Sunday, December 12, 2010

ပြောမယုံ ကြုံမှသိ

ကုလားပြေတွင် ဘုရားနေခဲ့တာမှန်ပေမယ့် သာသနာတော့ အခြေတကျ နေလို့မရနိုင်ပါဘူး။ ဗုဒ္ဓဘာသာတော့ ရှိသေးပါတယ်။ ဒါပေမယ့် ဘုရား၊ တရား၊ သံဃာအကြောင်း ကောင်းကောင်းနားမလည်တော့တဲ့ ဗုဒ္ဓဘာသာဝင်တွေသာ များပါတယ်။ ကိုးကွယ်ရာမဲ့ ဗုဒ္ဓဘာသာ လို့ပြောလိုက ပြောလို့ရပါတယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင် ရဟန်းတွေမရှိတဲ့ဗုဒ္ဓဘာသာအဖြစ်နဲ့သာ ရပ်တည်နေတာ တွေ့ရပါတယ်။ ရဟန်းတော်တွေ ဘာကြောင့် ဟောဒီ ကုလားပြေမှာမရပ်တည်နိုင်ကြတာလဲဆိုရင်တော့ မြင်သလောက်ပြောရရင် ရဟန်းတော်တို့နဲ့ လိုက်လျောညီထွေမရှိတဲ့ယဉ်ကျေးမှုကြောင့်လို့ပဲဆိုနိုင်ပါတယ်။ ဟိုဟို ဒီဒီ ဘုရားဖူးမှီလို့ ရပ်တည်နေကြတာကို မဆိုလိုပါဘူး။ လူထုအကြားမှာ မရပ်တည်နိုင်ခြင်းအကြောင်းကိုသာ ပြောနေတာပါ။ ရဟန်းတော်တို့ဆိုတာ ဆွမ်းခံစားရပါတယ်။ နေလွဲညစာ စားလို့မရပါဘူး။ ကုလားပြေမှာ နံနက်စောစော ဘာအစားအစာမှ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ စားသောက်ဆိုင်တွေတောင်မှ နေ့(၁၂)နာရီနောက်ပိုင်းမှ စဖွင့်လေ့ရှိကြပါတယ်။ (၁၂)နာရီအတွင်းသွားလို့ကတော့ ဘာစားစရာမှ လွယ်လွယ်မရနိုင်ပါဘူး။ ကုလားတွေရဲ့နေလည်စာအချိန်ဟာ နေ့ (၁)နာရီနဲ့ (၂)နာရီအတွင်းသတ်မှတ်ထားကြတယ်။ ဒါဟာ ရဟန်းတော်တွေအတွက် နေလို့မဖြစ်တော့တဲ့ အချက်တစ်ခုပါပဲ။ တကယ်လို့ဆွမ်းခံထွက်မယ်ဆိုရင်လဲ ဆွမ်းလောင်းသူတစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။ သူတို့ကိုးကွယ်တဲ့ဘာသာမဟုတ်လို့ပါ။ ဒါကလဲ တစ်ချက်ပေါ့။ နောက်တစ်ချက်က ရဟန်းတော်တွေတွေ့ရင် အလေးပေဆက်ဆံရမယ့်အစား အထင်သေးအမြင်သေးနဲ့ နှိမ်၍ဆက်ဆံလေ့ရှိကြတယ်။ အရိုအသေပေးရမှန်းမသိတဲ့အပြင် အရိုင်းအစိုင်းပင် ပြုမူဆက်ဆံလေ့ရှိတာကလဲ တစ်ချက်ပါပဲ။ ကုလားဟိန္ဒူတွေဟာ သူတို့သာလျှင် လောကမှာအမြတ်ဆုံး၊ ဘယ်သူမှသူတို့လောက်မမြင့်မြတ်ဘူးဆိုတဲံခံယူချက်ကလဲ ရဟန်းတွေအပေါ် အရိုအသေမပေးနိုင်တဲ့အဓိက အချက်တစ်ခုဖြစ်နေပါတယ်။ အမျိုးသမီးတွေကတောင်မှ ရဟန်းတွေထက်မြတ်တယ်လို့ သူတို့ကိုယ်သူတို့ ယူဆနေကြတဲ့အတွက် ရဟန်းတော်တွေကို လူတွေထက် အဆင့်နှိမ့်ဆက်ဆံလေ့ရှိတာတွေ များနေတယ်။ မနှိမ့်တောင်မှ တန်းတူလောက်ပဲ သဘောထားနိုင်ကြပါတယ်။ သူတိုဘာသာနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတာတွေကများနေတော့ ရဟန်းတော်တွေအတွက် နေထိုင်ဖို့အခက်အခဲတွေသာများနေတယ်။ ဒါကြောင့် ကုလားပြေမှာ ဘုရားနေခဲ့ပေမယ့် သံဃာမနေနိုင်ပါဘူး။ သံဃာမနေနိုင်တော့ တရားလဲ ဘယ်နေနိုင်တော့မလဲ။ သာသနာရှိသေးတယ်ပြောနေကြပေမယ့် တကယ်လက်တွေ့မျက်တွေ့မှာတော့ အခြေမခိုင်မာတဲ့သာသနာသာလျှင် ၀ါးတားတားတွေ့မြင်ရတာပါ။ သူတို့အစိုးရကတော့ သူတို့ပြည်ကပွင့်တဲ့ဘုရားသာသနာ သူတို့ပြည်ပြန်လည်ထွန်းကားအောင် လုပ်မယ်လို့ လေသံပေးလေ့ရှိပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုတွေ ဖြောင့်ဖြောင့်ဆန့်ကျင်နေ (cultural shock) တဲ့အတွက် ဘယ်နည်းနဲ့မှ ဖြစ်နိုင်စရာမရှိပါဘူး။ Dr.V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.