ဝေဒနာနောက် ဉာဏ်ရောက်ပါစေ
ဝေဒနာနုပဿနာ ရှုပုံအနေအားဖြင့် သုခဝေဒနာသည် ဖြစ်ပေါ်ဆဲ သုခ၊ ပျက်စီးသွားလျှင် ဒုက္ခ။ သုခဝေဒနာမပျက်ခင်မှာ ချမ်းသာသော်လည်း ပျက်သွားသည့်အချိန်တွင် ဆင်းရဲဘက် ပြောင်းသွားလေတော့၏။ ထို့ကြောင့် သုခဝေဒနာကိုပင် ဒုက္ခသစ္စာအဖြစ် ဘုရားရှင်ဟောတော်မူခြင်းဖြစ်ပါ၏။ ထိုသို့ သုခဝေဒနာကို ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ် မြင်လိုက်လျှင် ကာမရာဂါနုသယပဋိစ္စသမုပ္ပါဒ်ပြတ်လေ၏။ တဏှာပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်းပင်ဖြစ်၏။ သုခဝေဒနာအပေါ်၌ သာယတပ်မက်မှုဖြစ်ခွင့်မရှိတော့။ ဒုက္ခဝေဒနာသည် ပေါ်ဆဲခဏ၌ ဆင်းရဲ၏၊ ပျက်သွားလျှင် ချမ်းသာ၏။ ထိုဒုက္ခဝေဒနာကိုလည်း ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ်ဖြင့်သာ ရှုရမည်ဖြစ်၏။ ရှုခြင်းဖြင့် ပဋိဃာနုသယသေ၏။ ဒေါသပဋိစ္စသမုပ္ပါဒ်ပြတ်သည်ပင်ဖြစ်၏။ ဥပေက္ခာဝေဒနာကိုလည်း ဖြစ်ပျက် ဒုက္ခသစ္စာအဖြစ်ပင် ရှုရမည်ဖြစ်၏။ အနိစ္စအဖြစ်ဖြင့် ရှုရမည်ဟု ဘုရားရှင်မိန့်တော်မူ၏ (ဥပေက္ခာဝေဒနာ ဘိက္ခေ၀ အနိစ္စတော ဒဋ္ဌဗ္ဗံ)။ ဖြစ်ပျက်ပင် ဖြစ်ပါ၏။ ရှုသဖြင့် အဝိဇ္ဇာနုသယသေ၏။ (အဝိဇ္ဇာ) မောဟပဋိစ္စသမုပ္ပါဒ်ပြတ်ခြင်းပင်ဖြစ်ပါ၏။
သုခဝေဒနာနှင့် ဒုက္ခဝေဒနာသည် ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် သုခဝေဒနာပေါ်ခိုက် ဒုက္ခဝေဒနာမပေါ်၊ ဒုက္ခဝေဒနာပေါ်ခိုက်၌လည်း သုခဝေဒနာမပေါ်။ တစ်ခုတည်းသာ ပေါ်သည့်သဘောပင်ဖြစ်၏။ ပေါ်သည့်တစ်ခုကိုသာ မိအောင် ဖမ်းဖို့လို၏။ သုခနှင့် ဒုက္ခသည် ဥပေက္ခာဝေဒနာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ထို့ကြောင့် သုခ သို့မဟုတ် ဒုက္ခဝေဒနာပေါ်ခိုက် ဥပေက္ခာဝေဒနာမပေါ်နိုင်။ ဥပေက္ခာပေါ်ခိုက်၌လည်း သုခ ဒုက္ခ မပေါ်နိုင်။ ဝေဒနာသုံးမျိုး တစ်မျိုးမျိုးတော့ ပေါ်နေသည်သာဖြစ်၏။ သို့သော် တစ်ခုနှင့်တစ်ခု အပြိုင်ပေါ်ရိုးမရှိ။ တစ်ခုပြီးမှသာ နောက်ဝေဒနာတစ်ခု အစားထိုးပေါ်နိုင်၏။ မျက်စိ နား နှာခေါင်း လျှာ ဝမ်းထဲတစ်နေရာရာတွင် ဥပေက္ခာဝေဒနာပေါ်နေလျှင် ပေါ်ခိုက်ဖြစ်ပျက်ရှုပေးရမည်ဖြစ်၏။ သုခ သို့မဟုတ် ဒုက္ခဝေဒနာပေါ်နေလျှင်လည်း ပေါ်ခိုက် ရှုပေးရ၏။ မပေါ်သည့်အချိန်ဟူ၍ကား မရှိ။ ပေါ်ဆဲအခိုက် မရှုမိလိုက်၍သာ ဝေဒနာကို ရှာမတွေ့ဘဲ ဖြစ်နေလေ့ရှိကြ၏။ ဆန့်ကျင်ဘက် ဝေဒနာတစ်ခုခု အမြဲ ပေါ်နေမည်ဖြစ်၏။ ဝေဒနာသုံးခုလုံးတော့ ပြိုင်ပေါ်ရိုးမရှိ။ သန္တတိ (ဝေဒနာအစဉ်)ကို ဉာဏ်က မထိုးဖောက်နိုင်သဖြင့်သာ သုခနှင့် ဒုက္ခ ရောနေသယောင်ထင်ရ၏။ ဥပေက္ခာနှင့်လည်း ရောနေသယောင်ထင်ရ၏။ ဝေဒနာတို့၏ ဖြစ်ပျက်က လျှင်မြန်၊ အရှုဉာဏ်က နှေးနေသဖြင့် ထိုကဲ့သို့ ရောနေသယောင် ထင်ရခြင်းဖြစ်တတ်၏။ ထိုသို့ ရောနေသယောင် အထင်ဝင်လာလျှင် ကိလေသာ ကြားခိုသည်ဟု မိုးကုတ်ဆရာတော်ဘုရားကြီး အမိန့်ရှိ၏။ ကိလေသာ ကြားခိုလျှင် မဂ်ဉာဏ်အရနှေး၏။
ရှုရာတွင် ရံခါ ဥပေက္ခာဝေဒနာချည်း ထပ်က ထပ်ကာပေါ်ချင်ပေါ်နေတတ်၏။ ရံခါ သုခချည်းထပ်နေတတ်၏။ ရံခါ ဒုက္ခချည်းထပ်နေတတ်၏။ တစ်မျိုးပြီး တစ်မျိးလည်း ပြောင်းလဲ ပေါ်နေတတ်၏။ မည်သို့ပင်ပေါ်စေ ပေါ်ဆဲအခိုက်သာ မိအောင် ရှုဖို့လို၏။ သုခတစ်ချက် ဉာဏ်တစ်ချက်မိအောင်ရှုပေးရ၏။ ဒုက္ခပေါ်လျှင်လည်း ဒုက္ခတစ်ချက် ဉာဏ်တစ်ချက်၊ ဥပေက္ခာပေါ်လျှင်လည်း ဥပေက္ခာတစ်ချက် ဉာဏ်တစ်ချက် ရှုပေးရမည်ဖြစ်၏။ ယင်းသို့ ပေါ်သည့်ဝေဒနာတိုင်းကို ဝေဒနာတစ်ချက် ဉာဏ်တစ်ချက်စီ ရှုနိုင်ပြီဆိုလျှင် ကိလေသာ ကြားမခိုနိုင်တော့။ နာကျင်ကိုက်ခဲသည့်ဒုက္ခဝေဒနာကို ဆက်တိုက် နာကျင်နေသည်ဟု ထင်မြင်နေလျှင် ဉာဏ်က သန္တတိကို မထိုးဖောက်နိုင်သဖြင့် ဒေါသကိလေသာ ကြားခိုလေတော့၏။ နာကျင်ကိုက်ခဲမှုဝေဒနာ၏ တစ်ရိပ်ရိပ် တစ်ရွရွ နိမ့်ချည် မြင့်ချည် ရွေ့လျား ပြောင်းလဲနေသည်ကို အပိုင်းပိုင်း အဆစ်ဆစ် မြင်အောင် ဉာဏ်ဖြင့် သန္တတိ အစဉ်ကို ထိုးဖောက်နိုင်ရန် အရေးကြီး၏။ ဒုက္ခဝေဒနာများ တစ်ခုပြီးတစ်ခု ထပ်ပေါ်နေခြင်းသာဖြစ်၏။ တစ်ခုပျက် တစ်ခုဖြစ်နေသည်ကို ဉာဏ်တွင် ထင်မြင်အောင် စူးစိုက်ရှုမှတ်ရမည်ဖြစ်၏။ အစနာကျင်မှုသည် အလတ်စားနာကျင်မှုပေါ်ခိုက်တွင် ပျက်စီးသွား၏။ မခံနိုင်အောင်နာကျင်ခိုက်တွင် အလတ်စားနာကျင်မှုသည် ပျက်စီးသွား၏။ အပျင်းစားနာကျင်မှုပေါ်ခိုက် မခံသာအောင်နာကျင်မှုသည် ပျက်စီးသွား၏။ ယင်းသို့ အပိုင်းပိုင်း အဖြတ်ဖြတ် ဖြစ်ပျက်နေသည်ကို ဉာဏ်တွင်မြင်အောင် ထိုးဖောက်နိုဖို့လို၏။ နာကျင်သည်ကိုကျော်၍ သဘောပြောင်းလဲနေသည်ကို မြင်အောင်ကြည့်ခြင်းပင် ဖြစ်ပါ၏။ ထိုသို့ ပိုင်းဖြတ်နိုင်အောင် ထိုးဖောက်၍ ရှုနိုင်ပြီဆိုပါက ဒေါသကိလေသာ ကြားမခိုနိုင်တော့။
ချမ်းသာသည့် သုခဝေဒနာသည်လည်း တစ်ခုပြီးတစ်ခု ထပ်ကာ ထပ်ကာ ပေါ်နေသည်ကို သတိမထားမိက ချမ်းသာသက်ရှည်နေသယောင်ထင်မှတ်ရ၏။ သုခဝေဒနာ အကြာကြီးပေါ်နေသည်ဟုထင်နေတတ်၏။ ထင်သည်နှင့် တဏှာ ကိလေသာ ကြားခိုဝင်လာတော့၏။ စင်စစ်မှာ သုခဝေဒနာများ အစဉ်အတန်းလိုက် ပေါ်နေခြင်း (သန္တတိ) သာဖြစ်ပါ၏။ ချမ်းသာခံစားမှုမှာလည်း အတက်အကျ အနိမ့်အမြင့် ရှိ၏။ နည်းနည်းချမ်းသာ အတန်အသင့်ချမ်းသာ အလွန်အမင်းချမ်းသာစသည်ဖြင့် သုခဝေဒနာ သဘောပြောင်းလဲမှုကို ဉာဏ်ဖောက်ထွင်းနိုင်ရမည်ဖြစ်၏။ သို့မှသာ သုခဝေဒနာရှည်ကြီးသည် အပိုင်းပိုင်း ပြတ်တောက်၍ ပြောင်းလဲဖြစ်စဉ်အဖြစ် ဉာဏ်တွင် ထင်မြင်လာမည်ဖြစ်၏။ သုခဝေဒနာကို တစ်ချက်စီ ပိုင်းလိုက်ခြင်းပင်ဖြစ်၏။ ဆက်တိုက်ပေါ်နေသော သုခဝေဒနာတို့၏ ကြားတွင် ကိလေသာဝင်ခွင့်မပေးဘဲ ဉာဏ်ကိုသွင်းလိုက်ရမည်ဖြစ်၏။ သူက ဖြစ်ပျက်၊ ရှုသည့်ဉာဏ်က မဂ်အဖြစ် ကိုက်နေအောင် ရှုရ၏။ ဝေဒနာနောက်က ဉာဏ်လိုက်လာအောင် ရှုရခြင်းဖြစ်ပါ၏။ သို့မှသာ ကိလေသာ ကြားမခိုနိုင်တော့ခြင်းဖြစ်၏။ ချမ်းသာသက် တာရှည်သည်ဟု ထင်မြင်နေလျှင် ဖြစ်ပျက်မဂ် မကိုက်တော့သဖြင့် သာယခံစားမှု တဏှာ ဝင်လာလေ၏။
ဥပေက္ခာဝေဒနာချည်း ဆက်တိုက်ဖြစ်ပေါ်နေလျှင်လည်း ဥပေက္ခာဝေဒနာတို့၏ ကြားတွင် ဉာဏ်မဝင်နိုင်လျှင် ဖြစ်ပျက်ကို တွေ့လိမ့်မည်မဟုတ်။ ဖြစ်ပျက်မတွေ့လျှင် ဥပေက္ခာနောက်က အဝိဇ္ဇာ ကြားခိုလေတော့၏။ ထိုသို့ အဝိဇ္ဇာကြားခိုလျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ် အရနှေး၏။ ထို့ကြောင့် ဥပေက္ခာဝေဒနာကိုလည်း တာရှည်ပေါ်နေမဟုတ်၊ တစ်ခုပြီးမှ တစ်ခုပေါ်နေသည်ဟု အပိုင်းပိုင်း ဖြတ်တောက် ရှုမှတ်ရန်လိုအပ်၏။ ဥပေက္ခာတစ်ချက် ဉာဏ်တစ်ချက် ပိုင်း၍ ပိုင်း၍ ဖောက်ထွင်းရှုမှတ်ရန် လိုအပ်လှ၏။ အချုပ်အားဖြင့် သန္တတိကို ဉာဏ်က မထိုးဖောက်နိုင်လျှင် ဝေဒနာတစ်ခုနှင့် တစ်ခုကြားတွင် ဉာဏ်မသွင်းနိုင်လျှင် ဒုက္ခနောက်က ဒေါသကြားခို၏။ သုခနောက်က တဏှာကြားခို၏။ ဥပေက္ခာနောက်က အဝိဇ္ဇာ ကြားခို၏။ ထိုသို့ ကိလေသာကြားခိုနေလျှင် မဂ်ဉာဏ်အရနှေးနေဦးမည်သာဖြစ်၏။ ကိလေသာကြားမခိုဘဲ ဉာဏ်ကြားထိုးနိုင်မှသာလျှင် ဘုရားရှင်မိန့်တော်မူသည့်အတိုင်း မနက်အားထုတ် ညနေရ၊ ညနေအားထုတ် မနက်ရနိုင်မည်ဖြစ်ပါ၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.