ဒုက္ခစက်
ကိုယ့်ခန္ဓာဟာ ကိုယ့်သံသရာပါပဲ။ ဒီဘဝမှာ စုတိစိတ်ကျပြီး သေတာနဲ့ ဇာတ်သိမ်းရလိမ့်မယ်။ စုတိဟာ ဒုက္ခသစ္စာပါပဲ။ စုတိပြီးတော့ သံသရာဆက်ဖို့ ပဋိသန္ဓေလာမယ်။ ကံပေးတဲ့အတိုင်း အမိဝမ်းခေါင်းထဲမှာ ပဋိသန္ဓေနေကြရလိမ့်မယ်။ ပဋိသန္ဓေဟာဇာတိ၊ ဇာတိဟာလဲ ဒုက္ခသစ္စာပဲ။ ဒုက္ခသစ္စာနဲ့ သေပြီး ဒုက္ခသစ္စာနဲ့ နေကြရတယ်။ အိုတယ်ဆိုတာကလည်း ဒုက္ခသစ္စာ။ နာကြ ကျင်ကြ ကိုက်ကြ ခဲကြတော့လည်း ဒုက္ခသစ္စာ။ နာတာ ကျင်တာ မခံနိုင်လို့ သေရပါတော့မယ်ဆိုတော့လည်း သေတာက ဒုက္ခသစ္စာပဲ။ သေတော့ ပြီးပလားဆိုတော့လည်း မပြီးသေးဘူး၊ နောက်ဘ၀ ဒုက္ခသစ္စာ ပဋိသန္ဓေက ဆက်လာပြန်တယ်။ ဒါဖြင့် သံသရာဆိုတာ ဒုက္ခသစ္စာ စက်ကြီးလှည့်နေတာပဲလို့ မှတ်လိုက်ပါ။
အပြောအရတော့ လူ့ခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အပါယ်ခန္ဓာလို့ ပြောနေကြတာပဲ၊ ဒါပေမဲ့ တကယ်လက်တွေ့ သံသရာလည်ပုံကတော့ ဒုက္ခစက်ကြီးလှည့်နေတယ်။ ဒုက္ခစက်ကြီးလှည့်နေတာ ဘုရားတောင်မှ အစရှာမရပါဘူးတဲ့။ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ လူချမ်းသာ နတ်ချမ်းသာဆိုတာ ဆိုင်းဘုတ်ဆွဲထားတာသာဖြစ်တယ်၊ တကယ်က ဒုက္ခစက်ကြီး လည်နေတာပါ။ ဒီစက်ကြီးဟာ တစ်ဝိုင်းတည်းဝိုင်းပြီး တလည်တည်း လည်နေရတော့တယ်။ ဘာကြောင့် လည်နေရပါလိမ့်မလဲဆိုရင်ဖြင့် သစ္စာမသိလို့ လည်နေရတဲ့ အဖြစ်ဆိုးပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင် သစ္စာမသိခင်တုန်းက အဖြစ်ဆိုးနဲ့ လည်တော်မူခဲ့ရပါတယ်။ ဒါကြောင့် ငါ၏တပည့်သားတွေလည်း ငါလို အဖြစ်ဆိုးနဲ့ မလည်စေရအောင်ဆိုပြီး သစ္စာဆေးကို တိုက်ကျွေးတော်မူခဲ့တာပါ။ တရားဆေးတိုက်ကျွေးလို့ အချိန်မီလိုက်ပါလျက် မသောက်ဘူးဆိုရင်ဖြင့် ဒုက္ခစက်ကြီးဟာ ဆက်လက်ပြီး လည်နေရုံသာ ရှိတော့တယ်။
ဘုရားက သစ္စာသိပြီးတော့ အာဠာရရသေ့ကြီးကို သစ္စာဆေးတိုက်ကျွေးဖို့ ဉာဏ်နဲ့ကြည့်လိုက်တော့ အသေစောသွားလို့ အချိန်မမီလိုက်တာနဲ့ ရသေ့ကြီးဟာ ကမ္ဘာပေါင်း ခြောက်သောင်း ဒုက္ခစက်လည်နေရရှာတယ်။ ဥဒကရသေ့ကြီးကို သစ္စာဆေးတိုက်မယ်ကြံပြန်တော့လည်း သူက အသေတစ်ရက်စောသွားတယ်။ အသေတစ်ရက်စောသွားတာနဲ့ ကမ္ဘပေါင်း ရှစ်သောင်းလေးထောင် ဒုက္ခစက်ကြီး လည်နေရရှာတယ်။ တစ်ရက်လွဲလိုက်တာနဲ့ ဒုက္ခစက်က လွတ်လမ်းမတွေ့ရလောက်အောင် နစ်နာသွားရှာတယ်။ ဒါနဲ့ ဘယ်သူ့ကို သစ္စာဆေး အရင်ဆုံးတိုက်ကျွေးရပါမလဲလို့ စဉ်းစားတော့ ပဉ္စဝဂ္ဂီငါးဦးတွေ့တယ်။ သူတို့ကျတော့ သစ္စာဆေး မီလိုက်တဲ့အတွက် ဒုက္ခစက်မလည်ရတော့ဘဲ ဒုက္ခစက်ရပ်ပြီး သုခနိဗ္ဗာန် ရသွားကြတယ်။
ဒုက္ခစက်ဆိုတာ အခြားမဟုတ်ပါဘူး၊ သူများပါးစပ်ထဲ သေရတဲ့ဘဝတွေပါပဲ။ ဒုက္ခစက်မပြတ်သရွေ့တော့ အပါယ်ငရဲမှာ သူများ ညှင်းဆဲတာ ခံနေရတဲ့ ဘဝတွေ၊ သူများပါးစပ်ထဲမှာ အစာအဖြစ်စတေးခံနေကြရတဲ့ တိရစ္ဆာန်တွေ၊ ဒီလိုဘဝဆိုးတွေနဲ့လည်း လည်ကြရမှာပဲ။ ဒီလိုအဖြစ်ဆိုးသံသရာက လွတ်အောင် သစ္စာဆေးကိုတော့ သောက်ဖြစ်အောင်သောက်မှ သင့်တော်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ။
သစ္စာဆေးဆိုတာလည်း တစ်ခြားမဟုတ်ပါဘူး၊ ခန္ဓာငါးပါးထဲက တစ်ပါးပါး ဖောက်ပြန်တာဟာ သစ္စာလို့သာ မှတ်လိုက်ပါ။ ခန္ဓာမှာ ပေါ်လာတဲ့ ဖြစ်မှုလေးတွေ ပျက်မှုလေးတွေကို သစ္စာလို့ ခေါ်ပါတယ်။ ဝေဒနာပေါ်လာရင် ဝေဒနာလေးဟာ ဖြစ်မှုလည်းပါ၊ ပျက်မှုလည်းပါတယ်။ စိတ်ကလေးပေါ်လာရင်လည်း ဒီအတိုင်းပဲ။ သူ့သက်တမ်းစေ့ရင်ပျောက်သွားတော့ ဒုက္ခသစ္စာပဲ။ အာဠာရရသေ့ ဥဒကရသေ့တို့မှာလည်း ခန္ဓာတော့ရှိတာပါပဲ၊ ဒါပေမဲ့ သစ္စာရှိမှန်း သိမသွားကြရှာဘူး။ ဒါတွေ ဒုက္ခသစ္စာပါလားလို့ သိမသွားကြရှာဘူး။ သစ္စာသိတာဟာ ဉာဏ်ပဲ။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ အဲဒီမဂ္ဂသစ္စာလေးနဲ့ ခန္ဓာမှာပေါ်တိုင်းပေါ်တိုင်း သိသိပေးနေရင် ဝိပဿနာ ပုဗ္ဗဘာဂမဂ်ကလေး ဖြစ်နေတယ်။ ဒီလိုချည်း ခန္ဓာမှာ ကြည့်ကြည့်ပြီးနေလိုက်ပါ။ ကိုယ်တိုင်မြင်နေတဲ့ ဉာဏ်ကလေးက မဂ္ဂသစ္စာဖြစ်နေတယ်။ သံသရာ ကျင်လည်ခဲ့ရတာတွေဟာ ဒီဉာဏ်ကလေး မပေါ်လိုက်လို့ပဲ။ သံသရာထဲမှာ အိုဘေး နာဘေး သေဘေးတွေနဲ့၊ သားကွဲ မယားကွဲ၊ ဆွေကွဲ မျိုးကွဲဘေးတွေနဲ့၊ ရူးလိုက် နှမ်းလိုက် အဝတ်မကပ်တဲ့ဘဝဆိုးတွေနဲ့၊ ဒယ်အိုးထဲ အော်လိုက်ဟစ်လိုက် ခံနေရတဲ့ ဘဝဆိုးတွေနဲ့၊ တိရစ္ဆာန်များလို လေးချောင်းထောက်ဘဝတွေဖြစ်လိုက်၊ ကင်းခြေများလို ခြေတွေ အများကြီးနဲ့ ဘဝတွေဖြစ်လိုက်၊ မြွေလို ခြေမပါတဲ့ဘဝတွေဖြစ်လိုက်၊ သူများပါးစပ်ထဲ သေရတဲ့ဘဝတွေဖြစ်လိုက်နဲ့ မျိုးစုံအောင်ဖြစ်နေကြရတာဟာ သစ္စာဆေးလေး မသောက်လိုက်ရလို့ပါပဲ။ သစ္စာဆေးမသောက်လိုက်ရင် ဒီဒုက္ခတွေဟာ စက်ရဟတ်လို လည်နေမှာပဲ။ ဖြစ်ပျက်မဂ်ကိုအောင်လုပ်တဲ့ သစ္စာရေစင်လေးသောက်လိုက်ရရင် နောင်လာမယ့် ဒုက္ခစက်ရဟတ်ကြီး အကုန်ရပ်စဲသွားတယ်။ ဒုက္ခပျောက်ဆေး မဂ်ရေအေးဆိုတာ ဒါပါပဲ။
ဒီမဂ်ရေအေးသောက်လိုက်ရတဲ့အတွက် ကိလေသာအပူဓာတ်တွေ အကုန်ငြိမ်းပြီးရပ်သွားတယ်။ ဒုက္ခတွေဟာ ကိလေသာ သမုဒယသစ္စာကြောင့်သာ ဖြစ်ရတာပါ။ ကိလေသာ သမုဒယသစ္စာသာ မရှိတော့ရင် ခန္ဓာဒုက္ခစက်ရဟတ်ကြီးလည်း မလည်နိုင်တော့ပါဘူး။ ကမ္ဘပေါင်းများစွာ လည်ရမယ့်ဒုက္ခတွေကို ဒီမဂ်ရေစင်လေး တစ်ခွက်သောက်ရင်ပျောက်ပါတယ်။ သောက်တယ်ဆိုတာ မိမိခန္ဓာပေါ်မှာ မိမိဉာဏ်နဲ့ လျှောက်ပြေးတာကို ခေါ်ပါတယ်။ ဉာဏ်နဲ့လျှောက်ပြေးလိုက်တော့ ခန္ဓာထဲမှာ ပေါ်လိုက် ပျောက်လိုက် တရားနှစ်ခုသာရှိပါလားဆိုတာ တွေ့လာမယ် (အနိစ္စာဝတ သင်္ခါရာ)။ ပေါ်လိုက် ပျက်လိုက်ဆိုတာ အနိစ္စနဲ့ သင်္ခါရ လှည့်နေတာပဲ။ သင်္ခါရဆိုတာ အခုပေါ်လာတာ၊ ပေါ်လာတဲ့တရားလေး ပျက်သွားတော့ အနိစ္စ။ ခန္ဓာထဲမှာ ဝေဒနာလေးကလည်း ပေါ်လိုက် ပျက်လိုက်၊ စိတ်ကလေးကလည်း ပေါ်လိုက်ပျက်လိုက်၊ သညာကလေးကလည်း ပေါ်လိုက်ပျက်လိုက်။ ဝေဒနာကြိုက်တဲ့သူက ဝေဒနာရှု၊ စိတ်ကြိုက်တဲ့သူက စိတ်ရှု၊ သစ္စာကြိုက်တဲ့သူက သစ္စာရှု၊ ရုပ်ကြိုက်တဲ့သူက ရုပ်ရှု။ ဒီလိုရှုနေရင် ရှုတဲ့ဉာဏ်ဟာ မဂ်ရေစင် သောက်နေတာပါပဲ။
ရှုဖန်များလို့ ဝိပဿနာမဂ်ဝမ်းထဲရောက်လာတဲ့အခါ ကိလေသာတွေဟာ ပါးသွားပါတယ်။ တဏှာ ဥပါဒါန် ကံတွေ ပါးသွားပါတယ်။ ရှုတဲ့ဉာဏ်က မဂ်ဓားပဲ။ ဝိပဿနာမဂ်ဓားနဲ့ ကိလေသာထုကြီးကို နွှာနွှာပစ်လိုက်တဲ့အခါ ကိလေသာထုကြီးဟာ ပါးသွားရတယ်။ ကိလေသာထုပါးသွားပြီဆိုရင် ဒုက္ခရဲ့ အကြောင်းတွေပါးသွားတာပဲ။ ဒုက္ခအကြောင်း ပါးသွားရင် ဒုက္ခအကျိုးလည်း ပါးသွားရမှာပဲလို့ ဆုံးဖြတ်ချက်ချလိုက်ပါ။ ဒါကြောင့် ဒုက္ခလျော့ပါးရေးအတွက် တဏှာစရိုက်များတဲ့သူက ဝေဒနာကို ဖြစ်ပျက်ရှု၊ ငါစွဲ ဒိဋ္ဌိ များတဲ့သူက စိတ်ကို ဖြစ်ပျက်ရှု၊ ပညာဓာတ်ခံကောင်းတဲ့သူ ဘယ်ဟာသင်သင် တတ်လွယ်တဲ့သူက သစ္စာရှုပါ။ ဉာဏ်အင်မတန်ထိုင်းတဲ့သူဆိုရင်တော့ ရုပ်ကိုရှုပါ။ အနာနဲ့ဆေး တည့်အောင်ပေးလိုက်လို့ရှိရင် ဒုက္ခစက်ကြီး လည်နေရတဲ့ အနာကြီးဟာ မပျောက်မရှိ၊ ဧကန်ပျောက်၏လို့သာ မှတ်လိုက်ပါ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.