တဏှာပစ္စယာ ဥပါဒါနံ

တဏှာပစ္စယာ ဥပါဒါနံ-၌ တဏှာ-အရ လိုချင်မှုတဏှာကိုယူရသကဲ့သို့ ဥပါဒါန်-အရလည်း တဏှာအပါအဝင် ဖြစ်တဲ့ ဥပါဒါန်(၄)ပါးကိုပဲ ယူရမှာဖြစ်ပါတယ်။ တဏှာနဲ့ ဥပါဒါန် ဘာထူးလဲဆိုရင်တော့ အားနည်းသောလောဘသည်တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်။ ဒီလိုခွဲခြားမှတ်ထားရပါမယ်။ လိုချင်မှုတဏှာကြောင့် တဏှာကိုအစွဲပြုပြီးတော့ ဥပါဒါန်ဖြစ်တယ်။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ ဖြစ်စဉ်ကိုပြရရင် မြင်- တွေ့- ခံစား- ခင်မင်- စွဲလန်း ကြား- တွေ့- ခံစား- ခင်မင်- စွဲလန်း နံ- တွေ့- ခံစား- ခင်မင်- စွဲလန်း စား- တွေ့- ခံစား- ခင်မင်- စွဲလန်း ထိ- တွေ့- ခံစား- ခင်မင်- စွဲလန်း တွေး- တွေ့- ခံစား- ခင်မင်- စွဲလန်း။ ဒီလို သဘောတရားပိုင်းကနေမှတ်ထားလိုက်ပေါ့။ ဥပမာ- မြင်စရာအဆင်းတစ်ခုခု မြင်ပြီဆိုပါစို့။ ဝေဒနာက အဆင်းကိုခံစားလိုက်တယ်။ တဏှာက အဲဒီအဆင်းကို၊ မြင်လိုက်ရတဲ့အရာကို ခင်လိုက်တယ်။ တပ်နှစ်သက်လာတယ်။ ဒါက တဏှာအဆင့်ရှိသေးတာ။ ဒါလေး ငါလိုချင်လိုက်တာ၊ ဒါလေး ငါရချင်လိုက်တာ ဆိုရင် ဥပါဒါန်ဖြစ်လာပြီ။ သဘောကျတပ်မက်နှစ်သက်ရုံအဆင့်မှာ တဏှာသာ ဖြစ်နေသေးတယ်။ ဒါကို ငါရချင်လိုက်တာလို့ စွဲလန်းလာရင်တော့ ဥပါဒါန်ဖြစ်သွားပြီ။ မရ ရအောင် အားထုတ်တော့မယ်၊ ကြံစည်လုပ်ကိုင်တော့မယ်။ ဒါကြောင့် အားနည်းသောလောဘသည် တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်လို့ ဆိုတာ။ အနုစားလောဘသည် တဏှာ အကြမ်းစားလောဘသည် ဥပါဒါန်၊ ဒီလိုလည်း ပြောလို့ရပါတယ်။ ဥပမာ ဘယ်လိုပေးထားလဲဆိုရင်တော့ ဖားကိုမြွေက ဖမ်းသလိုတဲ့။ ဖားကို မြွေက မိလိုက်ပြီဆိုရင် မလွှတ်တော့ဘူး။ တဖြည်းဖြည်း အကောင်လိုက်မျိုလိုက်တယ်။ ဒီလိုပဲ တဏှာကနေ ဥပါဒါန်အဖြစ်ရောက်သွားပြီဆိုရင်တော့ ကိုယ်တပ်မက်နေတဲ့ အာရုံကို မလွှတ်တော့ဘူး။ စွဲလန်းနေတော့တယ်။ ဥပမာ- ကွန်ပျူတာဆိုင်သွားကြည့်တယ်၊ အိုင်ပက်ကို တွေ့လိုက်တယ်။ တွေခါစမှာတော့ အိုင်ပက်ဆိုတာ ဒါပါလား၊ သဘောကျစရာလေးပဲလို့ ထင်လိုက်တာ။ ဒါက တဏှာအဆင့်လေးပဲရှိသေးတယ်။ အရောင်းစာရေးက အိုင်ပက်ဆိုတာ အသုံးပြုရတာ အရမ်းအဆင်ပြေတယ်၊ အင်တာနက်လည်းသုံးလို့ရတယ်၊ စာလည်း ရိုက်လို့ရတယ်၊ စာတွေလည်း ဖတ်လို့ရတယ်၊ ဓာတ်ပုံ ဗွီဒီယိုတွေလည်း ရိုက်လို့ရတယ် ဘာညာ လက်တွေ့ရှင်းပြလိုက်တော့ အိုင်ပက်ကို သဘောကျတာထက် လိုချင်လာတာ။ လိုချင်လာတော့ ဈေးတွေမေး၊ ဟာ ဒါဆို ငါမတတ်နိုင်သေးဘူး။ ဒါပေမဲ့ ဒီအိုင်ပက်ကို ငါဝယ်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ပေါ်လာတယ်ဆိုရင်တော့ ဥပါဒါန်ဖြစ်လာပြီပေါ့။ ဖားကိုမြွေကဖမ်းသလို၊ ဒီအာရုံကို မြင်ပြီးတပ်မက်ရာကနေ စွဲလန်းတဲ့အဆင့်ရောက်လာပြီ။ အိုင်ပက်ဝယ်နိုင်ဖို့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ အချိန်တွေ ကုန်တတ်နေပြီဆိုရင် အိုင်ပက်ဥပါဒါန်ဖြစ်နေပြီပေါ့။ ပပဝတီကို ကုသမင်းက မြင်လိုက်တာနဲ့ ခင်ရုံတင်မကဘူး၊ စွဲလန်းနေလို့ သူ့ဂုဏ်သိက္ခာတွေ ဘေးဖယ်ထားပြီး ထမင်းချက်အစေခံလုပ်ရတာနဲ့ စောင်းတီးပြရတာနဲ့ စုံနေအောင်လုပ်ပြတာ ဥပါဒါန်ကြောင့်ပေါ့။ ဥပါဒါန်ကြောင့် ကြိုးစားတယ်၊ ကြိုးစားတော့ ရတယ်။ ကြိုးစားတာက ကမ္မဘဝ၊ နောက်အပိုင်းမှ ဆက်ပြောမယ်။ ချင်းချင်းထောက်ဆ၊ ရှေးရှေးကျသည့်၊ ဒုဗ္ဗလဟု၊ လိုချင်မှုကို၊ တဏှာဆိုလော့။ ထိုထိုနောက်မှ၊ ဗလဝဖြစ်ပြန်၊ ဥပါဒါန်တည်း။ တစ်ဖန်ဆိုကြ၊ ကေစနကား၊ မရသေးခင်၊ တောင့်တအင်ကို၊ ခေါ်တွင်တဏှာ၊ ရခဲ့ပါတုံ၊ စုံစုံမက်မက်၊ နှစ်သက်သမှု၊ ပါဒါန်ပြု၏။ နှစ်ခုခွဲကြိပ်၊ ဆန့်ကျင်ရိပ်ကား၊ အပိစ္ဆတာ၊ သန္တုဋ္ဌာတည်း။ ဒုဗ္ဗလ- အားနည်းတဲ့ လိုချင်မှုက တဏှာ၊ ဗလဝ-အားကောင်းတဲ့လိုချင်မှုက ဥပါဒါန်တဲ့။ တချို့ကလည်း မရသေးခင် တောင့်တလိုချင်နေတာက တဏှာ၊ ရပြီး စုံစုံမက်မက်ဖြစ်နေတာက ဥပါဒါန်လို့ ဆိုကြတယ်တဲ့။ ဒီတဏှာ ဥပါဒါန်တို့ရဲ့ ဆန့်ကျင်ဘက်ကတော့ အပိစ္ဆတာ၊ သန္တုဋ္ဌီ- အလိုနဲခြင်း ရောင့်ရဲနိုင်ခြင်းပါပဲတဲ့။ ဒီတော့ နေ့စဉ်လူနေမှုဘဝမှာ အလိုနည်းရောင့်ရဲနိုင်အောင် စိတ်ကို ထားတတ်မယ်ဆိုရင် တဏှာဥပါဒါန်တွေ နည်းနိုင်သမျှ နည်း၊ ကင်းနိုင်သမျှ ကင်းနေမှာပါပဲ။ ဥပါဒါန်က (၄)မျိုးရှိတယ်။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တဲ့။ ကာမဂုဏ်အာရုံအပေါ်စွဲလန်းတာက ကာမုပါဒါန်၊ အယူအဆအပေါ် စွဲလန်းတာက ဒိဋ္ဌုပါဒါန်၊ ခွေးအကျင့် နွားအကျင့် စသည်ကျင့်ရင် နိဗ္ဗာန်ရောက်မယ်လို့ စွဲထားတာက သီလဗ္ဗတုပါဒါန်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲလန်းထားတာက အတ္တဝါဒုပါဒါန်။ ကာမုပါဒါန်က လောဘ သို့မဟုတ် တဏှာပဲ။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်တို့က ဒိဋ္ဌိ (ကာမုပဒါဒါန် = လောဘ၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် = ဒိဋ္ဌိ)။ ဒါက အရှိတရားကို ကောက်ပြတာ။ တရားကိုယ်ကောက်တယ်လို့ စာသံပေသံနဲ့ ပြောလေ့ရှိတယ်။ ဒီလို တရားကိုယ်ကောက်လိုက်တော့ ဥပါဒါန်(၄)ပါးဟာ လောဘနဲ့ ဒိဋ္ဌိပါပဲ။ လောဘနဲ့လည်း စွဲလန်းနေတာရှိသလို ဒိဋ္ဌိနဲ့လည်း စွဲလန်းနေတာရှိတယ်။ ကာမဂုဏ်အာရုံတွေကို ခင်မင်ရာ တပ်မက်ရာကနေ စွဲလန်းလာတော့ လောဘစွဲ၊ တဏှာစွဲ။ အယူအဆရေးရာတွေ ကြားသိပြီး နှစ်သက်ရာကနေ စွဲလန်းလာတော့ ဒိဋ္ဌိစွဲ။ ဗုဒ္ဓဘာသာချင်းတူနေစေကာမူ အယူအဆတွေက မတူကြဘူး၊ သူ့အစွဲနဲ့သူ။ မဟာယာနဆိုတာလည်းရှိ၊ ထေရဝါဒဆိုတာလည်းရှိ၊ ဒီမှာ အယူအဆလေးတွေအပေါ် အစွဲလေးတွေ ဝင်လာတာ။ ထေရဝါဒထဲမှာပင် ဟိုဆရာ့နည်းက ကောင်းတယ်၊ ဒီဆရာ့နည်းကကောင်းတယ်လို့ သူ့အစွဲနဲ့သူ ရှိနေတာပါပဲ။ သို့သော် မှားယွင်းတဲ့ ဖောက်ဖောက်ပြန်ပြန် ဖြစ်နေတဲ့ နည်းတွေ၊ အယူအဆတွေ မစွဲမိဘို့တော့ သတိထားရပါလိမ့်မယ်။ ဘာသာခြားတွေဆိုရင် သူတို့ဘာသာအယူအဆကို စွဲနေတာ အထူးပြောနေစရာမလိုတော့ဘူး။ ထို့အပြင် ကိုယ့်ခန္ဓာကိုယ်ကိုလည်း ခန္ဓာငါးပါးလို့မမြင်ဘဲ ငါ့ကိုယ်လို့ ထင်မြင်ယူဆနေတဲ့ သက္ကာယဒိဋ္ဌိဆိုတာရှိတယ်။ ဒါလည်း ဒီဒိဋ္ဌုပါဒါန်ထဲ ဝင်သွားတာ။ တိတိကျကျပြောရရင် အတ္တဝါဒုပါဒါန်ပေါ့။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ဒိဋ္ဌိနဲ့စွဲလန်းတာကို ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံလို့ ကြောင်းကျိုးဆက်ပြလေ့ရှိတယ်။ ခန္ဓာ့ဖြစ်စဉ်အရ ဝေဒနာကတော့ အချိန်ပြည့်ဖြစ်နေတာပဲ။ ခန္ဓာရှိနေသရွေ့ ဝေဒနာရှိနေတယ်ဆိုတာ ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဝေဒနာပေါ်ဆဲ မရှုမိလို့ရှိရင် အကျိုးဆက်က တဏှာလာတယ်။ ဝေဒနာပေါ်ဆဲ ရှုလိုက်မယ်ဆိုရင် တဏှာ ဆက်ခွင့် တဏှာဖြစ်ခွင့်မရတော့ဘူး။ တဏှာပေါ်မယ့်နေရာ မဂ်အစားထိုးဝင်လာတယ်။ ဒါကြောင့် ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ဖြတ်ပေးမှ အကွက်(၃)တရားတွေ ပေါ်ခွင့်မရမှာဖြစ်တယ်။ မဖြတ်နိုင်ဘူးဆိုရင် ခန္ဓာပင်စည်ကနေ အကွက်(၃)က ကိလေသာ အသီးအပွင့်တွေ လာတော့ ဒီအသီးအပွင့်တွေက နောက်အကွက်နံပါတ်(၄)ခန္ဓာပင်စည် ပြန်ပေါက်ပါလိမ့်မယ်။ ခန္ဓာပင်စည်ပေါက်ပြန်ပြီဆိုရင် ဒုက္ခရောက်ပြန်ဦးမှာပဲ။ ခန္ဓာသည် ဒုက္ခသစ္စာဖြစ်တယ်။ ဒီလိုဒုက္ခသစ္စာခန္ဓာငါးပါး အစပြတ်ချုပ်ငြိမ်းရုပ်သိမ်းရေးအတွက် လက်ရှိခန္ဓာမြေပေါ်မှာ တရားရှာနေရခြင်းဖြစ်ပါတယ်။ ဝေဒနာပေါ်တိုင်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်လို့နေမယ်ဆိုရင် နောင်ခန္ဓာဖြစ်ကြောင်းတရားတွေ ချုပ်တယ်။ တဏှာဥပါဒါန်ကံတွေ မလာတော့ဘူး။ နောင်ခန္ဓာဖြစ်ကြောင်းတရားတွေ ချုပ်ပြီဆိုရင် နောင်ခန္ဓာဖြစ်ကျိုးလည်း ချုပ်တော့တာပါပဲ။ ဖြစ်ကြောင်းချုပ်မှ ဖြစ်ကျိုးချုပ်မယ်။ ဒီတော့ ဖြစ်ကြောင်းတွေ တစ်စတစ်စ ချုပ်အောင်လုပ်ပေးနေရတာဟာ ဝိပဿနာလုပ်နေတာပါပဲ။ ဒီလို နဲနဲ နဲနဲ ချုပ်အောင်လုပ်နေရင်းဖြင့် နောက်ဆုံး ပထမမဂ်ရရင် လေးပုံတစ်ပုံချုပ်၊ ဒုတိတယမဂ်ရရင် လေးပုံနှစ်ပုံချုပ်၊ တတိယမဂ်ရရင် လေးပုံသုံးပုံချုပ်ပြီး နောက်ဆုံးမဂ်ဖြစ်တဲ့ စတုတ္ထမဂ်ရလိုက်ရင်တော့ဖြင့် လေးပုံလုံးအကုန်ချုပ်လို့ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အစပြတ်ချုပ်ငြိမ်းသွားပါပြီ။ ဒီလို ခန္ဓာဖြစ်ကြောင်း အစပြတ်ချုပ်ငြိမ်းသွားရင် ခန္ဓာဖြစ်ကျိုးလည်း အစပြတ်ချုပ်ငြိမ်းသွားပြီဖြစ်လို့ နောင်ခန္ဓာ လာစရာ အကြောင်း လုံးဝမရှိတော့ပါဘူး။ ဒါကြောင့် နောင်ခန္ဓာဖြစ်ကြောင်းတရားများဖြစ်တဲ့ အကွက်(၃)က ကိလေသာနဲ့ ကံတရားများ ချုပ်ငြိမ်းဖို့အတွက် လက်ရှိခန္ဓာမြေပေါ်မှာ ဉာဏ်အလုပ်လုပ်ရပါလိမ့်မယ်။ ကိလေသာကို ဖြတ်နိုင်တာသည် ဉာဏ်(မဂ်)သာလျှင်ဖြစ်တယ်။ ဒါကြောင့် ဉာဏ်အလုပ် ဉာဏ်စခန်းနဲ့ ဝိပဿနာလမ်းကိုလိုက်မှသာလျှင် နောင်ခန္ဓာဖြစ်ကြောင်းချုပ်၊ ဖြစ်ကြောင်းချုပ်တော့ ဖြစ်ကျိုးလည်း ချုပ်သွားမယ်ဆိုတာကို ယုံကြည်ပြီး ဝေဒနာနဲ့ တဏှာအစပ်ကို မကူးအောင် ဖြတ်နိုင်ကြပါစေ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း