ဥပါဒါနပစ္စယာ ဘဝေါ

ဥပါဒါနပစ္စယာ ဘဝေါ-၌ ဥပါဒါန-အရ ဥပါဒါန်တရား (၄)ပါးကို ယူရပါတယ်။ ဘဝ-အရ ကမ္မဘဝနဲ့ ဥပပတ္တိဘ၀ နှစ်ပါးကိုယူရပါတယ်။ ကမ္မဘဝ-အရ လောကီ ကုသိုလ် အကုသိုလ် စေတနာ(၂၉)ပါးကို ကောက်ယူရပါတယ်။ ဥပပတ္တိဘဝ-အရ ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက်(၃၂)၊ စေတသိက် (၃၅)၊ ကမ္မဇရုပ် (၂၀) တို့ကို ကောက်ယူရပါတယ်။ သင်္ခါရနှင့် ဘဝအရ စေတနာကိုပင် ကောက်ယူရသည်ဖြစ်ရာ အတိတ်ဘဝ၌ ဖြစ်ခဲ့သော စေတနာသည် သင်္ခါရ၊ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်သောစေတနာသည် ကမ္မဘဝလို့ ခွဲခြားနားလည် ထားရပါမယ်။ သင်္ခါရသည် အတိတ်ကာလ၊ ကမ္မဘဝသည် ပစ္စုပ္ပန်ကာလလို့ ကာလကွာခြားပါတယ်။ တရားတွေအရကတော့ အတူတူပါပဲ။ တစ်နည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရ။ စေတနာ၊ ထိုစေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာ စသောတရားအပေါင်းသည် ဘဝမည်၏လို့လည်း မှတ်ထားနိုင်ပါတယ်။ အကုသိုလ်အရာ၌ ကာမဂုဏ်အာရုံကိုစွဲလန်းမှု ကာမုပါဒါန်ကြောင့် ဒုစရိုက်ကိုပြုလျှင် ထို ဒုစရိုက်စေတနာက ကမ္မဘဝ၊ ထိုအကုသိုလ်စေတနာကြောင့် ငရဲ တိရစ္ဆာန် စသော အပါယ်ဒုဂ္ဂတိဘုံတို့၌ ပဋိသန္ဓေနေရခြင်းသည် ဥပပတ္တိဘဝဖြစ်ပါတယ်။ ဤသို့ ကာမဂုဏ်၌ လွန်စွာစွဲလန်းမှု ဥပါဒါန်ကြောင့် အကုသိုလ်ကံဟူသော ကမ္မဘဝနှင့် ဒုဂ္ဂတိဘဝဟူသော ဥပပတ္တိဘဝတို့ ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။ ကုသိုလ်အရာ၌ လူ့ဘ၀ နတ်ဘ၀ သာယာစွဲလန်းခြင်းကြောင့် သုစရိုက် ကုသိုလ်ကံကို ပြုလုပ်အားထုတ်လျှင် ထိုကုသိုလ်ကံသည် ကမ္မဘဝ၊ ထိုကံကြောင့်ဖြစ်သော နတ်ပဋိသန္ဓေဝိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘဝဖြစ်ပါတယ်။ ဤသို့ လူ့ဘ၀ နတ်ဘ၀ သာယာစွဲလန်းမှု ဥပါဒါန်ကြောင့် ကုသိုလ်ကံဟူသော ကမ္မဘဝနှင့် သုဂတိဘဝဟူသော ဥပပတ္တိဘဝတို့ ဖြစ်ပေါ်လာရပါတယ်။ အကုသိုလ်ကမ္မဘ၀ ပြုထားသောကြောင့် အပါယ်လေးဘုံ၌ အပါယ်ဘဝခန္ဓာလို့ဆိုတဲ့ ဥပပတ္တိဘ၀ အမျိုးမျိုးတို့ ဖြစ်ပေါ်လာသကဲ့သို့ ကုသိုလ်ကမ္မဘဝကို ပြုထားသောကြောင့် ကာမသုဂတိ(၇)ဘုံ၌ ကာမသုဂတိဘဝခန္ဓာလို့ ဆိုတဲ့ ဥပပတ္တိဘဝအမျိုးမျိုးဖြစ်ပေါ်လာရပါတယ်။ ထို့အတူ ရူပဘုံ၌ ရူပဗြဟ္မာခန္ဓာ၊ အရူပဘုံ၌ အရူပဗြဟ္မာခန္ဓာဆိုတဲ့ ဥပပတ္တိဘဝအမျိုးမျိုးတို့ ဖြစ်ပေါ်လာရပါတယ်။ ဤသို့ ဘဝတစ်ခုနှင့်တစ်ခု ဆက်စပ်နေမှုသည် အပြင်းအထန်စွဲလန်းသော ဥပါဒါန်ကြောင့်သာ ဖြစ်ရသဖြင့် ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်လို့ ဟောတော်မူရခြင်းဖြစ်ပါတယ်။ ကမ္မဘဝသသည် ယခုဘ၀ ဖြစ်ပေါ်နေတဲ့ စေတနာကံတရားသာဖြစ်ပါတယ်။ ဥပပတ္တိဘဝသည် ယခုဘဝတွင် ဖြစ်သော ဥပါဒါန်ကြောင့် နောက်ဘ၀ နောက်ခန္ဓာကို ရရှိခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက စက်ဝိုင်းအကွက် (၃)တွင် ကမ္မဘဝကိုထားပြီး စက်ဝိုင်း အကွက်(၄) နောက်ဘဝဖြစ်စဉ်တွင် ဥပပတ္တိဘဝကို ခွဲခြားပြထားခြင်းဖြစ်ပါတယ်။ ကမ္မဘဝရော ဥပပတ္တိဘဝပါ နှစ်မျိုးလုံးဟာ စွဲလန်းမှု ဥပါဒါန်ကြောင့် ဖြစ်ရတဲ့ တရားတွေချည်းပါပဲ။ ဥပပတ္တိဘဝအကြောင်းကို နောက်မှ ဆက်ပြောမယ်။ အခု ကမ္မဘဝက ဒီပစ္စုပ္ပန်ဘ၀ ဖြစ်နေတဲ့ တရားဖြစ်လို့ ဒီမှာ အရင်ပြောမှ သင့်တော်ပါလိမ့်မယ်။ ဈေးထဲသွားလိုက်လို့ အင်္ကျီတစ်ထည် ဒီဇိုင်းအသစ်လှလှလေးမြင်လိုက်တယ်ဆိုရင် လိုချင်တော့ တဏှာဖြစ်တယ်။ ငါရချင်လိုက်တာလို့ မဖြစ်မနေ ရချင်လာတော့ ဥပါဒါန်ဖြစ်လာတယ်။ ဒါကို ငါဝယ်မယ်ဆိုပြီး ဈေးတွေမေးမြန်းစုံစမ်းတော့ ဝစီကံ၊ ငွေပေးချေပြီး ဝယ်ယူလိုက်တော့ ကာယကံဆိုပြီး ကံတွေဖြစ်လာတယ်။ ဒီဖြစ်စဉ်ဟာ သာမန်အားဖြင့်တော့ ရိုးရိုးစင်းစင်းလေးပဲ။ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ကြည့်လိုက်တော့ ကိလေသာတွေဖြစ်နေတာ။ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဖြစ်နေတယ်။ ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ပေါ့။ ဒီအစဉ်တွေ ဖြစ်နေပါတယ်။ သားသမီးလေးတွေ တွေ့တော့လည်း ခင်တယ်။ ခင်တော့ ငါ့သားလေးပဲ ငါ့သမီးလေးပဲဆိုပြီး စွဲလန်းစိတ်ရှိနေတယ်။ ငါ့သားသမီးလေးတွေ စားဖို့ ဝတ်ဖို့ ကျန်းမာရေး ပညာရေးအတွက် သုံးဖို့ဆိုပြီး စိတ်နဲ့လည်း အမြဲတွေးတော ကြံစည်နေရတယ်၊ ကိုယ်လိုတာရရှိဖို့အတွက် စကားတွေ ဖောင်ဖွဲ့ ပြောဆိုနေရတယ်။ ကိုယ်တိုင်လည်း ဝင်ငွေရဖို့အတွက် လုပ်ကိုင်လှုပ်ရှားနေကြရတယ်။ ဒါတွေဟာ ကမ္မဘဝတွေပါပဲ။ ခိုးတတ်တဲ့သူကလည်း တစ်စုံတစ်ရာ လိုချင်တာတွေ့ပြီဆိုရင် ဒါ ငါရအောင် ခိုးမယ်ဖြစ်လာတော့ ဥပါဒါန်ဖြစ်တာပဲ။ ခိုးဖို့ မနောကံနဲ့ ကြံစည်နေရတယ်၊ ခိုးဖို့ ဝစီကံနဲ့ ဟိုလိမ်ဒီလိမ် ပြောဆိုနေရတယ်၊ နောက်ဆုံး အဆင်သင့်ဖြစ်ပြီဆိုတော့ ကာယကံမြောက်ခိုးလိုက်တယ်။ အကုသိုလ်ရေးရာမှာလည်း တဏှာ ဥပါဒါန် ကံတွေပဲ တန်းနေသလို ကုသိုလ်ရေးရာမှာလည်း ဒီတရားတွေပဲ တန်းနေတယ်ဆိုတာလည်း သိနားလည်ထားရပါမယ်။ ဘုရားဆွမ်းကပ် ပန်းလှူ ကုသိုလ်ယူတယ်၊ ကုသိုလ်ယူရင်းမှာပဲ လူနတ်ချမ်းသာ ပြန်လည်တောင့်တတဲ့ တဏှာပေါ်လာ၊ မရမနေလိုချင်တော့ ဥပါဒါန်ဖြစ်၊ ကာယကံနဲ့ လှူမှုတန်းမှု ကုသိုလ်ပြု၊ လူချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုပြီး ဝစီကံနဲ့ နှုတ်မြွက်ဆုတောင်းတော့ ဒါတွေဟာ ကမ္မဘဝတွေ ဖြစ်နေတာပါပဲ။ ကိုယ်ပြုသမျှ ကောင်းကောင်း ဆိုးဆိုး နောက်ဆုံး ကမ္မဘဝမှာ သွားပြီး စုနေတယ်။ ကမ္မဘဝဟာ တကယ်တော့ စုဗူးနဲ့တူနေတယ်။ ဒါမှမဟုတ် ကုသိုလ် အကုသိုလ်ဒေတာတွေ စုဆောင်းထားသလိုလည်း ဖြစ်နေတယ်။ ပြုလုပ်သမျှတွေ အားလုံးဟာ အဝိဇ္ဇာ တဏှာမကင်းသရွေ့ ကာလပတ်လုံး ကံတွေဖြစ်နေမှာပါပဲ။ ကောင်းတဲ့ ကံတွေလုပ်မိတဲ့အခါ ကံကောင်းတွေစုထားမှာ ဖြစ်ပြီး မကောင်းတဲ့ကံတွေလုပ်မိတဲ့အခါ မကောင်းတဲ့ကံတွေ စုထားမှာဖြစ်ပါတယ်။ ဘာလုပ်ဖို့ စုထားတာလဲဆိုရင် ဒီဘဝစုတေမနေ သေလွန်တဲ့အခါ နောက်ဘ၀ အကျိုးကိုဆက်ပေးဖို့ စုပြုံပြီး ကမ္မဘဝအဖြစ်နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ တကယ်တော့ ကံစွမ်းသတ္တိတွေ စုနေကြတာပါပဲ။ ဒီကံစွမ်းသတ္တိတွေထဲက ကောင်းတဲ့ကံက အကျိုးပေးလိုက်တော့ နောက်ဘ၀ လူနတ်ဗြဟ္မာ သုဂတိခန္ဓာရသွားပါလိမ့်မယ်။ မကောင်းတဲ့ကံက အကျိုးပေးလိုက်တော့ နောက်ဘ၀ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်ခန္ဓာတစ်မျိုးမျိး ရသွားပါလိမ့်မယ်။ သုဂတိခန္ဓာဖြစ်စေ ဒုဂ္ဂတိခန္ဓာဖြစ်စေ သစ္စာမျက်လုံးနဲ့ကြည့်လိုက်တော့ ဒုက္ခသစ္စာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘ၀ အဝိဇ္ဇာ တဏှာမကင်းဘဲလုပ်သမျှတွေက ဒုက္ခသစ္စာ ခန္ဓာကို ဖြစ်စေမယ့် ကမ္မဘဝတွေအဖြစ် စုမိဆောင်းမိဖြစ်နေမှာဖြစ်ပါတယ်။ ဒီကံတွေရှိနေသမျှ နောင်ခန္ဓာတွေ ရှိနေဦးမှာသာဖြစ်တယ်။ ကံချုပ်သွားပြီဆိုရင်တော့ နောင်ခန္ဓာတွေလည်း ချုပ်ပြီပေါ့။ ကံစုဗူးကွဲသွားပြီ၊ ကံဒေတာတွေ ပျက်သုဉ်းသွားပြီပေါ့။ နောက်ခန္ဓာဖြစ်စေမယ့် ကံတွေလည်း မစုဆောင်းတော့သလို နောက်ခန္ဓာဖြစ်စေမယ့် ကံဒေတာတွေလည်း မသိမ်းဆည်းထားတော့ နောင်ခန္ဓာဖြစ်ကြောင်းတွေ ကင်းသွားတော့တာပါပဲ။ ဒီလိုနောင်ခန္ဓာမပေါ်ရေးအတွက် တဏှာ ဥပါဒါန်ချုပ်ဖို့လိုပါတယ်။ တဏှာဥပါဒါန်ချုပ်ရေးအတွက် ဝေဒနာကြိုက်သူက ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ကြိုက်သူက စိတ်ဖြစ်ပျက်ရှုရပါတယ်။ ဝေဒနာဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ဒီလို ဖြစ်ပျက်မဂ်ကိုက်နေတဲ့အချိန်မှာ ဝေဒနာနောက်က တဏှာမလာတော့ပါဘူး။ တဏှာချုပ်သွားပါတယ်။ တဏှာချုပ်တော့ ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ ကမ္မဘဝလည်း ချုပ်ပါတယ်။ ဒါက တဒင်္ဂချုပ်တာပေါ့။ ဝေဒနာပေါ်ခိုက် မရှုလိုက်မိလို့ ခင်မင်တဲ့ တဏှာပေါ်လာလျှင်လည်း အဲဒီ တဏှာ(လောဘ)ကိုပင် ဖြစ်ပျက်ရှုလို့ရပါတယ်။ တစ်ခါတစ်ရံ ဝေဒနာပေါ်ခိုက် ဖြစ်ပျက်မမိလိုက်တော့ တဏှာဆက်သွားတယ်။ အဲဒီတဏှာကိုပဲ ဖြစ်ပျက်လိုက်ရှုပေးလိုက်တော့ တဏှာကနေ ဥပါဒါန်ကူးခွင့်မရတော့ပါဘူး။ တဏှာဖြစ်ခိုက်မှာလည်း ဖြစ်ပျက်မမိလိုက်လို့ စွဲလန်းစိတ်ပေါ်လာတယ်၊ ဥပါဒါန်ကူးသွားတယ်ဆိုရင်လည်း အဲဒီဥပါဒါန်ကိုပဲ ဖြစ်ပျက်လိုက်ရှုပေးလိုက်ပါ။ ဒါဆို ကမ္မဘ၀ မကူးတော့ပါဘူး။ တဏှာလည်း မမိလိုက် ဥပါဒါန်အခိုက်မှာလည်း မမိလိုက်ဘဲ စေတနာ ကမ္မဘဝရောက်မှ သိလိုက်တယ်ဆိုရင်လည်း အဲဒီစေတနာကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဒီလို ဖြစ်ပျက်မဂ် ကိုက်နေအောင် မလုပ်တဲ့အချိန်မှာတော့ တဏှာ ဥပါဒါန် ကံတွေက ဖြစ်ရိုးဖြစ်စဉ်အတိုင်း တန်းနေမှာသာဖြစ်တယ်။ မျက်စိဖွင့်လိုက်တော့လည်း တဏှာ ဥပါဒါန် ကံ၊ နားစွင့်လိုက်တော့လည်း တဏှာ ဥပါဒါန် ကံစသည်ဖြင့် ဒီအစဉ်အတိုင်းသာ ပေါ်နေမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကတော့ လည်မြဲသာ လည်နေမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “ခင်ဗျားတို့ မနက်မိုးလင်း မျက်စိဖွင့်လိုက်မှာကို စိုးရိမ်ရတယ်”လို့ မိန့်တော်မူတာ။ ဝိပဿနာကင်းပြီး မျက်စိဖွင့်လိုက်တာနဲ့ ပဋိစ္စသမုပ္ပါဒ်စက် တဏှာ ဥပါဒါန် ကံတွေက တန်းလျက်ပဲ ဖြစ်နေတော့ အနာဂတ်ခန္ဓာဖြစ်ကြောင်းတရားတွေချည်း ဖြစ်ပေါ်နေတော့တယ်။ ဒီအနာဂတ်ခန္ဓာဖြစ်ကြောင်းတွေ ပေါ်နေပြီဆိုရင် အနာဂတ်ခန္ဓာ မလာပါနဲ့ တားလို့ မရတော့ဘူး။ ဒါကြောင့် အနာဂတ်ခန္ဓာဒုက္ခသစ္စာကို မလိုချင် မရချင်ပါဘူးဆိုရင်တော့ ဖြစ်ပျက် မဂ် ကိုက်အောင်လုပ်တဲ့အလုပ်ကိုသာ အားကိုးအားထားပြုကြရမှာ ဖြစ်ပါတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း