္ထ ပညာ၊ ယတ္ထ ပညာ တတ္ထ သီလံ၊ သီလ၀တော ပညာ၊ ပညာဝတော သီလံ)။ ဒါဆိုရင် သီလမရှိရင် ပညာမရှိဘူး၊ ပညာမရှိရင်လဲ သီလမရှိဘူးလို့ နားလည်ရမယ်။ ဒီအခြေခံ သီလ ပညာနဲ့သာ နေထိုင်သွားမယ်ဆိုပါက နောင်ဘ၀အဆက်ဆက် ကောင်းစားရေး မြင့်မြတ်ရေး အထက်တန်းကျရေး အထောက်အပံ့ဖြစ်ပြီး နောက်ဆုံးတော့ နိဗ္ဗာန်ဝင်စံကြရမှာပေါ့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ ကျွတ်တမ်းဝင်ချင်တယ်ဆိုရင်တော့ အခြေခံသီလ ပညာခိုင်မြဲပြီးမှ ဒီထက်မြင့်တဲ့ သမထပညာ၊ ၀ိပဿနာပညာတွေ ပွားမြားယူရင်းနဲ့ ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်မှာပါ။ Dr. V. Parami

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး