စက်ဝိုင်းအကွက်(၂) ပြန်လည်သုံးသပ်ချက်

ဖဿပစ္စယာ ဝေဒနာ- အရ ဝေဒနာ(၆)မျိုးကို မနေ့ကပြောခဲ့တယ်။ ဒီခြောက်မျိုးက ပေါ်ရာဌာနအနေနဲ့ (၆)မျိုးလို့မှတ်ရမယ်။ နောက်ပိုင်း ပြောတဲ့ ဝေဒနာ(၅)မျိုးက ခံစားမှုအလိုက် ကွဲပြားသွားတာ၊ ဒါမှမဟုတ်ရင် အာရုံအလိုက်ကွဲပြားသွားတာ။ အခု ပြောခဲ့သလောက် ပြန်ကောက်ရရင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုပြီး (၅)ပါးပြည့်သွားပြီ။ ဒီငါးပါးဟာ ယခုပစ္စုပ္ပန်ဘဝ၊ ယခုလက်ရှိဘဝကို ကိုယ်စားပြုနေပါတယ်။ သူတို့ကို သုတ္တန်နည်းအားဖြင့် ခန္ဓာ(၅)ပါးလို့လည်း ခေါ်နိုင်ပါတယ်။ အဘိဓမ္မာနည်းအားဖြင့် ခန္ဓာ(၅)ပါးကတော့ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာပါပဲ။ ဒါဖြင့် ဒီနှစ်ခုက ဘယ်လိုဖြစ်နေတာလဲလို့ ထင်စရာ ရှိတာပေါ့။ ဝိညာဏ်ဆိုတာ ဝိညာဏက္ခန္ဓာ၊ နာမ်ရုပ်-ထဲက နာမ်အရ စေတသိက် (၅၂)ပါးထဲက ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာက သညာက္ခန္ဓာ၊ ဝေဒနာ သညာက ကြွင်းတဲ့ စေတသိက်(၅၀)က သင်္ခါရက္ခန္ဓာ။ ရုပ်က ရူပက္ခန္ဓာ။ သဠာယတနထဲက ရှေ့အာယတနခြောက်ပါးက ရူပက္ခန္ဓာ၊ နောက်ဆုံး မနာယတနက ဝိညာဏက္ခန္ဓာ။ ဖဿ-က သင်္ခါရက္ခန္ဓာ၊ ဝေဒနာ-က ဝေဒနာက္ခန္ဓာ။ တူရာပေါင်းလိုက်တော့ အဘိဓမ္မာနည်းအရ ခန္ဓာငါးပါးပဲ ပြန်ရတယ်။ ဒါကြောင့် အမည်သာကွဲ နှမ်းမနဲနဲ့ ယာဂုပါပဲ။ ဘဝဆိုတာ ဒီခန္ဓာငါးပါးနဲ့ဖွဲ့စည်းထားတာပါ။ လူ့ဘဝကိုပဲ ပြောကြစို့။ နတ်တွေ ဗြဟ္မာတွေ အကြောင်း ကိုယ်နဲ့သိပ်မဆိုင်တော့ ထားခဲ့ကြမယ်။ လူ့ဖြစ်စဉ်မှာ ဘဝအစ ကတည်းက ခန္ဓာငါးပါး ပြည့်ပြည့်စုံစုံပါလာခဲ့တာ။ ပဋိသန္ဓေအခိုက်မှာကိုက ခန္ဓာငါးပါး ပြည့်စုံသွားတာလေ။ ပဋိသန္ဓေအခိုက်မှာ ဝိညာဏ်လည်းဖြစ် နာမ်ရုပ်လည်းဖြစ်တယ်။ အဲဒီမှာတင် ခန္ဓာငါးပါး ပြည့်သွားတာပါပဲ။ ဟိုဘက် တစ်ဖြည်းဖြည်း တိုးတက်ဖြစ်ပေါ်လာတာတွေကလည်း ဒီခန္ဓာငါးပါးထဲ ပေါင်းဝင်သွားတော့ ချုံးလိုက်ရင် ခန္ဓာငါးပါးပဲ ပြန်ဖြစ်ရတယ်။ ပဋိသန္ဓေအခိုက်ဆိုတာ မပြောပလောက်တဲ့ အချိန်ကလေးပါပဲ။ အဲဒီနောက်အချိန်ကနေ စုတိစိတ်မတိုင်မီအတွင်းကိုတော့ ပဝတ္တိကာလလို့ခေါ်တယ်။ ဒါကိုပဲ ဘဝအနေနဲ့ ပြောလို့ရတယ်။ စုတိစိတ်ဆိုတာလည်း ဖျပ်ဆို ဖြစ်ပျက်ပြီး ပြီးသွားတာ။ ဒီတော့ ပဝတ္တိကာလမှာ ခန္ဓာငါးပါး ဖြစ်စဉ်တွေကို ပြောပြချင်တာ။ ခန္ဓာငါးပါးကို ချုံးလိုက်မယ်ဆိုရင် ရုပ်နဲ့ နာမ်ပဲ။ ရုပ်နာမ်ရှိရင်ခန္ဓာငါးပါးပြည့်တယ်။ ဒါဆို ချဲ့လိုက်ရင် ခန္ဓာငါးပါးပေါ့။ ဒီခန္ဓာငါးပါးကိုပဲ ပုံမှန်မျက်စိနဲ့ ကြည့်နေရင် လူလို့ မြင်နေတာ။ ယောက်ျားလို့ မြင်နေတာ။ မိန်းမလို့ မြင်နေတာ။ ဦးမြ၊ မောင်လှလို့ မြင်နေတာ။ ဒေါ်စန်း၊ မမြင့်လို့မြင်နေတာ။ နာမည်တွေနဲ့ တွဲပြီး မြင်နေထင်နေတာပေါ့။ ဒါက တစ်သံသရာလုံးက ဒီလို ကြည့်လာခဲ့လို့ ဒီလိုပဲ မြင်နေတာ။ ရိုးရာအမြင်ပါပဲ။ ဒီအမြင်ကို မှားတယ်ပြောနေလို့လည်း မဖြစ်ဘူးလေ။ သမ္မုတိလောကမှာ ဒီအမြင်တွေမရှိလို့မှ မဖြစ်တာ။ ပညတ်ဆိုတာ သမ္မုတိလောကမှာ ပြောနေကြရတဲ့ အမှန်တရားဖြစ်လို့ သမ္မုတိသစ္စာလို့ ခေါ်တယ်မဟုတ်လား။ ဝေါဟာရတွေ စကားလုံးတွေ သင်္ကေတတွေ နာမည်တွေဟာ ပညတ်တွေပါပဲ။ ဒီတော့ သမ္မုတိသစ္စာဆိုတာ ပညတ်တွေကို ပြောတယ်လို့ မှတ်ထားရမယ်။ ဒီပညတ်တွေနဲ့ လောကကြီးတစ်ခုလုံး အလုပ်လုပ်နေရတာ။ ဝေါဟာရတွေ စကားလုံးတွေ နာမည်တွေ အားလုံးဟာ ပညတ်ဖြစ်တယ်လေ။ ဒါတွေမရှိရင် ဘယ်လိုလုပ် မှတ်သားနိုင်မလဲ။ ဘယ်လိုလုပ်ခွဲခြားပြောဆိုနိုင်မလဲ။ ဘယ်လိုလုပ် သင်ကြားပြသပေးလို့ ရမလဲ။ သူလည်း ရုပ်နာမ် ကိုယ်လည်း ရုပ်နာမ်။ ရုပ်နာမ်က ရုပ်နာမ်ကို စကားပြောချင်လို့တဲ့ဆိုတာမျိုး လုပ်လို့မှမရတာ။ ဒီပညတ်တွေနဲ့ပဲ တီထွင်မှုတွေလုပ်နေကြရတာ။ ပညတ်တွေနဲ့ပဲ မှတ်သားမှုတွေလုပ်နေကြရတာ။ ပညတ်တွေနဲ့ပဲ လက်ဆင့်ကမ်း သင်ကြားမှုတွေလုပ်နေကြရတာ။ ပညတ်တွေနဲ့ပဲ စာပေတွေ နားလည်အောင် ရေးပြနေကြရတာ၊ ဖတ်နေကြရတာဖြစ်ပါတယ်။ ပညတ်တွေနဲ့ပဲ တရားတွေ ဟောနေကြရတာ။ ပညတ်တွေနဲ့ပဲ စကားတွေ ပြောနေကြရတာ။ လောကီရေးရာမှာ ပညတ်ဟာ အလွန်အင်မတန်မှ အရေးကြီးပါတယ်။ မင်း ဘယ်ကလာသလဲ-ဆိုတာ ပညတ်နဲ့ မေးလိုက်တာပေါ့။ မင်းဆိုတာ ပရမတ်မှမဟုတ်တာပဲ။ ရန်ကုန်ကလာတယ်ဆိုတော့ ပညတ်နဲ့ပဲ ပြန်ဖြေလိုက်တာပဲ။ အော်- သူ ရန်ကုန်မြို့ကလာတာပဲ ဆိုတာ သိလိုက်ရတယ်။ ဒီလိုမှ ပညတ်နဲ့ မသုံးရင် communication လုပ်လို့တောင် အဆင်ပြေမှာ မဟုတ်ပါဘူး။ သူက မန္တလေးကလာတာမဟုတ်ဘူး၊ ရန်ကုန်ကလာလို့ ရန်ကုန်ကလာတယ်ပြောတာ။ အမှန်ပြောတာပဲ။ ဒါဟာ အမှန်တရားတစ်ခုပါ၊ မုသားမပါဘူး။ ဒီတော့ သူ့ကို သမ္မုတိသစ္စာ-လို့ ခေါ်တယ်။ လောကမှာ သတ်မှတ်ထားတဲ့ အမှန်တရား၊ လောကသုံးအမှန်တရားပေါ့။ ဒါကြောင့် လောကမှာ ပရမတ္ထသစ္စာတစ်ခုတည်းကိုသာ လက်ကိုင်ထားလို့ အဆင်မပြေဘူးဆိုတာကိုလည်း မှတ်ထားရမယ်။ ဖြစ်ကိုမဖြစ်ဘူးလို့ကို မှတ်ထားရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဆိုတာကိုက ပညတ်တွေပါပဲ။ ဥပမာ ရူပက္ခန္ဓာ-ဆိုတာ ပညတ်ပဲ။ ဒါကို the aggregate of corporeality လို့ အင်္ဂလိပ်လိုပြောလည်း ရတာပဲ။ ပညတ်ဖြစ်နေတော့ ဘာသာစကားတစ်ခုက တစ်ခု ပြန်ပေးလို့ရတယ်။ ပရမတ်မှာ အဲလိုပြန်ပေမယ့် ပြောင်းလဲမသွားဘူး၊ ပညတ်က ပြောင်းလဲသွားတယ်။ ရုပ်ဆိုတာ ဖောက်ပြန်တတ်တဲ့ သဘောလေးကိုပဲ ပြောတာ။ အဲဒီဖောက်ပြန်တတ်တဲ့ သဘောလေးကတော့ ဖြစ်လိုက် ပျက်လိုက်ဖြစ်နေတာလေးကတော့ ဘယ်ဘာသာနဲ့ပြန်ပြောပြော သဘောမပြောင်းဘူး။ စကားသာ ပြောင်းချင်ပြောင်းမယ်။ ဝေဒနာဆိုတာ ခံစားတာပဲ။ ဝေဒနာက ပညတ်၊ ခံစားမှုသဘောလေးက ပရမတ်။ ဒီခံစားမှုသဘောလေးကတော့ ဘယ်သူ့သန္တာန်မှာ ဖြစ်ဖြစ် အတူတူပဲ၊ လူ့သန္တာန် ခွေးသန္တာန် နတ်ဗြဟ္မာသန္တာန် ဘယ်သန္တာန်မှာ ဖြစ်စေ အတူတူပဲ။ ခံစားမှုသဘောက မပြောင်းဘူး။ အခေါ်ကတော့ပြောင်းလဲနိုင်တယ်။ feeling လို့ခေါ်ချင်ခေါ်မယ်။ sensation လို့ခေါ်ချင်ခေါ်မယ်။ ခံစားတယ်လို့ ပြောချင်ပြောမယ်။ အတွင်းသဘောက မပြောင်းဘူး။ အဲဒီသဘောကိုပဲ ပရမတ်လို့ ခေါ်တယ်။ ဒီတော့ ပရမတ်တွေကို သိဖို့ နားလည်ဖို့အတွက် ပညတ်တွေ မရှိမဖြစ်လိုအပ်တယ်။ ပရမတ္ထသစ္စာ နားလည်ဖို့အတွက် သိဖို့အတွက် သမ္မုတိသစ္စာ မရှိမဖြစ်လိုအပ်တယ်။ ဘုရားရှင်သည်ပင် အမှန်တရားတွေကို သိမြင်စေရေးအတွက် သမ္မုတိဝေါဟာရတွေ သုံးပြီး ဟောတော်မူခဲ့ရတာဖြစ်ပါတယ်။ ဘိက္ခဝေ- ချစ်သားရဟန်းတို့လို့ပဲ သုံးရတာပါပဲ။ အာနန္ဒ- အာနန္ဒာလို့ပဲ ခေါ်ရတာပါပဲ။ ရုပ်နာမ်တို့-လို့ ခေါ်ဟောတာ မရှိပါဘူး။ ဟောတော်မူတဲ့ စကားလုံးတွေတိုင်းဟာလည်း ပညတ်တွေပါပဲ။ ဒီပညတ်တွေနဲ့ ပရမတ်ကို သိမြင်သဘောပေါက်အောင် ဟောတော်မူရပါတယ်။ ပညတ်မှ ပရမတ်ဆိုက်အောင် ဟောတော်မူခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒီတော့ လောကီနယ်ပယ်မှာ ပညတ်ဟာ အရးကြီးတယ်၊ လောကုတ္တရာနယ်ပယ်- ဝိပဿနာအလုပ် အားထုတ်တဲ့နေရာမှာတော့ အဲဒီပညတ်တွေ အားလုံးကို ခဝါချနိုင်အောင် ကြိုးစားရမယ်။ ပညတ်ကို ခွါနိုင်မှ ပရမတ် ဓာတ်သားစစ်စစ်တို့ရဲ့ အဖြစ်မှန် သဘောမှန်ကို သိရမယ်။ အခု ဒီပဋိစ္စသမုပ္ပါဒ်မှာလည်း ပညတ်ဝေါဟာရတွေနဲ့ ပရမတ္ထကို ပုံဖော်ပြနေတာပါပဲ။ လူဆိုတာမရှိ နတ်ဆိုတာမရှိ ခန္ဓာငါးပါးသာ ရှိတယ်ပေါ့။ ဒီတော့ ခန္ဓာငါးပါး တကယ်ရှိတဲ့တရားကို ဖော်ပြလိုက်တယ်။ ပညတ်တွေ နာမည်တွေ ခဝါချလိုက်တော့ ခန္ဓာငါးပါး ရုပ်နာမ်တရားပဲ ကျန်တော့တယ်။ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ နတ်ဗြဟ္မာတွေ ဖျောက်၊ ပရမတ် ရုပ်နာမ်ဖောက်ထွင်းမြင်အောင် ကြည့်နိုင်ဖို့အတွက် ခန္ဓာ့ဖြစ်စဉ်ကို ပြတော်မူထားပါတယ်။ ခန္ဓာဖြစ်စဉ်အနေနဲ့ ကြည့်လိုက်တော့ ရုပ်နဲ့ နာမ်ပဲရှိတယ်။ ရုပ်က ရုပ်(၂၈)ပါး။ နာမ်က စိတ်၊ စေတသိက်တွေပါပဲ။ စိတ်က မြင် ကြား နံ စား ထိ တွေး ဒီ(၆)မျိုးပဲပေါ့။ ဒီ(၆)မျိုးကနေ စေတသိက်တွေလည်း ပါလာတော့တာပါပဲ။ ဒီတော့ အကွက်(၂)ကို အကျဉ်းပြောရရင် မျက်စိ နား နှာ လျှာ ကိုယ် စိတ်နဲ့ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာ အသီးသီးတိုက်ဆိုင်ကြတဲ့အခါ ပေါ်လာတဲ့ မြင် ကြား နံ စား ထိ တွေးဆိုတဲ့ နာမ်တရားစုပေါ်၊ ဒီတရားစုရဲ့ ပေါင်းဆုံမှုကြောင့် ဖဿပေါ်၊ ဖဿကြောင့် ဝေဒနာပေါ်နေခြင်းသာဖြစ်တယ်။ ဒီလို ပေါ်နေတဲ့ ဓမ္မဖြစ်စဉ်၊ ခန္ဓာ့ဖြစ်စဉ်ကို လူလို့ခေါ်၊ နတ်လို့ခေါ်၊ ဗြဟ္မာလို့ခေါ်၊ ငရဲ တိရစ္ဆာန်လို့ခေါ်၊ ပြိတ္တာ အသူရကာယ်လို့ခေါ်။ ခေါ်နေကြ၊ ပညတ်တင်ပြီး နာမည်တွေ ပေးနေကြခြင်းသာ ဖြစ်တယ်။ ဒီတရားစုကို ခန္ဓာအနေဖြင့်ပြောတော့ ဥပမာ မြင်စိတ်ပေါ်ခိုက် မြင်ခန္ဓာငါးပါးပေါ်တယ်ဆိုပါစို့။ မျက်စိ အဆင်းတိုက်၊ မြင်စိတ်ပေါ်စဉ်မှာ- ၁။ မျက်စိ အဆင်းက ရုပ်- ရူပက္ခန္ဓာ ၂။ ခံစားတာက ဝေဒနာက္ခန္ဓာ ၃။ မှတ်သားတာ မှတ်မိတာလေးက သညာက္ခန္ဓာ ၄။ မြင်တာလေးကို မှတ်မိအောင် ကြောင့်ကြစိုက်တာလေးက သင်္ခါရက္ခန္ဓာ ၅။ မြင်စိတ်လေးက ဝိညာဏက္ခန္ဓာ ဒီလို မြင်စိတ်လေးပေါ်တာနဲ့ ခန္ဓာငါးပါးက တစ်ပြိုင်နက်ပေါ်လာတယ်။ ဒါကို မြင်ခန္ဓာငါးပါးပေါ်လာတယ်လို့ဆိုတယ်။ ထို့အတူ ကြားခန္ဓာ နံခန္ဓာ စားခန္ဓာ ထိခန္ဓာ တွေးခန္ဓာပေါ်ပုံတွေကို သိထားရမယ်။ ပေါ်တုန်းကလည်း ခန္ဓာငါးပါး တစ်ပြိုင်နက်ပေါ်တာ၊ ပျက်တော့လည်း တစ်ပြိုက်နက်ပျက်တယ်ဆိုတာ ဒီသဘောတရားလေးတွေသိမှ ပိုရှင်းတယ်။ ဒီတော့ စိတ်ရှုချင်လည်း ရှု၊ ဝေဒနာရှုချင်လည်း ရှု။ ရှုချင်ရာရှုပါ။ စိတ်ရှုတော့လည်း ပေါ်တဲ့နေရာမှာ ပျက်ရတယ်။ စိတ်(ဝိညာဏက္ခန္ဓာ)ပျက်တာနဲ့ စိတ်နဲ့ အတူပေါ်လာတဲ့ ကျန်တဲ့ခန္ဓာတွေ အကုန်ပျက်တာပဲ။ ဝေဒနာရှုတော့လည်း ပေါ်တဲ့နေရာမှာ ပျက်ရတယ်။ ဝေဒနာ (ဝေဒနာက္ခန္ဓာ)ပျက်တာနဲ့ သူနဲ့တွဲပေါ်လာတဲ့ ကျန်တဲ့ခန္ဓာအကုန်ပျက်တာပဲ။ ဒါကြောင့် ပေါ်တဲ့နေရာကို သိဖို့ဟာ အရေးကြီးပါတယ်။ သူပေါ်တဲ့နေရာသည် သူပျက်တဲ့နေရာ၊ သူမွေးတဲ့နေရာသည် သူသေတဲ့နေရာပါပဲ။ ပေါ်တဲ့နေရာမှ မသိရင် ပျက်တဲ့နေရာလည်း မသိဘူး။ ဒါလောက်ဆိုရင် အကွက်(၂)ဟာ လက်ရှိဘဝဖြစ်စဉ်ပဲဆိုတာ သိလောက်ပါပြီ။ လက်ရှိဘဝဖြစ်စဉ်ကြည့်လိုက်တော့လည်း ပုဂ္ဂိုလ် သတ္တဝါမဟုတ် ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတာလည်း သိ၊ အော်- ခန္ဓာငါးပါးဆိုတာ ဒီလိုပေါ်နေတာကို ပြောတာပါလားဆိုတာလည်း သိ၊ ဒီလိုပေါ်နေတာကို သိမှ ဒီလိုပျက်တာကို သိရတာပါလားဆိုတာလည်း သိ၊ ခန္ဓာငါးပါး တစ်ပါးပျက်ရင် အကုန်ပျက်ဆိုတာလည်း သိ၊ သိစရာတွေ တော်တော်များများ စုံသလောက်ရှိသွားပြီလို့ ထင်ပါတယ်။ လိုရင်းမှာ လက်ရှိဘဝဖြစ်စဉ်ဟာ- ခန္ဓာငါးပါး > နာမ်ရုပ် > ဖြစ်ပျက် > ဒုက္ခသစ္စာ သာဖြစ်တယ်။

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း