ဝိညာဏပစ္စယာ နာမရူပံ
ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် (ဝိညာဏပစ္စယာ နာမရူပံ)။ ဒီနေရာမှာ သင်္ခါရပစ္စယာ ဝိညာဏံ-ဖြစ်စဉ်က ဝိညာဏံသည် ပဋိသန္ဓေဝိညာဏ် (၁၉)၊ ပဝတ္တိဝိညာဏ် လောကီဝိပါက်(၃၂)ကို ယူရပါတယ်။ ဝိညာဏပစ္စယာ နာမရူပံ-ရောက်တော့ ဝိညာဏ-အရ စိတ်တစ်ခုယုတ်ကိုးဆယ်(၈၉) အားလုံးသက်ဆိုင်လာပါတယ်။ နာမရူပံ-၌ နာမ-အရ စေတသိက် (၅၂)ပါး၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ- ခန္ဓာအားဖြင့် (၃)ပါးကိုယူရတယ်။ ရူပံ-အရ ကမ္မဇရုပ် သို့မဟုတ် စတုသမုဋ္ဌာနိကရုပ်ကို ယူရတယ်။ ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူူးပြုတယ်ဆိုတာ ပဋိသန္ဓေအခိုက် ပဋိသန္ဓေစိတ် ဖြစ်လိုက်တာနဲ့ စိတ် စေတသိက် ရုပ်တွေဟာ တစ်ပြိုင်နက်ဖြစ်လာတာပဲ။ ပဉ္စဝေါကာရဘုံ (ခန္ဓာငါးပါးရှိတဲ့ဘုံ)မှာ ပဋိသန္ဓေစိတ် (၁၅)ပါး တစ်ပါးပါးပေါ်လာတာနဲ့ စေတသိက(၃၅)၊ ကာယဒဿက ဘာဝဒဿက ဝတ္ထုဒဿက ဆိုတဲ့ ကလာပ်စည်း (၃)ပါးတို့က တစ်ပြိုင်နက် တစ်ခါတည်းပေါ်လာတယ်။ ပဋိသန္ဓေစိတ်လေး ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ကျန်တဲ့ ဆိုင်ရာ စေတသိက်၊ ရုပ်တွေကလည်း ပေါ်လာတာ။ ဒါကို ပဋိသန္ဓေဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ်လို့ခေါ်တယ်။
ဒီအတိုင်းပဲ ပဝတ္တိအခါမှာ ပဝတ္တိဝိညာဏ်ကလည်း နာမ်ရုပ်ကို ကျေးဇူးပြုပေးပါတယ်။ ဥပမာ ကုသိုလ်စိတ်ဖြစ်တယ်ဆိုပါစို့။ ဒါ ဝိညာဏ်ဖြစ်တာပဲ။ စိတ်ဆိုတာ ဝိညာဏ်ပဲနော်။ ကုသိုလ်စိတ်ဖြစ်တယ်ဆိုပေမယ့် အဘိဓမ္မာနည်းအရ စိတ်ချည်းပဲ သီးသန့်ဖြစ်တာမဟုတ်ဘူး။ ဆိုင်ရာ စေတသိက်တွေပါ တွဲပြီးဖြစ်တာ။ စိတ် စေတသိက်တွေ ဖြစ်ပြီဆိုတာနဲ့ သူနဲ့ဆိုင်တဲ့ ရုပ်တွေကလည်း ပေါ်လာတာပဲ။ ဒါကို စိတ်ကြောင့်ဖြစ်တဲ့ရုပ်ဖြစ်လို့ စိတ္တဇရုပ်လို့ခေါ်တယ်။ ကုသိုလ်စိတ်ဖြစ်တယ်ဆိုတာနဲ့ သူနဲ့တွဲဖြစ်တဲ့ စေတသိက်(၃၈)၊ စိတ္တဇရုပ်တွေပါ အတွဲလိုက်ဖြစ်တယ်။ အဓိကတော့ ကုသိုလ်စိတ်က ခေါင်းဆောင်သလို ဖြစ်နေလို့ ကုသိုလ်စိတ်ကြောင့်ဖြစ်တယ်ပြောတာပေါ့။ ဒါကြောင့် ကုသိုလ်စိတ်ဝိညာဏ်က ကျန်တဲ့ စေတသိက်(၃၈)၊ စိတ္တဇရုပ်တွေကို ကျေးဇူးပြုတယ်လို့ ပြောတာ။ ဘုရားကြည်ညိုတဲ့စိတ် တရားကြည်ညိုတဲ့စိတ် သံဃာကြည်ညိုတဲ့စိတ်လေး ကိုယ့်သန္တာန်မှာဖြစ်နေပြီဆိုရင် ကုသိုလ်ဆိုင်ရာ စေတသိက်တွေပါ ဖြစ်နေတယ်။ ဒီစိတ်စေတသိက်တွေကြောင့် ဖြစ်တဲ့ရုပ်ကလေးတွေပါ ပေါ်နေတယ်။ စိတ္တဇရုပ်ဆိုတာ စိတ်ကြောင့် ပြောင်းလဲမှုလေးတွေ ဖြစ်တာကိုပြောတာ။ ကုသိုလ်စိတ်ဖြစ်တော့ စိတ်ကြည်လင်နေတယ်။ စိတ်ကြည်လင်နေတော့ ရုပ်ကလည်း ပေါ့ပါးနေတယ်။ ဒီပေါ့ပါးတာလေးက ရုပ်ပဲ။ ကိုယ့်ရုပ်ခန္ဓာက သွက်လက်နေတယ်၊ လန်းဆန်းနေတယ်၊ တက်ကြွနေတယ်၊ အေးချမ်းနေတယ်၊ ဒါလေးတွေက ရုပ်ပဲ။ ကိုယ့်ခန္ဓာမှာ စိတ်ကြောင့် ပြောင်းလဲမှု သဘောတရားလေးတွေ ထူးခြားစွာတွေ့သိရတယ်လေ။ ဒါတွေကို ရုပ်လို့မှတ်ထားရမယ်။ ရုပ်ဆိုတာ အတုံးအတစ်ကြီးတွေမှ ရုပ်လို့ မြင်နေတဲ့ အစွဲကို ဖြုတ်ထားရမယ်။ ဒါက မသိခင်က အမြင်။ တကယ်သိလာတဲ့အခါမှာ ရုပ်ဆိုတာ သဘောတရားပဲ။
မြင်နိုင်တဲ့ရုပ်ဆိုတာ ရူပါရုံတစ်ခုပဲ ရှိတာ။ ဒါကို သေသေချာချာမှတ်ထားရမယ်။ ရုပ်(၂၈)ပါး ရှိတယ်ပြောပေမယ့် မျက်စိနဲ့ ကြည့်လို့ ရတဲ့ရုပ်ဆိုတာ ရူပါရုံ- အဆင်းဆိုတဲ့ ရုပ်တစ်မျိုးတည်းပဲ။ မြင်ရသမျှ မြင်လို့ ကြည့်လို့ရသမျှ အရာအားလုံးကို အဆင်းလို့ခေါ်တယ်လို့ မှတ်လိုက်ပါ။ အဆင်းရုပ်တစ်ခုတည်းကိုသာ ကြည့်လို့ မြင်လို့ရတယ်လို့လည်း မှတ်ထားလိုက်ပါ။ ကျန်တဲ့ရုပ်တွေက ရုပ်လို့သာ ပြောရတယ်။ မျက်စိနဲ့ကြည့်လို့ မမြင်ရဘူး။ မြင်ရတယ်ဆိုရင် အဲဒါ အဆင်းပဲ။ ပထဝီကို မြေကြီးလို့ သာမန်နားလည်ထားကြတော့ မြေကြီးကို မြင်နေရတာ ပထဝီကို မြင်တာလို့ ဒီလို ထင်နေကြတယ်။ တကယ်က ပထဝီဓာတ်ကို ပကတိမျက်စိနဲ့ ကြည့်လို့ မမြင်ရဘူး။ သူ့ရဲ့ မာတာလေးတွေ တောင့်တင်းတာလေးတွေ နုညံ့ပျော့ပြောင်းတာလေးတွေ လေးတာ၊ တွဲ့တာ၊ ပေါ့တာလေးတွေ ဒီသဘောတရားလေးတွေကိုသာ ပထဝီခေါ်တာလေ။ အာပေါဆိုတာ ရေလို့ နားလည်နေကြပေမယ့် တကယ်မြင်နေရတဲ့ ရေလို့ခေါ်နေတာတွေက အဆင်းရုပ်ပဲ။ အဲဒီရေထဲမှာ ပါတဲ့ စွတ်စိုတဲ့သဘော စိုထိုင်းတဲ့သဘော ဖွဲ့စည်းတဲ့သဘော စေးကပ်တဲ့သဘော ပျစ်ချွဲတဲ့သဘောလေးတွေကို ပဲ အာပေါလို့ ခေါ်တာပါ။ ဒါကြောင့် ရေရဲ့သဘောကို သိချင်ရင် ရေထဲ လက်နှိုက်ကြည့်လိုက်၊ အဲဒီမှာ စေးကပ် စွတ်စိုတဲ့ ဓာတ်လေးတွေ့မယ်၊ အဲဒါ အာပေါပဲ။ ရေထဲလက်နှိုက်လိုက်လို့ ရေကလက်ကို တိုးထိသွားတာလေးတွေက ပထဝီဓာတ်နော်။ လက်နဲ့ ရေနဲ့ထိလိုက်တာကို သိလိုက်တယ်လေ။ ဒါက ဖောဋ္ဌဗ္ဗခေါ်တဲ့ အတွေ့ပဲ။ အာပေါဓာတ်မဟုတ်ဘူး။ အာပေါဓာတ်ကတော့ ကပ်တာ စေးတာ ချွဲတာ ပြစ်တာ စိုတာ စွတ်တာ ထိုင်းတာ ဒီလိုသဘောလေးတွေကိုသာ ခေါ်တယ်။ တေဇောဆိုတာက အပူ အအေးဓာတ်ပဲ။ မီးကိုမှ တေဇောမဟုတ်ဘူး၊ ပူတာ အေးတာ နွေးတာ အိုက်တာ ချမ်းတာ စိမ့်တာ ဒီသဘောတရားလေးတွေက တေဇောဓာတ်ပေါ့။ မြင်နေရတဲ့ မီးတောက်မီးလျှံတွေ ရဲရဲနီနေတဲ့ မီးခဲတွေသံချောင်းတွေ ဒါတွေက တေဇောမဟုတ်ဘူး။ မြင်နေရလို့ အဆင်းရုပ်တွေပဲ။ အဲဒီ မီးတို့ ရေတို့ လေတို့မှာ ရှိတဲ့ အပူ အအေး အနွေး အအုံ့ အအိုက်ဓာတ်လေးတွေကိုသာ တေဇောလို့ခေါ်တယ်။ (temperature) လို့ခေါ်လိုက်ရင် ပိုထင်သာတယ်။ ဖျားတယ်ဆိုပါစို့၊ ခန္ဓာကိုယ် စမ်းကြည့်လိုက်တော့ အပူဓာတ်လေးတွေ့ရတယ်။ အဲဒီအပူဓာတ်လေးက တေဇောပဲ။ အပူဓာတ်လျော့ကျပြီး အေးသွားတာလေးတွေ့လိုက်ရတော့လည်း တေဇောပဲ။ ဝါယောဆိုတာက လေဓာတ်ပေါ့။ မုန်တိုင်းတိုက်တဲ့လေကိုပြောတာမဟုတ်ဘူး။ အဲဒီ မုန်းတိုင်းထဲမှာ ရှိနေတဲ့ တွန်းအား ဖိအား ရွှေ့လျားမှုအား တစ်နာရီဘယ်နှစ်မိုင်းနှုံးစသည်ဖြင့်ပေါ့။ ဒီအားတွေဟာ လေဓာတ်ပဲ။ ဒီလေဓာတ်ရဲ့ ရွေ့လျားမှုအားကြောင့်ပဲ မုန်တိုင်းတိုက်တဲ့အခါ သစ်ပင်တွေ ကျွတ်ပါသွားတာ၊ အိမ်တွေ အပေါ်လွင့်ပါသွားတာ၊ ပျိုကျကုန်တာ၊ ပင်လယ်ထဲကရေတွေ ကုန်းပေါ် ရွေ့လာတာ စသည်ဖြစ်တာပေါ့။ ဒါကြောင့် လေဓာတ်ဆိုတာ လေထဲမှာ ရှိနေတဲ့ တွန်းအား ဖိအားကိုပြောတာ။ လေရဲ့ အစွမ်းသတ္တိတွေပေါ့။ ကိုယ့်သန္တာန်မှာ လေဓာတ်ရှိမရှိ သိချင်ရင် ကိုယ့်လက်မောင်းကိုယ် ပြန်နှိပ်ကြည့်လိုက်ပါ။ နှိပ်တုန်းမှာ ချိုင့်ဝင်သွားမယ်။ လွှတ်လိုက်တော့ ပုံမှန်ပြန်ဖြစ်နေတယ်။ ဒါ ဝါယောဓာတ်တွန်းအားကြောင့် အချိုင့်က ပုံမှန်ပြန်ဖြစ်လာတာ။ ဖိနှိပ်လိုက်တဲ့အခါ အားစိုက်ရတာလေးတွေ့မယ်။ ဒါ ဝါယောဓာတ်တွန်းအားကြောင့် အားစိုက်ရတာပေါ့။ ဝါယောသဘောက ထောက်၊ တွန်း၊ ကန်၊ လှုပ်၊ ရှားပဲ။ ဘောလုံးတွေလေထိုးလိုက် ပိန်ရာက ဖောင်းလာတယ်။ တင်းလာတယ်။ ဒါ ဝါယောရဲ့ တွန်းကန်မှုကြောင့် ဖောင်းလာတာ။ လေထိုးထားတဲ့ ဘောလုံး ရေထဲ ပစ်ချလိုက်ရင်ရေပေါ်ပေါ်နေတယ်။ အဲဒါကို လက်နဲ့ ဖိပြီး ရေထဲနှစ်မြှုပ်လိုက်၊ လက်တစ်ဆုံးလောက်နှစ်ပြီးတော့ လက်ကို ဖယ်လိုက်။ ဘောလုံးက ရေပေါ် ခုန်တက်လာမယ်။ ဒါဟာ သူ့မှာ တွန်းအားရှိတယ်ဆိုတာ ထင်ရှားတယ်။ ဒီတွန်းအား အခြေခံပြီးတော့ပဲ ကားဘီးတွေလုပ် စက်ဘီးတွေလုပ် လေထိုးတံတွေ ကျိုက်ခေါ်တဲ့ ကရိယာတွေလုပ်၊ ဘောလုံး ဘူဘောင်း မိုးပျံဘူဘောင်း၊ လေယာဉ်ပျံစသည်ဖြင့် လေရဲ့ သတ္တိကို အသုံးချနေကြတာပါပဲ။ ဒုံးပျံတွေလွှတ်တယ်ဆိုတာလဲ ဒီလေဓာတ်ရဲ့ အစွမ်းသတ္တိကို အခြေခံယူရတယ်။ တွန်းအားပေါ့။ ဆိုင်ရာဆိုရာ ရုပ်တွေမှာ သူ့ဆိုင်ရာသတ္တိလေးတွေ ရှိတယ်။ ဒီသတ္တိလေးတွေ ပေါင်းစပ်ဖွဲ့စည်းလိုက်တော့ စွမ်းအားတွေ ဖြစ်လာကြတာ။ ဒီရုပ်တွေဟာ ဘယ်နေရာမှာမှ တစ်ခုတည်း ဖြစ်နေတာမဟုတ်ဘူး။ ပေါင်းစုပြီး ဖြစ်နေကြတယ်။ ဓာတ်သတ္တိ လွန်ကဲတာ နဲတာ များတာ ဒါလေးတွေပဲ ကွာတယ်။ ဥပမာမယ် ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်၊ တွေ့ထိတာက ပထဝီလည်းပါတယ် တေဇောလည်းပါတယ် ဝါယောလည်းပါတယ်။ မာတဲ့သဘောလေးသိလိုက်တာ ပထဝီပဲ။ နွေးတဲ့သဘောလေးသိလိုက်တာ တေဇောပဲ။ ထိလိုက်တာနဲ့ ဖိအားလေးဖြစ်ပေါ်လာတာက ဝါယောပဲ။ ရေထဲလက်နှိုက်ကြည့်မယ်။ ထိတာက ပထဝီ၊ အေးတာက တေဇော၊ တွန်းအားက ဝါယော၊ အစိုဓာတ်လေးက အာပေါ။ မီးကို လက်နဲ့ ဆတ်ကနဲ့ တို့ကြည့်၊ အပူခံနိုင်ရင်တော့ အကြာကြီးတို့ထိကြည့်ပေါ့။ အဲဒီမှာလည်း မီးတောက်ကို လက်နဲ့ ဖြတ်လိုက်တာနဲ့ လက်နဲ့ မီးတောက်ထိလိုက်တာလေး သိလိုက်ရတယ်။ ဒါက ပထဝီ၊ ပူကနဲ့နေတာက တေဇော၊ တွန်းမှုကန်မှုမသိမသာလေးက ဝါယော။ အာပေါဓာတ်က မသိသာဘူး။ ပါတော့ပါတယ်။ အနဲဆုံး ရုပ်(၈)ပါးက ပေါင်းစပ်နေတာ (ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ သြဇာ)။ သက်မဲ့တွေမှာ အနည်းဆုံး ဒီရုပ်တွေ ဖြစ်နေတယ်။ သက်ရှိတွေမှာတော့ ဒီထက်ပိုတဲ့ ရုပ်တွေ ဖြစ်လိမ့်မယ်။ သက်မဲ့တွေမှာ ကံကြောင့်ဖြစ်တဲ့ရုပ်တွေ စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေ ဇီဝိတရုပ်တွေမဖြစ်ဘူးပေါ့။ ဒါတွေက သက်ရှိတွေမှာသာ ဖြစ်လေ့ရှိတဲ့ရုပ်တွေပဲ။ ဒါကြောင့် သက်ရှိတွေမှာ ရုပ်တွေဟာ စိတ်တွေ စေတသိက်တွေနဲ့ အတူတွဲဖြစ်လေ့ရှိတယ်လို့ပြောတာ။ ဒါကို စိတ္တဇရုပ်လို့ခေါ်တာပေါ့။
ဒီတော့ ကုသိုလ်စိတ်ဖြစ်တယ်ဆိုရင် ဝိညာဏ်ဖြစ်တာပဲ။ ဝိညာဏ်ဖြစ်ရင် အဲဒီဝိညာဏ်ကြောင့် သို့မဟုတ် စိတ်ကြောင့် ရုပ်တွေလည်း ဖြစ်လာတယ်။ သဘောပြောင်းလဲဖောက်ပြန်မှု ရုပ်တွေလေ။ စောစောကပြောခဲ့တဲ့ ပေါ့ပါးလျင်မြန်ကြည်လင် စတဲ့ ရုပ်တွေဖြစ်တာကို စိတ္တဇရုပ်လို့ခေါ်တာပါပဲ။ ကုသိုလ်စိတ်လေးဖြစ်နေတာနဲ့ သူတို့ကလည်း အတူတွဲဖြစ်လာတာ။ ဒီအတိုင်းပဲ စေတသိက်တွေကလည်း ဖြစ်တော့ စေတသိက်တွေက နာမ်၊ အဲဒီတွဲဖြစ်တဲ့ရုပ်တွေက ရုပ်၊ ဒါကို ပဝတ္တိအခါမှာ ဝိညာဏ်သည် နာမ်ရုပ်အားကျေးဇူးပြုတယ်လို့ခေါ်တယ်။ ဒီအတိုင်းပဲ အကုသိုလ်စိတ်ဖြစ်တယ်ဆိုရင်လည်း သူနဲ့အတူဖြစ်ဖက်အကုသိုလ် စေတသိက်တွေက ဖြစ်လာတာပဲ။ အကုသိုလ်ဖြစ်ခိုက် ရုပ်တွေကလည်း အကုသိုလ်စိတ်နဲ့အတူ ဖြစ်နေတာပဲ။ ဒါကို စိတ္တဇရုပ်ပေါ့။ အကုသိုလ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ပြောတာ။ အကုသိုလ်ဖြစ်နေခိုက် ရုပ်တွေက ပိုကြမ်းနေမယ်၊ ဆိုးနေမယ်၊ ညစ်နွမ်းနေမယ်၊ ပျာနေမယ်၊ ကြက်သရေမဲ့နေမယ်၊ မှုံကုပ်ကုပ်ဖြစ်နေမယ်၊ မရွှင်မပျဖြစ်နေမယ်၊ မွန်းနေမယ်၊ ကြပ်နေမယ် စသည်ပေါ့။ ဖောက်ပြန်တဲ့ရုပ်တွေ ဖြစ်နေတာပဲ။ ဒါဟာ ပဝတ္တိအခါမှာ ဝိညာဏ်က နာမ်ရုပ်ကိုကျေးဇူးပြုနေတာပေါ့။ ဒါကြောင့် ဝိညာဏ်သည် နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုရာမှာ ပဋိသန္ဓေအခါမှာလည်း ကျေးဇူးပြုသလို ပဝတ္တိအခါမှာလည်း ကျေးဇူးပြုနေတယ်လို့သာ မှတ်လိုက်ပါ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.