အလုပ်စဉ် (၆)
ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ရရပါလို၏လို့ ဆုတောင်းနေသော်လည်း ဝမ်းထဲမှာ အဝိဇ္ဇာမချုပ်ရင်တော့ ဒုက္ခသာ ပြန်ရနေမှာပဲ။ ချုပ်အောင် လုပ်နိုင်လို့ ဝိဇ္ဇာဉာဏ်ပေါ်ရင်တော့ ဆုမတောင်းပဲနဲ့ ရပါတယ်။ ဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ဝိဇ္ဇာဉာဏ်ပါပဲ။ ဖြစ်ပျက်မုန်းတဲ့ဉာဏ်လည်း ဝိဇ္ဇာဉာဏ်၊ ဖြစ်ပျက်ဆုံးတဲ့ဉာဏ်လည်း ဝိဇ္ဇာဉာဏ်ပဲ။ ဝိဇ္ဇာဉာဏ်မှ မရလို့ရှိရင် အဝိဇ္ဇာက မသိအောင်ဖုံး တဏှာက အဝိဇ္ဇာကိုယ်စားလှယ်လုပ်ပြီးတော့ ချော့ ခိုင်းတော့ လုပ်ရကိုင်ရ ရှာရဖွေရနဲ့ တဏှာရဲ့အလိမ်ပြန်မိနေတယ်။ အဝိဇ္ဇာလက်အောက်ခံ တဏှာကလည်း သေပွဲရှိရာကိုပဲ တွန်းပို့တယ်။ အဝိဇ္ဇာလက်အောက်ခံ တဏှာခိုင်းရာလုပ်နေရတော့ တဏှာ့ကျွန်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြရတယ်။ အဝိဇ္ဇာကဖုံး တဏှာက မကောင်းတာကို အကောင်းထင်၊ ဒုက္ခကိုမမြင်အောင်ဖုံးထားတာက အဝိဇ္ဇာ၊ ဘုံဘဝကို အကောင်းထင်တာက တဏှာ။ ဘုံဘဝရတော့ အသေနဲ့ရင်ဆိုင်ရတယ်။ ဒီအသေရအောင် ဘယ်သူလုပ်တာလဲဆိုတော့ အဝိဇ္ဇာနဲ့တဏှာက လက်သည်ဖြစ်နေတယ်။ အသေဇာတ်သိမ်းချင်ရင် အဝိဇ္ဇာ တဏှာချုပ်အောင်လုပ်ရတယ်။ ဒါကြောင့် အဝိဇ္ဇာနဲ့ တဏှာကို စက်ဝိုင်းရဲ့အလယ်ဗဟိုမှာ ထားတယ်။ ဝင်ရိုးမှာထားတယ်။ သူတို့က လှည့်နေတာ။ အဝိဇ္ဇာနဲ့တဏှာက ဝင်ရိုး။ သတ္တဝါတွေကို သေလမ်းချည်း လှည့်ပေးနေတာ။ သမုဒယသစ္စာလှည့်လိုက် ဒုက္ခသစ္စာလှည့်လိုက်။ ဒီအဝိဇ္ဇာနဲ့တဏှာက ဝင်ရိုးလုပ်ပြီးလှည့်နေတာ။ ဒါကြောင့် အသေထပ်နေကြရတာ။ ဒါကို အာသ၀၀င်ရိုးလို့ခေါ်တယ်။ အာသ၀၀င်ရိုးလှည့်ပြီဆိုမှဖြင့် အသေတွေနဲ့သာ ဆက်ရတော့တယ်။ သမုဒယနဲ့ ဒုက္ခချည်း လှည့်နေတာ။ ဒီအာသဝတရားတွေ မချုပ်သရွေ့ ဟိုဘုံသေလိုက် ဒီဘုံသေလိုက်နဲ့ လှည့်ပြီးသေနေရဦးမှာပဲ။ ဒီအဝိဇ္ဇာ တဏှာသာ ချုပ်ရင် ဒီအာသ၀၀င်ရိုးကျိုးပြီး စက်လည်း မလည်နိုင်တော့ပါဘူး။
ဒါဖြင့် ဒီဝင်ရိုးကျိုးအောင်လုပ်ရလိမ့်မယ်။ ဝင်ရိုးချိုးဖို့အတွက် ပေါ်သမျှ ဓမ္မကို ဖြစ်ပျက်ရှုရလိမ့်မယ်။ စိတ်ပေါ်ရင်စိတ်ရှုရမှာပေါ့။ ရှုလို့ဖြစ်ပျက်မြင်တော့ တဏှာလောဘက အလောဘဖြစ်တယ်၊ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တယ်။ ဝင်ရိုးချိုးလိုက်တာပဲ။ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ် ဝင်ရိုးကျိုးသွားပြီ။ ကုသိုလ်စိတ်ကလေးနဲ့နေရင်လည်း ကုသိုလ်စိတ်ကို ဖြစ်ပျက်ရှု။ ရှုလို့ မရှိတာတွေ့လိုက်တော့ အသေတွေ့တာပဲ။ ဒါဖြင့် အသေမြင်လိုက်တာက ဝိဇ္ဇာ၊ ဒီအသေမျိုးနောက် မလိုချင်တော့ဘူး။ မလိုချင်တာက အလောဘ။ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်၊ တဏှာက အလောဘဖြစ်သွားတယ်။ ဒီမှာတင် ဝင်ရိုးကျိုးသွားတော့ လှည့်မည့်သူ မရှိတော့ဘူး။ ဒါဖြင့် ဝင်ရိုးချိုးချင်ရင် ဖြစ်ပျက်မြင်တဲ့ ဝိဇ္ဇာနဲ့ ချိုးလိုက်ပါ။ ဖြစ်ပျက်ကိုမလိုချင်တဲ့ အလောဘနဲ့ချိုးလိုက်ပါ။ မသိတာကို သိတာနဲ့ သတ်လိုက်တာပဲ၊ လိုချင်တာကို မလိုချင်တာနဲ့ သတ်လိုက်တာပဲ။ ဖြစ်ပျက်မြင်တော့ ဒုက္ခသစ္စာလည်း သိသွားပြီ။ သိတော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားပြီ။ ဒုက္ခသစ္စာမှန်းသေသေချာချာသိတော့ မလိုချင်တော့ဘူး။ မလိုချင်တော့ တဏှာကလည်း အလောဘ ဖြစ်သွားပြီ။ သူတို့လှည့်နေလို့ ဒုက္ခဖြစ်နေရတာ။ သူတို့မလှည့်နိုင်တော့ ဒုက္ခမရှိရာ နိဗ္ဗာန်ဘက်ပဲ သွားတော့တယ်။ ဝင်ရိုးကျိုးသွားလို့ သံသရာမလည်ရတော့ဘူး။
ဝင်ရိုးကျိုးတာနဲ့ ဒေါက်တွေလည်း အသုံးမကျတော့ဘူး။ စက်ဝိုင်းအကွက်(၄)ကွက်က ဒေါက်တွေ၊ ဒီဒေါက်တွေလည်း သုံးမရတော့ဘူး။ ဝဋ်တွေလည်း အကုန်ကျွတ်ထွက်သွားတယ်။ ဝင်ရိုချိုးဖို့သည်သာ အဓိက။ ဝင်ရိုးကျိုးသွားတာနဲ့ ဘေးက ပတ်ထားတဲ့ သံပတ်ခွေ စက်ဝိုင်းဘေးက အပြာလိုင်းသံပတ်ခွေလည်း အလကားဖြစ်ရော။ ဒေါက်လေးထောက်ကို ချုပ်ထားတဲ့ သံပတ်ခွေလည်း သုံးမရတော့ဘူး။ ဒါဖြင့် ဖြစ်ပျက်ရှုခြင်းမှတစ်ပါး ဝင်ရိုးချိုးနိုင်တဲ့ နည်းမရှိဘူး။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက ဝိဇ္ဇာ။ ဒုက္ခသစ္စာမှန်းသိလို့ မလိုချင်တာက အလောဘ။ အဝိဇ္ဇာနဲ့တဏှာချုပ်၊ ဝိဇ္ဇာနဲ့ အလောဘရောက်လာတယ်။ ဒါ ဝင်ရိုးကျိုးတာပဲ။ ဝင်ရိုးကျိုးတဲ့ဘီးဟာ ဘယ်တော့မှမလိမ့်တော့ နိစ္စနိဗ္ဗာန် ဓုဝနိဗ္ဗာန်ကို အမြဲတမ်းရသွားတယ်။ ဝင်ရိုးမကျိုးသမျှတော့ အနေ အသေမမြဲ၊ ဟိုရွှေ့သေရ ဒီရွှေ့သေရ တစ်ဘဝပြီး တစ်ဘဝ၊ တစ်ဘုံပြီးတစ်ဘုံ အနေအသေတွေပဲ ထပ်ပြီး လှည့်နေရမယ်။ အနေ အသေမရှိအောင် ဝင်ရိုးချိုးကြရတာဖြစ်တယ်။ ဒါဖြင့် ဝေဒနာကြိုက် ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ကြိုက်ရင် စိတ်ဖြစ်ပျက်ရှု။ ရှုတဲ့ဉာဏ်သည် ဝင်ရိုးကျိုးအောင်လုပ်နေတာပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.