ဝိသာခနှင့် ဓမ္မဒိန္နာ (၅)
(ဝိသာခဒါယကာက မေးခွန်းများကို ဆက်လက်မေးမြန်း၏။)
“ဥပါဒါန်နဲ့ ခန္ဓာဟာ တစ်ခြားစီလား၊ အတူတူပဲလား”
“ဥပါဒါန်က ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဆိုပြီး လေးမျိုးရှိတယ်။ ခန္ဓာက ငါးပါးရှိတယ်။ သူတို့ဟာ တစ်ခြားစီလည်း မဟုတ်ဘူး၊ အတူတူလို့ပြောလို့လည်း မရဘူး။ ခန္ဓာငါးပါးကို ဥပါဒါန်နဲ့ နှစ်သက်စွဲလန်းပြီးနေလို့ရှိရင် ဥပါဒါနက္ခန္ဓာဖြစ်တယ်။ ဥပါဒါန်နဲ့ မနှစ်သက် မစွဲလန်းလို့ရှိရင် ဥပါဒါနက္ခန္ဓာ မဖြစ်ဘူး”
လူတိုင်းသည် ကိုယ့်ခန္ဓာကိုယ် ခင်တွယ်ကြသည်သာဖြစ်၏။ ယင်းခင်တွယ်မှုသည် တဏှာ၊ တဏှာကြီးရင့်လာလျှင် ဥပါဒါန်ဖြစ်လာ၏။ ခန္ဓာငါးပါးကို ဝိပဿနာရှုလိုက်လျှင် ဤခန္ဓာကြီးကို အနိစ္စခန္ဓာ၊ ငြီးငွေ့စရာခန္ဓာအဖြစ်မြင်လာမည်ဖြစ်၏။ ခန္ဓာအပေါ်တွင် ခင်မင်တွယ်တာစိတ်တို့ ကင်းသွားမည်ဖြစ်၏။ ယင်းသို့ ခင်စရာမင်စရာမရှိဟု သိသည့် ဉာဏ်ပေါ်လာသောအခါ ဥပါဒါနက္ခန္ဓာ မဟုတ်တော့။ ခန္ဓာကိုခင်မင်သည့် တဏှာ ဥပါဒါန်တို့ဖြင့် စွဲလန်းနေ၍သာ ဥပါဒါနက္ခန္ဓာဟု ခေါ်ရ၏။ တဏှာ ဥပါဒါန်တို့၏ တည်ရာခန္ဓာပင်ဖြစ်၏။ ခန္ဓာငါးပါးကို တဏှာနှင့် ဆက်မိမှ ဥပါဒါနက္ခန္ဓာဟု ဆိုရ၏။ မဆက်မိလျှင် ဥပါဒါနက္ခန္ဓာဟု မဆိုရ။ ကိုယ့်ခန္ဓာကိုယ် အာရုံစိုက်ပြီး ဝေဒနာဖြစ်စေ စိတ်ဖြစ်စေ ခန္ဓာတစ်ပါးပါးကို ဖြစ်ပျက်မြင်အောင် ရှုနေလျှင် ဖြစ်ပြီး ပျက်နေသည့် တရားတို့ကိုသာ မြင်တွေ့နေရသဖြင့် ကိုယ့်ခန္ဓာမဟုတ်သည်ကို ကောင်းကောင်း သိမြင်လာမည်ဖြစ်၏။ ကိုယ့်ခန္ဓာမဟုတ်ကြောင်း ကောင်းကောင်းသိမှ ခန္ဓာခင်သည့် တဏှာ ဥပါဒါန်တို့လည်း ချုပ်ငြိမ်းမည်ဖြစ်သည်။ ထို့ကြောင့် ဤခန္ဓာအပေါ် ခင်မှုမင်မှု စွဲလန်းမှုချုပ်ငြိမ်းရုပ်သိမ်းသွားလျှင် နိဗ္ဗာန်ရောက်မည်ဖြစ်၏။ ခန္ဓာရှိလျှက် ပေါ်လာသော နိဗ္ဗာန်ဖြစ်၏။ ခန္ဓာကိုယ်ကို ခင်မင်စွဲလန်းနေသရွေ့ နိဗ္ဗာန် တွေ့လိမ့်မည်မဟုတ်၊ ခန္ဓာခင်မင်စွဲလန်းမှုမရှိမှသာလျှင် နိဗ္ဗာန်တွေ့မည်ဖြစ်၏။ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုနေခြင်းသည် ခန္ဓာခင်မှုမရှိအောင် ဥပါဒါနက္ခန္ဓာမဖြစ်အောင် အားထုတ်နေခြင်းဖြစ်သည်ဟု နားလည်ရမည်ဖြစ်၏။ စွဲလန်းမှုမှန်သမျှ အကုန် ချုပ်ငြိမ်းရုပ်သိမ်းအောင် အားထုတ်နေရခြင်းသာဖြစ်၏။ စွဲလန်းမှု တဏှာ ဥပါဒါန်ချုပ်လျှင် သဥပါဒိသေသ နိဗ္ဗာန်ရ၏။ ခန္ဓာမချုပ်ခင် ရလိုက်သောနိဗ္ဗာန်ဖြစ်၏။ ခန္ဓာမချုပ်သော်လည်း တဏှာ ဥပါဒါန်ချုပ်လျှင် နိဗ္ဗာန်ရသည်ဟု သိထားရန်လိုအပ်၏။
ဘုရားရှင်သည် ဗောဓိပင်နှင့်ရွှေပလ္လင်တွင် ဘုရားဖြစ်ပြီးသည့်နောက် နိဗ္ဗာန်ရပြီဟု ကြွေးကြော်ခဲ့သည်မှာ ခန္ဓာရှိလျက် ရသောနိဗ္ဗာန်ပင်ဖြစ်ပါ၏။ သူ့ခန္ဓာကိုယ် သူ စွဲလန်းမှုမရှိတော့သောကြောင့် ရရှိသောနိဗ္ဗာန်ဖြစ်၏။ ထို့ကြောင့် ဓမ္မဒိန္နာဖြေကြားချက်တွင် ကိုယ့်ခန္ဓာကိုယ် စွဲလန်းလျှင် ဥပါဒါနက္ခန္ဓာ၊ မစွဲလန်းလျှင် ဥပါဒါနက္ခန္ဓာမဟုတ်၊ အနုပါဒါနက္ခန္ဓာဟု နားလည်ရမည်ဖြစ်၏။ ဥပါဒါန်နှင့် ခန္ဓာသည် တစ်ခြားစီလည်းမဟုတ်၊ အတူတူဟုလည်း ဆို၍မရ။ စွဲလန်းလျှင် ခန္ဓာနှင့် ဥပါဒါန်တို့တွင် ခန္ဓာသည် အာရုံ၊ စွဲလန်းမှု ဥပါဒါန်က အာရမ္မဏိကဖြစ်နေ၏။ စွဲလန်းမှုဥပါဒါန်ကို ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် ဖြတ်တောက်ပစ်လိုက်လျှင် ဥပါဒါနက္ခန္ဓာမဟုတ်တော့ဘဲ အနုပါဒါနက္ခန္ဓာ ဖြစ်သွားတော့၏။ စွဲလန်းစရာခန္ဓာမဟုတ်တော့၊ စွဲလန်းစရာမဟုတ်သည့်ခန္ဓာသာ ဖြစ်သွားတော့၏။ ထို့ကြောင့် ဥပါဒါန်နှင့် ခန္ဓာ တွဲနေသည့်ပုဂ္ဂိုလ်လည်းရှိမည်ဖြစ်၏၊ မတွဲမိသည့်ပုဂ္ဂိုလ်လည်း ရှိမည်ဖြစ်၏။ ပုထုဇဉ်တို့သည် ဥပါဒါန်နှင့် ခန္ဓာတွဲလျက်ရှိနေသည်သာ များ၏။ အထိမခံ ရွှေပန်းကန်ဟုပင် ဆိုတတ်ကြသေး၏။ မှဲ့တစ်ပေါက်အစွန်းမခံနိုင်အောင် ဖြစ်နေကြသည်မှာ ခန္ဓာအပေါ် ဥပါဒါန်အစွဲ ဝင်နေခြင်းသာဖြစ်ပါ၏။ ဘုရား ရဟန္တာ အရိယာတို့မှာမူ ခန္ဓာအပေါ် ဥပါဒါန်တရားတို့ မတွဲမိ။ ထို့ကြောင့် ဘုရား ရဟန္တာ အရိယာတို့၏ ခန္ဓာကို ခန္ဓာဟုသာခေါ်ဆိုနိုင်၏။ ဥပါဒါနက္ခန္ဓာဟု မခေါ်ဆိုနိုင်တော့။
ဝိသာခဒါယကာသည် ထိုမေးခွန်းများကို ဓမ္မဒိန္နာက ကောင်းစွာဖြေကြားပေးနေသည်ကိုပင် သူတရားထူးရ မရ အကဲမခတ်နိုင်သေးသဖြင့် ဆက်လက်မေးမြန်းပြန်လေ၏။
“အရှင်ဓမ္မဒိန္နာ၊ သက္ကာယဒိဋ္ဌိဆိုတာ ရှင်းပြပေးစမ်းပါဦး”
“သက္ကာယဒိဋ္ဌိဆိုတာ ရုပ်ကိုငါထင်၊ ဝေဒနာငါထင်၊ သညာငါထင်၊ သင်္ခါရငါထင်၊ စိတ်ဝိညာဏ်ငါထင်တာပါပဲ၊ ငါစွဲဟာ သက္ကာယဒိဋ္ဌိပါပဲ”
ရုပ်ကိုငါထင်လျှင် ရုပ်နှင့်ငါသည် တစ်သားတည်းဖြစ်နေ၏။ ရုပ်သည်ပင်လျှင်ငါ၊ ငါသည်ပင်လျှင်ရုပ်ဖြစ်နေတော့၏။ ထို့အတူ ဝေဒနာသည်ပင်လျှင်ငါ၊ ငါသည်ပင်လျှင် ဝေဒနာ စသည်ဖြင့် ခန္ဓာငါးပါးလုံးကို နားလည်ရမည်ဖြစ်၏။ ငါထင်မြင်ခြင်းသည် သက္ကာယဒိဋ္ဌိဖြစ်၏။ အပါယ်တံခါးကို ဖွင့်ပေးထားသည်မှာ ထိုသက္ကာယဒိဋ္ဌိသာဖြစ်၏။ ထို့ကြောင့် သက္ကာယဒိဋ္ဌိ တန်းလန်းရှိနေသမျှ အပါယ်တံခါးသည် ဟင်းလင်းပွင့်နေမည်သာ ဖြစ်ပါ၏။ ကိုယ့်ခန္ဓာငါးပါး တစ်ပါးပါးကို ငါထင်မြင်မှု ပပျောက်အောင်၊ ငါပိုင်ငါဆိုင်မဟုတ် အနတ္တဟု ဉာဏ်သက်ဝင်အောင် ဖြစ်ပျက်ရှုခြင်းဖြင့် အနတ္တဉာဏ်ဝင်လာလျှင် ခန္ဓာငါးပါးအပေါ် ငါထင်မြင်မှု သက္ကာယဒိဋ္ဌိ မရှိ၊ ငါမပိုင် ငါမဆိုင် အနတ္တဟု သိမြင်လာမည်ဖြစ်၏။ ယင်းသို့ သိမြင်လိုက်သည်နှင့် သက္ကာယဒိဋ္ဌိလည်းပြုတ် အပါယ်တံခါးလည်း ပိတ်ပြီးသားဖြစ်သွားတော့၏။ အပါယ်တံခါးဖွင့်သည်မှာ သက္ကာယဒိဋ္ဌိ၊ အပါယ်တံခါးပိတ်သည်မှာ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ပင်ဖြစ်၏။ အပါယ်တံခါး ပိတ်နိုင်လျှင် နိဗ္ဗာန်ရောက်မည်သာဖြစ်၏။ ထို့ကြောင့် လူ့ပြည်ကနေ အပါယ်သွားချင်လည်းရ၊ နိဗ္ဗာန်သွားချင်လည်း ရသည်ဟုဆိုလေ့ရှိကြ၏။ သက္ကာယဒိဋ္ဌိ များများဖြစ်နေသူမှာ အပါယ်တံခါးပွင့်နေမည်သာဖြစ်၍ သက္ကာယဒိဋ္ဌိချုပ်အောင် ကျင့်နေသူမှာ အခိုက်အတန့်အားဖြင့် အပါယ်တံခါးပိတ်နေမည်သာဖြစ်၏။ ထာဝရ ပိတ်သွားစေချင်လျှင် မဂ်အစစ်တစ်ခုခု ရအောင် ကျင့်ယူရမည်ဖြစ်၏။ မဂ်အစစ်ကမှသာလျှင် သက္ကာယဒိဋ္ဌိကို အမြစ်ပြတ်ပယ်သတ်နိုင်မည်ဖြစ်၏။ သက္ကာယဒိဋ္ဌိ အမြစ်ပြတ်ပယ်သတ်နိုင်မှသာလျှင် အပါယ်ဘေးမှလည်း စိတ်ချရမည်ဖြစ်တော့၏။ ထိုသို့ အပါယ်တံခါး ပိတ်ပေးရေး၊ နိဗ္ဗာန်တံခါး ဖွင့်ပေးရေးအတွက် ဘုရားရှင်သည် လူ့ပြည်တွင် ပွင့်ပေါ်ရခြင်းဖြစ်၏။
ထိုသက္ကာယဒိဋ္ဌိမှတစ်ဆင့် ကျေးဇူးပြုလိုက်သောအခါ ဥစ္ဆေဒဒိဋ္ဌိဘက် ကူးသွားရ၏။ ရုပ်သည်ပင်ငါ၊ ငါသည်ပင်ရုပ်ဟုထင်မြင်ထားသည့်အတွက် ရုပ်သေလျှင် ငါသည်လည်း ပျောက်သွားရ၏။ သေသွားရ၏။ နောက်ဘာမှမဖြစ်တော့ဟု သဘောသက်ရောက်သွားလေ၏။ ထိုသို့ ပြတ်သွားသည့်သဘော အယူရှိသောကြောင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်လာရ၏။ ထို့ကြောင့် ရုပ်ကိုငါထင်လျှင် သက္ကာယဒိဋ္ဌိ၊ ရုပ်နှင့်ငါ တစ်သားတည်း ယူထားသောကြောင့် ဥစ္ဆေဒဒိဋ္ဌိလည်းဖြစ်၏။ ထို့အတူ ဝေဒနာ ငါထင်လျှင် သက္ကာယဒိဋ္ဌိ၊ ဝေဒနာနှင့်ငါ တစ်သားတည်း ယူထားသောကြောင့် ဥစ္ဆေဒဒိဋ္ဌိလည်းဖြစ်၏။ ခန္ဓာငါးပါးလုံး ထို့အတူ နားလည်ရမည်ဖြစ်၏။ ကျန်းမာနေချိန်တွင် သဿတဒိဋ္ဌိ အဖြစ်များပြီး ဆင်းရဲနေချိန် မကျန်းမာနေချိန်တွင် ဥစ္ဆေဒဒိဋ္ဌိ အဖြစ်များ၏။ ကျန်းမာနေလျှင် ဘာမှမဖြစ်တော့သကဲ့သို့ ထင်မှတ်လျက် အမြဲကျန်းမာချမ်းသာနေမည့်ပုံမျိုး ယူဆထားသည့်အတွက် သဿတဒိဋ္ဌိဖြစ်လေ့ရှိ၏။ မကျန်းမာချိန်တွင် “ဒီဝေဒနာဆိုးက ငါ သေမှအေးမယ်” စသည်ဖြင့် ငါသေလျှင် ဝေဒနာလည်း သေသည်သာဖြစ်၏ဟု အယူဝင်လာသဖြင့် ငါပျက်လျှင် ဝေဒနာလည်းပျက်၏ဟု အဓိပ္ပါယ်ရောက်နေလေတော့၏။ ထို့ကြောင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်ဟု ဆိုရ၏။ အထူးသဖြင့် သက္ကာယဒိဋ္ဌိကို ပြုတ်အောင် ဖြုတ်နိုင်လျှင် သဿတ၊ ဥစ္ဆေဒဒိဋ္ဌိတို့လည်း အလိုလို ပြုတ်သွားမည်သာ ဖြစ်ပါ၏။
(ဆက်လက်ဖော်ပြပါမည်။)

Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.