ဝေဒနာကို နိုင်ပါမှ
နိဗ္ဗာန်ရဖို့ အနီးဆုံးသည် ဝေဒနာနုပဿနာပင် ဖြစ်၏။ ဝေဒနာကြောင့် တဏှာဖြစ်ရ၏ (ဝေဒနာပစ္စယာ တဏှာ)။ ဝေဒနာချုပ်လျှင် တဏှာချုပ်တော့၏ (ဝေဒနာနိရောဓာ တဏှာနိရောဓော)။ တဏှာချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်၏ (တဏှာနိရောဓော နိဗ္ဗာနံ)။ ထိုဟောကြားတော်မူချက်တို့အရ ဝေဒနာကိုသိမှ ဝေဒနာနိရောဓ ကိုသိမည်ဖြစ်၏။ ဝေဒနာကို မသိလျှင် ဝေဒနာနိရောဓကိုမသိ။ ဆိုလိုသည်မှာ ဝေဒနာဖြစ်ခြင်းသိမှ ဝေဒနာချုပ်ခြင်းသိမည်ဖြစ်၏။
ဝေဒနာသိဖို့အရေးအတွက် ဝေဒနာပေါ်ရာဌာနတို့ကို ပြောခဲ့ပြီး ဖြစ်ပါ၏။ ယခုတစ်ဖန် ဝေဒနာသုံးမျိုး ပေါ်ပုံကို အကျဉ်းမျှ ထပ်မံပြောပြလိုပါ၏။ ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ခြေသည်းလက်သည်း ဆံဖျားစသည့် ကာယပသာဒမဖြစ်နိုင်သည့်နေရာများမှအပ ကျန်သည့်နေရာတို့၌ ရံခါ သုခဝေဒနာပေါ်၏၊ ရံခါ ဒုက္ခဝေဒနာပေါ်၏။ ထို့ကြောင့် ကိုယ်ပေါ်၌ သုခနှင့် ဒုက္ခ ဝေဒနာနှစ်မျိုးပေါ်နိုင်၏။ တစ်ကိုယ်လုံးဟူသည် ပေါ်နိုင်ရာဌာနကိုသာ ပြောခြင်းဖြစ်ပါ၏။ စင်စစ်မှာ ပေါ်ချင်သည့်နေရာတွင် ကွက်၍ ပေါ်မည်သာ ဖြစ်၏။ သို့သော် တစ်နေရာရာတွင်သာ ထူးထူးခြားခြား ပေါ်မည်ဖြစ်၏။ ကိုယ်ပေါ်မှာသာ ပေါ်သောကြောင့် သုခနှင့် ဒုက္ခရှုလျှင် မျက်စိအမြင် နားအကြား စသည်ကို မရှုရ။ မျက်စိအမြင် နားအကြား စသည်ရှုနေလျှင် အာရုံမှလွတ်နေသောကြောင့် သုခ ဒုက္ခတို့၏ ဖြစ်ပျက်ကို မြင်လိမ့်မည်မဟုတ်။ ယင်းသို့ မှန်းရှု ရမ်းရှုသာ ဖြစ်နေပါက ခရီးမရောက်နိုင်။
ကိုယ်ပေါ်၌ သုခနှင့် ဒုက္ခ ဝေဒနာနှစ်မျိုးပေါ်၏။ ဥပမာ အိုက်သည့်အခါ ဒုက္ခဝေဒနာပေါ်၏။ လေပြေလေညင်းလေး တိုက်သည့်အခါ သုခဝေဒနာပေါ်၏။ အအေးလွန်ကဲနေသည့်အခါ ဒုက္ခဝေဒနာပေါ်၏။ အနွေးအင်္ကျီဝတ်ထား၍ နွေးနေသည့်အခါ သုခဝေဒနာပေါ်နေ၏။ မည်သည့်အချိန်မျှ ဝေဒနာနှင့် ကင်းသည်ဟူ၍ မရှိ။ သုခဝေဒနာမရှိလျှင် ဒုက္ခဝေဒနာ ရှိနေမည်သာဖြစ်၏။ ပြိုင်တူတော့ မပေါ်နိုင်။ တစ်ခုချုပ်မှ တစ်ခုက ပေါ်လာနိုင်၏။
ဝမ်းထဲနှလုံးအိမ်တွင် သဘောကျစရာ အာရုံကောင်းနှင့်တွေ့က သုခဝေဒနာပေါ်၏။ (သုခနှင့် သောမနဿကို ထပ်တူပြု၍ ရှုနည်းဖြစ်၏)။ သတင်းကောင်းကြားရ၍ ဝမ်းသာသည့်အခါ၊ မြင်ချင်တာ မြင်ရ၍ ဝမ်းသာသည့်အခါ စသည်ဖြင့် သုခဝေဒနာပေါ်သည့်အခိုက်အတန့်ကို သိနိုင်ပါ၏။ မျက်စိက မြင်ရုံသာမြင်နိုင်၏။ ဝမ်းသာသည်က ဝမ်းထဲက ဝမ်းသာခြင်းသာ ဖြစ်၏။ စိတ်မကောင်းစရာ သတင်းစကားကြားလိုက်ရလျှင် ဝမ်းထဲမှာ ဒုက္ခဝေဒနာ ပေါ်၏။ မြင်ရ ကြားရ စသည့်အပေါ်၌ ကမ္မဿကာ ထားနိုင်လိုက်လျှင်မူ ဝမ်းထဲ၌ ဥပေက္ခာဝေဒနာပေါ်သည်ဟု နားလည်ရ၏။ ထို့ကြောင့် ဝမ်းထဲတွင် သုခဝေဒနာလည်း ပေါ်နိုင်၏၊ ဒုက္ခဝေဒနာလည်း ပေါ်နိုင်၏၊ ဥပေက္ခာဝေဒနာလည်း ပေါ်နိုင်၏။ ထိုသုံးမျိုးသည်လည်း တစ်ခုချုပ်မှ တစ်ခုပေါ်မည်သာဖြစ်၏။ ပြိုင်ပေါ်ရိုးမရှိ။ အာရုံအပေါ်မူတည်၍ ပေါ်မည်သာဖြစ်၏။ ကောင်းသည့်အာရုံနှင့်တွေ့လျှင် သုခဝေဒနာပေါ်၏။ မကောင်းသည့်အာရုံနှင့်တွေ့လျှင် ဒုက္ခဝေဒနာပေါ်၏။ အလယ်အလတ်အာရုံနှင့်တွေ့လျှင် ဥပေက္ခာဝေဒနာပေါ်၏။ အာရုံအတိုင်းပင် ကိုယ်ပေါ်၌ သုခနှင့်ဒုက္ခ၊ ဝမ်းထဲ၌ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာတို့ ပေါ်မည်သာဖြစ်၏။
ထို့ကြောင့် မည်သည့်အချိန်မှ ဝေဒနာနှင့် ကင်းသည်ဟူ၍ မရှိ။ ထမင်းဆာလျှင် ဒုက္ခဝေဒနာပေါ်နေ၏။ ထမင်းစားလိုက်ရလျှင် သုခဝေဒနာပေါ်နေ၏။ ထမင်းအစားလွန်၍ အီလည်လည်ဖြစ်နေလျှင် ဒုက္ခဝေဒနာပေါ်နေ၏။ ဝေဒနာကင်းသည်ဟူ၍ မရှိ။ “စားသာစားလိုက်ရ၊ ကောင်းမကောင်း သတိတောင်မထားလိုက်မိပါဘူး”ဆိုလျှင် ဥပေက္ခာဝေဒနာပေါ်၏။ ထိုဝေဒနာသုံးမျိုး တစ်မျိုးမျိုးပေါ်ဖို့အတွက် ဒွါရခြောက်ပေါက်မှ အစာသွင်းနေကြရ၏။ ဖြည့်ဆည်းပေးနေကြရ၏။ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဟု ဒွါရခြောက်ပေါက်ရှိ၏။ ထိုဒွါရခြောက်ပေါက်ကို သမုဒ္ဒရာနှင့် တင်စား၍ ဘုရားရှင်ဟောတော်မူခဲ့၏။ မျက်စိကလည်း အမြင်အာရုံ၌ အားရကျေနပ်သည်ဟူ၍ မရှိ။ အားရအောင် မြင်ရရေးအတွက် ငွေကုန်ကျေးကျခံကာ ဖြည့်ဆည်းပေးနေကြရ၏။ နားကလည်း အကြားအာရုံ၌ အားရကျေနပ်သည်ဟူ၍ မရှိ။ အားရအောင် ကြားရရေး နားထောင်နိုင်ရေးအတွက် ဖြည့်ဆည်းပေးနေကြရ၏။ နှာခေါင်းပေါက်ကလည်း အနံ့အာရုံ၌ အားရကျေနပ်သည်ဟူ၍ မရှိ။ အားရကျေနပ်အောင် ဖြည့်ဆည်းပေးနေကြရ၏။ လျှာပေါက်ကလည်း အရသာအာရုံ၌ အားရကျေနပ်သည်ဟူ၍ မရှိ။ အားရကျေနပ်အောင် ဖြည့်ဆည်းပေးနေကြရ၏။ ကိုယ်ပေါက်ကလည်း အတွေ့အထိအာရုံ၌ အားရကျေနပ်သည်ဟူ၍ မရှိ။ အားရကျေနပ်အောင် ရှာဖွေဖြည့်ဆည်းပေးနေကြရ၏။ စိတ်ချမ်းသာအောင် နေနိုင်ရေးအတွက် မနောပေါက်ကိုလည်း ဖြည့်ဆည်းပေးနေကြရ၏။ သမုဒ္ဒရာဟူသည် ပြည့်သည်ဟူ၍ မရှိ။ ထို့ကြောင့် ထိုဒွါရခြောက်ပေါက်ကို မည်သို့ပင်ဖြည့်ဆည်းသော်လည်း ပြည့်သည်ဟူ၍ မရှိနိုင်သောကြောင့် သမုဒ္ဒရာခြောက်စင်းဟု တင်စားဟောတော်မူခြင်းပင် ဖြစ်၏။ ဝေဒနာကောင်းကို လိုလားကြ၍ ထိုခြောက်ပေါက်ကို ဖြည့်ဆည်းနေကြသည်ပင် ဖြစ်၏။ ထိုခြောက်ပေါက်ဖြည့်ဆည်းပေးနေရသည်နှင့် တစ်ဘဝတာ အားလပ်ချိန်ဟူ၍ပင် မရှိ။ ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ဖတ်ဖတ်မောနေကြရရှာ၏။ မည်သို့ပင် ဖြည့်ဆည်းသော်လည်း ပြည့်သည်ဟူ၍ကား မရှိ။ ဒွါရခြောက်ပေါက် လိုအင်ဆန္ဒတွေ ဖြည့်ဆည်းရင်းပင် အလိုမပြည့်ခင် သေသွားကြရ၏။ ယခုဘဝပြီးလျှင် နောက်ဘဝတွင်လည်း ဆက်လက်၍ပင် ဖြည့်ဆည်းနေကြရဦးမည်သာ ဖြစ်၏။ လိုအင်ဆန္ဒတွေ ဖြည့်ဆည်းရင်းဖြင့်ပင် လူဖြစ်လျှင် လူအလိုက် ခွေးဖြစ်လျှင် ခွေးအလိုက် နတ်ဖြစ်လျှင် နတ်အလိုက် ဖြည့်ဆည်းရင်းဖြင့်ပင် တစ်ဘဝပြီး တစ်ဘ၀ ဝေဒနာ၏ သားကောင်ဖြစ်နေကြရ၏။ ထို့ကြောင့် ဝေဒနာချုပ်မှသာလျှင် တဏှာသည်လည်း ချုပ်မည်ဖြစ်၍ ဝေဒနာနိရောဓာ တဏှာနိရောဓောဟု ဟောတော်မူရင်း ဖြစ်၏။
ဝေဒနာမချုပ်သေးသမျှ ဝေဒနာအနှိပ်စက်ခံသာ ဖြစ်နေရတော့၏။ တစ်သံသရာလုံးက ဝေဒနာနှိပ်စက်ခံလာကြရသည်သာဖြစ်၏။ ဝေဒနာကောင်းရရှိရေးအတွက် ဖြည့်ဆည်းရင်းဖြင့် ဝေဒနာ၏ ကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြရ၏။ တစ်ဘဝတာမဟုတ်၊ တစ်သံသရာလုံးပင် ဖြစ်၏။ သခင်လုပ်ပြီး နှိပ်စက်နေခြင်းမျိုး ဖြစ်၏။ အချိုစားချင်လျှင် အချိုရအောင်ဖန်တီးရ၏။ အချဉ်စားချင်လျှင် အချဉ်စားရအောင် ဖန်တီးရ၏။ အမွှေးနံသာ ခံစားချင်လျှင် မရရအောင် ရှာကြံရ၏။ ထို့ကြောင့် ဝေဒနာစေစားရာ လှုပ်ရှားရုန်းကန်နေရခြင်းပင် ဖြစ်သည်ဟု ဆိုရ၏။ ဝေဒနာက အစိုးတရ ကြီးမှူးနေ၍သာ ဝေဒနာနောက် ကျွန်သဘောက်ကဲ့သို့ လိုက်နေရခြင်း ဖြစ်၏။ ထို့ကြောင့် ဝေဒနာကို ဝေဒနိန္ဒြေဟု ဘုရားရှင်ဟောတော်မူခဲ့၏။ ဝေဒနာအစိုးတရပင်ဖြစ်၏။ ဝေဒနာက စိုးမိုးခြယ်လှယ်ထားခြင်းဖြစ်ပါ၏။
အသက်ရှင်ဆဲမှာလည်း ဝေဒနာ၏ အနှိပ်စက်ခံအဖြစ်ဖြင့် ရှင်သန်နေရသကဲ့သို့ သေသည့်အခါတွင်လည်း ဝေဒနာနှိပ်စက်၍ပင် သေကြရ၏။ ခိုင်းနွားများကဲ့သို့ဖြစ်၏။ ခိုင်း၍ ရသည့်အရွယ်တွင် နွားများကို လယ်ထွန်ခိုင်း၊ လှည်းအဆွဲခိုင်း၊ အို၍ ထွန်၊ လှည်းမဆွဲနိုင်တော့လျှင် သတ်စားလိုက်ကြ၏။ ထို့အတူပင် ဝေဒနာကလည်း ရှင်ဆဲဘဝ၌လည်း သူလိုရာ မရ ရအောင် ရှာဖွေ ဖြည့်ဆည်းခိုင်းနေတော့၏။ အားရတင်းတိမ်သည်ဟူ၍ မရှိ။ ယင်းသို့ရှာဖွေဖြည့်ဆည်းပေးလျက် အရှင်သခင်ကဲ့သို့ အားထားကိုးကွယ်ရင်းကပင် နောက်ဆုံး၌ ကိုယ်အားကိုးဆက်သနေသည့်ဝေဒနာကပင် ကိုယ့်ကို ပြန်သတ်လိုက်သဖြင့် သေပွဲဝင်ကြရ၏။ ဝေဒနာနှင့်နေ၍ ဝေဒနာနှင့် သေကြရခြင်းသာဖြစ်၏။ သုခဝေဒနာ နှိပ်စက်၍လည်း သေနိုင်၏။ အပျော်လွန်၍ သေတော့ သုခဝေဒနာလက်ချက်ဖြင့် သေရခြင်းဖြစ်၏။ ရောဂါဝေဒနာပြင်းထန်စွာခံစား၍ သေတော့ ဒုက္ခဝေဒနာနှိပ်စက်၍ သေရခြင်းဖြစ်၏။ မူးမိုက်ပြီး သေ၊ ဦးနှောက်သွေးကြောပြတ်ပြီးသေတော့ ဥပေက္ခာဝေဒနာ သတ်၍ သေရခြင်းဖြစ်၏။ သေသူမှန်သမျှ ထိုဝေဒနာသုံးမျိုး တစ်မျိုးမျိုး သတ်၍ သေရခြင်းသာ ဖြစ်၏။ အသက်ရှင်ဆဲ၌ ဝေဒနာ၏ကျွန်ဖြစ်နေရပြီး ဝေဒနာကပင် နောက်ဆုံး၌ အသေသတ်ပစ်လိုက်တော့၏။ “ကျွန်ခိုင်းခိုင်းပြီး သတ်တာပါလား” ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ ဝေဒနာက ကျွန်ခိုင်းခိုင်း၍ လိုအင်ဆန္ဒတွေကို နေ့မအား ညမအား နားချိန်မရှိအောင် ဖြည့်ဆည်းပေးနေရင်းကပင် မဖြည့်ဆည်းနိုင်တော့သည့်အဆုံး၌ သတ်ပစ်လိုက်လေတော့၏။ ထို့ကြောင့် “ဝေဒနာ မာရော” ဟုဘုရားရှင်ဟောတော်မူ၏။ (ဝေဒနာ- ဝေဒနာသည်၊ မာရော- အသေသတ်တတ်သည့် သေမင်း)။ ထို့ကြောင့် ဝေဒနာက နိုင်နေသရွေ့ ကာလပတ်လုံး သေပွဲချည်း နွှဲနေရမည်သာဖြစ်၏။ ဝေဒနာကို နိုင်မှသာလျှင် မသေရာ နိဗ္ဗာန်ကို ရနိုင်မည်ဖြစ်၏။ ဝေဒနာကုန်အောင် ရှုနိုင်လျှင် တဏှာမရှိရာ နိဗ္ဗာန်ရောက်နိုင်ကြောင်းကို ဘုရားရှင် ဟောတော်မူခဲ့ပါ၏ (ဝေဒနာနံ ခယာ ဘိက္ခု၊ နိစ္ဆာတော ပရိနိဗ္ဗုတော)။ ဝေဒနာကုန်အောင် ရှုနိုင်လျှင် တဏှာလာခွင့်မရတော့။ လာခွင့်မရ၍ တဏှာကုန်တော့ တဏှာနိရောဓော နိဗ္ဗာနံ- ဖြစ်တော့၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.