ဒိဋ္ဌိနှင့်စပ် သိမှတ်ဖွယ်ရာ
ဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမြင်လေးတွေကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ အဋ္ဌကထာဆရာက သုံးသပ်ပြထားတာ ဒီနေရာမှာ တင်ပြချင်ပါတယ်။ အလွန်အင်မတန် သိထားသင့်တဲ့ အချက်အလက်တွေ ဖြစ်နေလို့ပါပဲ။
ဒိဋ္ဌိ(၆၂)ပါးကို ပေါင်းပြောလိုက်ရင် သက္ကာယဒိဋ္ဌိ တစ်မျိုးတည်းပဲ၊ လိုရင်း ခွဲပြောလိုက်ရင် သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ ဆိုပြီး နှစ်မျိုးဖြစ်လာတယ်တဲ့။ (သက္ကာယဒိဋ္ဌိ = သဿတဒိဋ္ဌိ + ဥစ္ဆေဒဒိဋ္ဌိ)။ ဒီဖော်မြူလာအရ လူတိုင်းမှာ ဒိဋ္ဌိကတော့ ရှိနေတာပဲ။ သက္ကယဒိဋ္ဌိကတော့ မူရင်းပေါ့။ အချို့က သဿတဒိဋ္ဌိဘက်အားသန်တယ်၊ အချို့က ဥစ္ဆေဒဒိဋ္ဌိဘက်အားသန်တယ်။ ဒါကွာသွားမယ်။ အချို့ကျတော့လည်း နှစ်မျိုးလုံး တစ်လှည့်စီ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ အယူတစ်ခု လက်လွှတ်ပြီးမှ စွန့်ပြီးမှ အခြားအယူတစ်ခုကို လက်ခံနိုင်ပါတယ်။ နှစ်မျိုးလုံးကို တစ်ယောက်ထဲက တစ်ချိန်တည်း လက်ခံလို့တော့ မရပါဘူး (သဿတံ ဂဟေတွာ တမ္ပိ အပ္ပဟာယ ဥစ္ဆေဒံဝါ ဧကစ္စသဿတံ ဝါ ဂဟေတုံ န သက္ကာ)။ သဘာဝအားဖြင့် သဿတသမားက အပြစ်တော့ သေးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ ဝေးတယ်။ ဥစ္ဆေဒသမားက အပြစ်တော့ ကြီးတယ်၊ နိဗ္ဗာန်ရဖို့ကျတော့ နီးတယ်တဲ့။ (သဿတ = သေး + ဝေး။ ဥစ္ဆေဒ = ကြီး + နီး) (သဿတဒဿနံ အပ္ပသာဝဇ္ဇံ ဒန္ဓဝိရာဂံ၊ ဥစ္ဆေဒဒဿနံ မဟာသာဝဇ္ဇံ ခိပ္ပဝိရာဂံ)။
သဿတဒိဋ္ဌိသမားက ဘဝကိုယုံတယ်။ ကံကိုလည်း ယုံတယ်။ ကံကိုယုံတဲ့အတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်တယ်။ မကောင်းမှုကိုတော့ ရှောင်တယ်။ ကုသိုလ်လုပ်မှ ကောင်းရာရောက်မယ်၊ အကုသိုလ်လုပ်ရင် မကောင်းရာ ဒုဂ္ဂတိရောက်မယ်လို့ ခံယူထားတော့ ဒုဂ္ဂတိကို အရမ်းကြောက်တယ်။ ဒါကြောင့် ကုသိုလ်အလုပ်များပြီး အကုသိုလ် အလုပ်နဲတယ်။ ဝဋ်ကိုသာယာတယ်။ ဝဋ်သာယာတယ်ဆိုတာက ဘဝကောင်းကို သာယာတာ။ လူ့ဘဝရဖို့ လူချမ်းသာရဖို့ စသည်ဖြင့် အကောင်းစံဘဝကို နှစ်သက်တာဟာ ဝဋ်ကိုသာယာတာပဲ။ သူ့မှာ အားနည်းချက်က ဘာလဲဆိုရင် ဘုရား ရဟန္တာ တို့နဲ့တွေ့လို့ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ နာရသော်လည်း သူ့မှာ စိတ်အားထက်သန်မှု မရှိဘူး။ ရုပ်နာမ်သိမ်းကြောင်းတရားတွေ ဟောလာရင် အော် ရုပ်နာမ်သိမ်းလို့ ငြိမ်းသွားရင် ငါလုပ်ထားတဲ့ ကုသိုလ်ကံတွေရဲ့ ကောင်းကျိုး ငါဘယ်လိုလုပ်ခံစားရတော့မလဲ၊ ဒါလောက်ကြီးလည်း မလိုအပ်သေးပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လုပ်တတ်တယ်။ သူက ဝဋ်ကို သာယာတဲ့သူမျိုးကိုး။ ဝဋ်ထဲမှာ ပျော်မွေ့ချင်တာ။ ဒါကြောင့် တရားအရနှေးလို့ နိဗ္ဗာန်နဲ့ ဝေးတယ်လို့မှတ်လိုက်။
ဥစ္ဆေဒဒိဋ္ဌိသမားကလည်း ဘဝကိုယုံတာပဲ။ ကံကိုလည်း ယုံတာပဲ။ ဒါပေမဲ့ သူက ကုသိုလ်အလုပ်နည်းတယ်။ အကုသိုလ်ကိုတော့ ရဲရဲတင်းတင်းလုပ်တယ်။ ဝဋ်ကို မသာယာဘူး။ သူက အပြတ်ယူထားတာကိုး။ ကောင်းကျိုး မကောင်းကျိုးဆိုတာ သူ လက်မခံဘူး။ ဒီတော့ အကုသိုလ်အလုပ်များတယ်။ နောက်ဘဝကောင်းစားရေးတရားတွေ သူ သဘောမကျဘူး။ ဒါပေမဲ့ ဒီလို ပုဂ္ဂိုလ်က ဘုရား ရဟန္တာတို့နဲ့တွေ့လိုက်လို့ သူ့ကို သဘောကျအောင် ဟောပြလိုက်ရင် `ဒီလိုလုပ်ရင် ဒီလိုကျင့်ရင် ရုပ်နာမ်သိမ်းတဲ့ နိဗ္ဗာန်ရောက်မယ်´ဆိုတာနဲ့ ချက်ချင်း ထလုပ်တတ်တယ်။ ဘယ့်သူ့ကိုမှ မငဲ့တော့ဘူး။ လုပ်ရင် နောက်လှည့်မကြည့်တော့ဘူး။ အပြတ်အသတ် လုပ်တတ်တဲ့သဘောရှိတော့ နိဗ္ဗာန်အရမြန်လို့ နိဗ္ဗာန်နဲ့ နီးတယ်လို့ ပြောတာ။ သူက ဝဋ်ကို သာယာလိုစိတ်မရှိဘူးလေ။
ဒါကြောင့် ကိုယ့်ကိုယ်ကို သဿတသမားလား၊ ဥစ္ဆေဒသမားလားဆိုတာ ဒီသုံးသပ်ချက်ကိုအခြေခံပြီး ဆုံးဖြတ်လို့ ရပါပြီ။ ဒီအချက်တွေထဲက ကိုယ်နဲ့ အကိုက်အညီများတဲ့ဘက်ဟာ ကိုယ့်ဘက်ပဲ။ ဒါမှ ကိုယ့်ရှိတဲ့ဒိဋ္ဌိ ကိုယ်တိုင် သိပြီး ခွါနည်း မှန်မှန်ကန်ကန် ရနိုင်မယ်။ ဒါမှမဟုတ်ရင် ရမ်းတုတ် ရမ်းလုပ်နဲ့ ဒိဋ္ဌိသာပြောနေတယ်၊ ဘာကြီးမှန်းလည်း မသိဘူးဆိုပြီး ဖြစ်နေကြတာတွေ အများကြီးပါ။
သဿတဒိဋ္ဌိအယူရှိသူရဲ့သဘော
ဘဝကိုယုံကြည်။
ကံကိုယုံကြည်။
ကုသိုလ်အလုပ်များ၊ အကုသိုလ်အလုပ်နည်း။
ဝဋ်ကို သာယာ။
တရားအရနှေး၊ အပြစ်သေး၊ နိဗ္ဗာန်နဲ့ ဝေး။
ဥစ္ဆေဒဒိဋ္ဌိအယူရှိသူရဲ့သဘော
ဘဝကိုယုံကြည်။
ကံကိုယုံကြည်။
ကုသိုလ်အလုပ်နည်း၊ အကုသိုလ်အလုပ်များ။
ဝဋ်ကို မသာယာ။
တရားအရမြန်၊ အပြစ်ကြီး၊ နိဗ္ဗာန်နဲ့ နီး။
(မ၊ဋ္ဌ၊၃၊ ၁၄၄။)
ဒါဟာ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ ဒီဃနခသုတ်အဖွင့်မှာ ဝေဘန်သုံးသပ်ပြထားတဲ့ မှတ်ချက်ကို အကျဉ်းချုပ်တင်ပြလိုက်တာပါ။ ဒီသုံးသပ်ချက်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဘယ်ဒိဋ္ဌိဘက်အားသန်နေလဲဆိုတာ အကဲခတ်နိုင်ပါတယ်။ ရုပ်နာမ်ကြောင်းကျိုး သဘောမိမိ မသိသေးဘူးဆိုရင်တော့ ဒီဒိဋ္ဌိတွေက တစ်ခုမဟုတ် တစ်ခု လူတိုင်းမှာ ရှိနေမယ်။ ယဉ်ယဉ်လေးနဲ့ ရှိတဲ့ ဒိဋ္ဌိနဲ့ ရိုင်းရိုင်း ကြမ်းကြမ်း ရှိတဲ့ ဒိဋ္ဌိပဲ ကွာမယ်။ ရှိတာကတော့ ဒိဋ္ဌိကိုယ်စီ ရှိနေကြတာပဲ။ ဟို မိစ္ဆာဒိဋ္ဌိကို ပြောတာမဟုတ်ဘူး။ ဟောဒီ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေကို ပြောတာ။ အချို့က ဒိဋ္ဌိရှိတယ်ပြောရင်ကို လက်မခံလိုကြဘူး။ ငါ့မှာ ဒိဋ္ဌိမရှိဘူးလို့ ဇွတ်ငြင်းဖို့ ကြိုးစားကြတယ်။ ငါလို့ ယူဆထားကတည်းကိုက ဒိဋ္ဌိမြစ်ဖျားခံနေတယ်ဆိုတာသာ သဘောပေါက်လိုက်ပါ။ ဒီဒိဋ္ဌိ မျိုးတွေ ရှိနေလို့လည်း သံသရာ လည်ခွင့်တော့ရပြီး မဂ်ဖိုလ်နိဗ္ဗာန် လမ်းမှန်မရောက်ဘဲ ဖြစ်နေတာ။ ဒိဋ္ဌိက အဝိဇ္ဇာနဲ့ပေါင်းပြီး လူကို မူးအောင် ဝေအောင် လုပ်နေတာ၊ လမ်းမှားရောက်အောင်လုပ်နေတာ၊ လမ်းမှန်ကို မသွားအောင် တားမြစ်ထားတာပဲလို့သာ မှတ်လိုက်ပါ။ တဏှာက အမှားကိုပဲ အမှန်လိုသဘောကျပြီး သာယာနေ တောင့်တနေတယ်။ မက်မောနေတယ်။ ဒီတော့ ဖြစ်လေရာဘဝမှာ ပျော်ပြီပေါ့။
ဒိဋ္ဌိခွါဖို့အတွက် ဒိဋ္ဌိကပ်ပုံကို အစီအစဉ်ကို သိဖို့လိုပါတယ်။ ဒိဋ္ဌိ ဘယ်မှာ ကပ်နေလဲဆိုရင် ခန္ဓာမှာ ကပ်နေပါတယ်။ ခန္ဓာမှာ ဘာလို့ ကပ်နေတာလဲဆိုရင် ခန္ဓာကို ခန္ဓာမှန်းမသိလို့ ကပ်နေပါတယ်။ ခန္ဓာကို ဘာကြောင့် ခန္ဓာမှန်းမသိရတာလဲဆိုရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကို နားမလည်လို့ မသိတာပါ။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာဖြစ်ကြောင်းနဲ့ ခန္ဓာ့ဖြစ်စဉ်ပါပဲ။ စက်ဝိုင်းကြီးက ရှင်းအောင်လို့ ပြထားတာ။ ကိုယ့်ခန္ဓာမှာ ဖြစ်နေတဲ့ တရားတွေကို စက်ဝိုင်းနဲ့ ပုံဖော်ပြထားတာသာဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီတရားတွေ ဒီလိုဖြစ်နေ လည်ပတ်နေပါလားဆိုတာသိအောင် အကြောင်းအကျိုးမြင်အောင် ရုပ်နာမ် ပိုင်းခြားနိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို သိဖို့ နားလည်ဖို့လိုပါတယ်။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်ရင် ရုပ်နာမ်ကွဲမယ်၊ အကြောင်း အကျိုးမြင်မယ်။
နိဗ္ဗာန်ရဖို့ ဝိပဿနာအလုပ်တွေလုပ်ကြတာဖြစ်တော့ နိဗ္ဗာန်အစ သောတာပန်ကလို့ ပြောလိုက်မယ်။ နိဗ္ဗာရချင်တယ်ဆိုရင် မဂ်လေးပါးရအောင်လုပ်ရမှာပါ။ မဂ်လေးပါးမှာလည်း ပထမမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကိုမှ မရဘူးဆိုရင် ကျန်တဲ့မဂ်တွေ ကျော်တက်လို့မရပါဘူး။ လှေကားလေးထစ် တစ်ထစ်ချင်း တက်ရသလိုပါပဲ။ ပထမမဂ်ကို ရချင်ပါတယ် သောတာပန်ဖြစ်ချင်ပါတယ်ဆိုရင်လည်း ဝိပဿနာအလုပ် အားထုတ်မှ ဖြစ်မှာပါ။ ဝိပဿနာလုပ်တော့မယ်ဆိုရင်လည်း ရှေးဦးစွာ လုပ်ထားရမယ့်အစဉ်လေး သိထားဖို့လိုပါတယ်။ ဒိဋ္ဌိ အရင်ဖြုတ်၊ ဖြစ်ပျက် နောက်မှလုပ်ဆိုတာ ရှေ့မှာ ပြောခဲ့ပြီးသား။ ဖြစ်ပျက်လုပ်တာ ဝိပဿနာလုပ်တာပဲ။ ဒါပေမဲ့ ဒိဋ္ဌိကိုမှ စင်အောင် အသိနဲ့ မဖြုတ်နိုင်သေးဘူးဆိုရင်တော့ ဝိပဿနာမလုပ်ပါနဲ့ဦး။ ဒိဋ္ဌိအသိနဲ့မပြုတ်ဘဲနဲ့ အားထုတ်တဲ့ ဝိပဿနာကို အားနဲတဲ့ ဝိပဿနာ၊ ဒုဗ္ဗလဝိပဿနာလို့ခေါ်တယ်။ အားနဲတဲ့ဝိပဿနာရှုပွားနည်းဟာ မဂ်ဖိုလ် ရဖို့ မလွယ်ဘူး။ ဒိဋ္ဌိအသိနဲ့ ကွာပြီးမှ အားထုတ်တဲ့ ဝိပဿနာကမှ အားကောင်းတဲ့ ဝိပဿနာ၊ ဗလဝဝိပဿနာဖြစ်ပါတယ်။ အားကောင်းတဲ့ ဝိပဿနာရှုပွားနည်းကသာလျှင် မဂ်ဖိုလ် ရဖို့ လွယ်ကူလျှင်မြန်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ ဝိပဿနာဖြစ်အောင် ရှေးဦးစွာ ဒိဋ္ဌိစင်ကြယ်ရေး (ဒိဋ္ဌိဝိသုဒ္ဓိ)ကို အဓိကထားရပါတယ်။ မဂ်လေးပါးထဲက အစမဂ်ဖြစ်တဲ့ သောတာပတ္တိမဂ်ကို ရချင်ရင် ဘာကို ပယ်ရ သတ်ရ ဖြတ်ရမှာလဲဆိုရင် ဒိဋ္ဌိကို ပယ်ရ သတ်ရ ဖြတ်ရမှာပါ။ ဒိဋ္ဌိကို ပယ်သတ်နိုင်ရင် ဝိစိကိစ္ဆာ အလိုလိုပါသွားတယ်။ သောတာပန်ဖြစ်ရင် သက္ကာဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သုံးမျိုး ပယ်သွားတယ်ဆိုတာ ရတနာ့သုတ်မှာ ဟောထားပါတယ်။ ဒီသုံးပါးထဲက ဒိဋ္ဌိတစ်ပါးသာ ပယ်လိုက် ကျန်တာ အကုန်ပါသွားတယ်။ အထူး ပယ်နေစရာမလိုပါဘူး။ ဒါကြောင့် ဒိဋ္ဌိပြုတ်သွားရင် ကျန်တာ အကုန်ပြုတ်သွားမှာဖြစ်လို့ ဒိဋ္ဌိကိုသတ်နိုင်မှ မထမမဂ်ရမယ်လို့ မှတ်လိုက်ပါ။
ဒိဋ္ဌိဖြုတ်နေတာဟာ သောတာပန်ဆိုတဲ့ ပထမမဂ်ရရေးအတွက် အခြေခံအလုပ်တွေ လုပ်နေတယ်လို့ မှတ်ထားပါ။ ဒိဋ္ဌိဖြုတ်ချင်ရင် ဒိဋ္ဌိကပ်တဲ့နေရာကို သိအောင်လုပ်ရမယ်လို့ စောစောက ပြောခဲ့ပြီ။ ဒိဋ္ဌိက ဘယ်မှာကပ်လဲဆိုရင် ခန္ဓငါးပါးလုံးမှာကပ်တယ်။ ဘာလို့ ကပ်တာလဲဆိုရင် ခန္ဓာမှန်းမသိလို့ ကပ်တာ။ ခန္ဓာငါးပါးထဲမှာလည်း ဝိညာဏက္ခန္ဓာမှာ အများဆုံးကပ်တယ်။ ဝိညာဏက္ခန္ဓာဆိုတာ စိတ်ပဲ။ ဒါကြောင့် ဒိဋ္ဌိသည် စိတ်မှာ အများဆုံးကပ်တယ်လို့ ပြောသူရှိတုန်း သေသေချာချာမှတ်လိုက်ပါ။ ဒါဆို အသိတစ်ခုဝင်ရမှာက ဒိဋ္ဌိပြုတ်ချင်ရင် စိတ္တာနုပဿနာရှုရမယ်ဆိုတာပါပဲ။ ဉာဏ်နုံ့ ဉာဏ်လေးပြီး ဒိဋ္ဌိစရိုက်ရှိသူဟာ စိတ္တာနုပဿနာကို ရှုရမယ်။ ဒိဋ္ဌိစရိတဿာပိ မန္ဒဿ နာတိပ္ပဘေဒဂတံ စိတ္တာနုပဿာနာသတိပဋ္ဌာနံ ဝိသုဒ္ဓိမဂ္ဂေါ- လို့ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာမှာ အသေအချာဖွင့်ပြထားပါတယ်။ ဘုရားအလို၊ ပါဠိ အဋ္ဌကထာအလိုလည်းကျအောင် ခန္ဓာအရှိနဲ့လည်း ကိုက်အောင် ပြောလိုက်တာဖြစ်ပါတယ်။ ဒီလို အကိုးလေးတွေကို ကြုံတဲ့နေရာမှာ ထုတ်ပြနေရတာဟာ ပိုပြီးခိုင်ခိုင်မြဲမြဲ ဖြစ်အောင်လို့ပါ။ ဒီလိုမှမပါရင် ထင်ရာမြင်ရာ ရေးနေတယ်လို့ ဖြစ်နေမှာစိုးရတယ်။ ဒီလိုမဖြစ်အောင်လို့ သေသေချာချာစိစစ်ပြီးမှ ရေးရပါတယ်။ လိုရင်း ပြန်ကောက်ရရင် ဒိဋ္ဌိသည် စိတ်မှာ အများဆုံးခိုကပ်နေလေ့ရှိတယ်။ စိတ်ကိုပဲ အသက်လို့ထင်တာ၊ စိတ်ကိုပဲ ငါ့ဝိညာဉ်လို့ထင်တာ၊ စိတ်ကိုပဲ ငါလို့ထင်နေတာ ငါ့စိတ်လို့ထင်နေတာဟာ ဒိဋ္ဌိမသိမသာ ကပ်နေတာပဲ။ စိတ်ကိုပဲ မြဲတယ်လို့ ထင်နေတာ။ မနေ့ကစိတ်နဲ့ ဒီနေ့ စိတ် အတူတူထင်နေတာ။ ဒါဟာ မြဲတယ်လို့ထင်တဲ့ သဿတအမြင်ပဲ။ တကယ်တော့ တစ်စက္ကန့်အတွင်းမှာတင် စိတ်ဟာ အကြိမ်ပေါင်းမရေတွက်နိုင်အောင် ဖြစ်လို့ မရေတွက်နိုင်အောင် ပျက်နေပါတယ်။ ဒါပေမဲ့ ဒီအမြင်သဘောကို နားမလည်တဲ့အခါကျတော့ ငါ့စိတ်လာမစမ်းနဲ့စသည်ဖြင့် ငါစွဲလဲပါ မြဲတယ်လဲထင်၊ အချို့ကျတော့လည်း စိတ်တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိဘူး၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတယ်လို့ထင်တော့ ဥစ္ဆေဒဒိဋ္ဌိဝင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒိဋ္ဌိလို့သာ ပေါင်းပြောလိုက်တော့ ဒိဋ္ဌိဟာ စိတ်မှာ၊ ခန္ဓာငါးပါးထဲက ဝိညာဏက္ခန္ဓာမှာ အများဆုံးကပ်တယ်။ ဒါကြောင့် ဒိဋ္ဌိစရိုက်ရှိသူဟာ ဒိဋ္ဌိအမြန်ဆုံးပြုတ်ဖို့အတွက် စိတ္တာနုပဿနာကို ပွားပါ။ စိတ္တ- က စိတ်၊ အနုပဿနာ- က အဖန်တလဲလဲရှုတာ၊ မိမိသန္တာန်မှာ ပေါ်တဲ့စိတ်ကို အဖန်တလဲလဲရှုနေတာဟာ စိတ္တာနုပဿနာပါပဲ။
လိုရင်းက- ဒိဋ္ဌိသည် ခန္ဓာမှာ ကပ်တယ်။ ခန္ဓာမှန်းမသိလို့ကပ်တယ်။ ရုပ်နာမ်၊ ကြောင်းကျိုး၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ ခန္ဓာပေါ်လို့ ပေါ်မှန်းမသိဖြစ်နေကြတယ်။ ခန္ဓာငါးပါးထဲမှာလည်း ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်မှာ အများဆုံးကပ်တယ်။ ဒါကြောင့် ဒိဋ္ဌိအမြန်ကွာချင်ရင် စိတ္တာနုပဿနာကိုရှု။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.