နာမရူပပစ္စယာ သဠာယတနံ
နာမရူပပစ္စယာ သဠာယတနံ-၌ နာမ-အရ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဆိုတဲ့ ခန္ဓာသုံးပါးကိုယူရပါတယ်။ တစ်နည်းအားဖြင့် စေတသိက် (၅၂)ပါးလို့ပြောလည်း ရတာပါပဲ။ စေတသိက်အားလုံးခန္ဓာလိုပြောလိုက်တော့ ဝေဒနာ-က ဝေဒနာက္ခန္ဓာ၊ သညာ-က သညာက္ခန္ဓာ၊ ဝေဒနာ သညာ-ကကြွင်းတဲ့ စေတသိက် (၅၀)က သင်္ခါရက္ခန္ဓာပဲလေ။ ဒီတော့ သင်္ခါရက္ခန္ဓာဆိုတာကို နားလည်ထားရမှာက စေတနာတစ်လုံးတည်းကို သင်္ခါရက္ခန္ဓာခေါ်တာမဟုတ်ဘူးဆိုတာပါပဲ။ စေတနာက ဦးဆောင်သလိုဖြစ်နေလို့သာ စေတနာ ဆိုတဲ့ သင်္ခါရကို နာမည်ယူပြီး သင်္ခါရက္ခန္ဓာလို့ အမည်ရနေတာဖြစ်ပါတယ်။ ဒီတော့ လိုချင်တာ တပ်မက်တာ တွယ်တာတာ ဆာလောင်တာ မွတ်သိပ်တာ စသည်ဖြင့် လောဘဖြစ်လည်း သင်္ခါရက္ခန္ဓာ၊ စိတ်တို စိတ်ဆိုး စိတ်ကောက် စိတ်ဆင်းရဲ စိတ်ဓာတ်ကျ စိတ်သောကဖြစ် စသည်ဖြင့် ဒေါသဖြစ်တာလည်း သင်္ခါရက္ခန္ဓာပဲ။ မာန ထိနမိဒ္ဓ ဣဿာ ဒါတွေလာလည်း သင်္ခါရက္ခန္ဓာ၊ ဥဒ္ဓစ္စ ကုက္ကုစ္စလာလည်း သင်္ခါရက္ခန္ဓာ- အကုသိုလ်စေတသိက်တွေ အကုန်လုံးဟာ သင်္ခါရက္ခန္ဓာပဲ။ သဒ္ဓါ သတိ ဟိရိ သြတ္တပ္ပစတဲ့ ကောင်းတဲ့ စေတသိက်တွေ ဖြစ်လည်း သင်္ခါရက္ခန္ဓာပဲ။ ဝိတက် ဝိစာရ စတဲ့စေတသိက်တွေ၊ စေတနာ ဖဿ စတဲ့စေတသိက်တွေ အားလုံးဟာ သင်္ခါရက္ခန္ဓာသာ ဖြစ်တယ်။ ဝေဒနာနဲ့ သညာက လွဲရင်ပေါ့။ သူတို့ကတော့ ထင်ရှားလို့ သီးသန့်ခန္ဓာအဖြစ် ခွဲခြားထားတာ။
စိတ်နဲ့စေတသိက်ဆိုတာကလည်း ဘုရားရှင်ဉာဏ်တော်နဲ့သာ ခွဲခြားနိုင်တာ။ စိတ်ဖြစ်ရင် စေတသိက်ဖြစ်၊ စိတ်ပျက်ရင် စေတသိက်ပျက်တာပဲ။ ဖြစ်တူ ပျက်တူ မှီရာတူ အာရုံတူနေတော့ ခွဲခြားဖို့ မလွယ်ဘူးလေ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက အလုပ်လုပ်ရာမှာ အလုပ်စခန်းမှာ ဉာဏ်ရှင်းအောင်ဆိုပြီး စေတသိက်လို့ မပြောတော့ဘဲ လောဘစိတ် ဒေါသစိတ် မောဟစိတ်စသည်ဖြင့် စိတ်လို့ပဲ ပြောလိုက်တာ။ တကယ်ကတော့ စေတသိက်တွေပေါ့။ သို့သော်လည်း စိတ်လို့ ခေါ်လိုက်တော့ အလုပ်စခန်းမှာ ပိုသိလွယ်မြင်လွယ်တာပေါ့။ ဒါကြောင့် စိတ်လို့ ပေါင်းပြောလိုက်တယ်လို့ နားလည်ရမယ်။ ဒါတွေက စပြီး စောဒကလိုက်တက်နေကြမယ်ဆိုရင် အလုပ်လုပ်လို့ မဖြစ်အောင် ဖြစ်သွားလိမ့်မယ်။ ရူပ-အရ မဟာဘုတ်(၄)ပါး၊ ဆဝတ္ထုရုပ်၊ ဇီဝိတရုပ်တို့ကိုယူရပါတယ်။ ဆဝတ္ထုရုပ်ဆိုတာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထုဆိုတဲ့ ဝတ္ထုရုပ်(၆)ပါးကို ပြောတာပါ။ သဠာယတန-အရ အဇ္ဈတ္တိကာယတန(၆)ပါးကိုယူရပါတယ်။ အဇ္ဈတ္တိကာယတနဆိုတာ အတွင်းအာယတနကိုပြောတာ။ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်လို့ မြန်မာလို မှတ်လိုက်တော့ ပိုလွယ်မယ်။ အပြင်အာယတန (ဗာဟိရာယတန)ဆိုတာလည်း ရှိသေးတယ်။ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန၊ မြန်မာလို- အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာ။ နာမ်ရုပ်က ကျေးဇူးပြုလို့ ဖြစ်တဲ့အာယတနက အတွင်းအာယတနခြောက်ပါးသာ ဖြစ်တယ်။ အပြင်အာယတနမပါဘူး။
ဝိညာဏပစ္စယာ နာမရူပံ- ဝိညာဏ်က နာမ်ရုပ်ကို ကျေးဇူးပြုတယ်ဆိုပေမယ့် ရံခါ နာမ်၊ ရံခါ ရုပ်၊ ရံခါ နာမ်ရုပ်ကို ကျေးဇူးပြုမယ်ပေါ့။ ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာက လူ့ခန္ဓာဖြစ်စဉ်ပြနေတာဆိုတော့ နာမ်ရုပ်လို့ ပြောထားတာ။ အရူပဗြဟ္မာတွေမှာ နာမ်သက်သက်၊ အသညသတ်ဗြဟ္မာတွေမှာ ရုပ်သက်သက်ဖြစ်မယ်လေ။ ဒါဆို ဝိညာဏပစ္စယာ နာမံ၊ ဝိညာဏပစ္စယာ ရူပံပေါ့။ နာမရူပစ္စယာ သဠာယတနံ- နာမ်ရုပ်ကနေပြီး အာယတနခြောက်ပါးကို ကျေးဇူးပြုတယ်တဲ့။ ဒီမှာလည်း နာမ်သက်သက်က အာယတနကျေးဇူးပြုတာလည်းရှိ၊ ရုပ်သက်သက်က အာယတကျေးဇူးပြုတာလည်းရှိ၊ နာမ်ရုပ်က အာယတနကို ကျေးဇူးပြုတာလည်းရှိမယ်ပေါ့။ အာယတနမှာလည်း ရှေ့အာယတန(၅)ပါးက ရုပ် (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်)၊ နောက်ဆုံးအာယတနက နာမ်၊ စိတ်ဆိုတဲ့ မနာယတန၊ စိတ်(၈၉)ပါးပေါ့။ အရူပဘုံမှာကျတော့ မနာယတနဆိုတဲ့ အာယတနတစ်ပါးတည်းဖြစ်တယ်။ ဒါဆို အာယတနခြောက်ပါးလို့ပြောလိုက်တာက ပဉ္စဝေါကာရဘုံတွေကိုရည်ရွယ်ပြောလိုက်တာပါပဲ။ ခန္ဓာငါးပါးလုံးရတဲ့ဘုံတွေပေါ့။ ရူပဗြဟ္မာတွေမှာ ဃာန ဇိဝှါ ကာယတွေမရတော့ သူတို့လည်း အာယတနခြောက်ပါးလုံးမပြည့်ဘူး၊ သုံးပါးပဲ ကျန်မယ်။ ဒါကြောင့် ဘုံအလိုက် အာယတနတွေ အတိုးအလျော့တော့ ရှိနေယ်။ အခုဒီမှာ နားလည်ထားရမှာက ကိုယ်က လူဖြစ်နေတော့ လူ့ခန္ဓာဖြစ်စဉ်ကိုပဲ အဓိကနားလည်အောင်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါပဲ။
ဝိညာဏ်ကြောင့်နာမ်ရုပ်ပေါ်၊ နာမ်ရုပ်ကြောင့် အာယတနပေါ်လာတယ်။ အကြောင်းအကျိုးဆက်ပြတာပါ။ တကယ့်ဖြစ်စဉ်က ပဋိသန္ဓေဝိညာဏ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် ရုပ်တွေလည်း တစ်ပြိုင်နက်ပေါ်လာတာပဲ။ ဒီလိုဖြစ်တည်လာတဲ့ နာမ်ရုပ်လေးကနေပြီး အာယတနတွေ ထပ်ဆင့်ပေါ်လာတယ်ဆိုတဲ့ ဖြစ်စဉ်ကို ထပ်ပြလိုက်တာက နာမရူပပစ္စယာ သဠာယတနံပေါ့။ သဠာယတနဆိုတာလည်း နာမ်ရုပ်တွေပါပဲ။ ဒါပေမဲ့ ရှေ့နာမ်ရုပ်ကနေ ဒီအာယတနခြောက်ပါး ထပ်ဆင့်ပေါ်လာတာကို သီးသန့် အကြောင်းအကျိုး ဆက်ပြလိုက်တာဖြစ်တယ်။ ပဋိသန္ဓေအခိုက်ကတည်းက နာမ်ရုပ်က ပေါ်ပြီးသား။ အဲဒီ ပဋိသန္ဓေ ဝိညာဏ် နာမ်ရုပ်ကနေ အာယတနတွေ ပေါ်လာရပါတယ်။ ဘယ်လိုပေါ်လာသလဲဆိုရင် ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေစိတ်နဲ့အတူ ကာယ၊ ဘာဝ၊ ဝတ္ထုဒဿကဆိုတဲ့ ကလာပ်စည်းသုံးစည်း၊ ရုပ်ပေါင်း (၃၀)ဖြစ်လာတယ်။ ဒါတွေအားလုံးဟာ ကံကြောင့်ဖြစ်တဲ့ရုပ်တွေချည်းပဲ။ ဒါကြောင့် ကမ္မဇရုပ်လို့ခေါ်တယ်။ ရှေးဦးစွာ ကလလရေကြည်ဖြစ်၊ ရေကြည်ကနေ အမြှုပ်ဖြစ်၊ အမြှပ်မှ သားတစ်၊ သားတစ်မှ အခဲ၊ အခဲမှ ခက်မငါးဖြာ၊ ထို့နောက်မှ ဆံပင် မွေးညင်း ခြေသည်းလက်သည်းတွေပေါ်လာတယ်လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ နောက်ပိုင်း ကျမ်းဂန်တွေကတော့ ဒီဖြစ်စဉ်ကို သတ္တာဟ (တစ်ပတ်၊ one week)နဲ့ ပိုင်းခြားပြထားတယ်။ ကလလရေကြည်တစ်ပတ်၊ ပြီးရင် အမြှုပ် တစ်ပတ်၊ ပြီးတော့ သားတစ်တစ်ပတ်၊ ပြီးတော့ အခဲတစ်ပတ်၊ ပြီးတော့ ခက်မငါးဖြာတစ်ပတ်ဖြစ်တယ်လို့ အဋ္ဌကထာမှာ ဖော်ပြတယ်။ ခက်မငါးဖြာဆိုတာက လက်နှစ်ဘက်ထွက်စရာ အဖုလေးနှစ်ခု၊ ခြေထောက်နှစ်ဘက်ထွက်စရာအဖုလေးနှစ်ခုနဲ့ ခေါင်းထွက်စရာအဖုလေးတစ်ခု၊ ပေါင်း(၅)ခုကိုပြောတာ။ ဒီလိုနဲ့ (၁၁)ပတ် (eleventh week) မှာ စက္ခု သောတ ဃာန ဇိဝှါဒဿကတို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ မျက်စိ နား နှာခေါင်း လျှာတို့ပေါ်လာတယ်ပေါ့။ နောက် (၄၂) သတ္တာဟ (42nd week) ရောက်မှ ဆံပင် မွေးညင်း ခြေသည်း လက်သည်းတွေပေါ်လာတယ်။ ဒါကတော့ အဋ္ဌကထာမှာ ဖော်ပြထားတဲ့အတိုင်းပြောလိုက်တာပေါ့။ အခုခေတ် ဆေးပညာရှုထောင့်ကကြည့်ရင် မှန်ချင်လည်း မှန်မယ်၊ လွဲတာလည်း ရှိချင်ရှိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘုရားရှင်က အဲလောက် ပိုင်းခြားပြီး ဟောတော်မမူခဲ့ပါဘူး၊ သာမန်ပဲ ဟောတော်မူခဲ့ပါတယ်။ ဒါကို နောက်ပိုင်း အဋ္ဌကထာတွေက အနီးစပ်ဆုံးဖြစ်အောင် ဖွင့်ပြထားတာသာ ဖြစ်တယ်။ ဒီမှာ ပြောလိုတာက နာမ်ရုပ်ကြောင့် အာယတနတွေပေါ်လာတယ်ဆိုတာပါပဲ။ ဒီ အာယတနတွေ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ အတွင်းအာယတနတွေပေါ်လာတာဟာ အကြောင်းမဲ့မဟုတ်၊ နာမ်ရုပ်အကြောင်းခံပြီးမှ ပေါ်လာတယ်၊ နာမ်ရုပ်ကြောင့် ဖြစ်တယ်လို့ ဆိုတာကို နာမရူပပစ္စယာ သဠာယတနံ- လို့ဆိုပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.