ဝိသာခနှင့် ဓမ္မဒိန္နာ (၄)

(ဝိသာခဒါယကာက ဓမ္မဒိန္နာဘိက္ခုနီ ရဟန္တာမကို မေးခွန်းများ မေးနေခြင်း အဆက်ဖြစ်၏။) “သက္ကာယဖြစ်ကြောင်းက ဘာလဲ” “သက္ကာယဖြစ်ကြောင်းက တဏှာပဲ” ဤအဖြေအရ ခန္ဓာငါးပါးဟူသော သက္ကာယ၏အကြောင်းမှာ ဘုံဘဝဆုတောင်းခြင်း တဏှာပင်ဖြစ်၏။ တဏှာ ဥပါဒါန် ကံမရှိဘဲ ခန္ဓာမပေါ်။ ကံသည် ဥပါဒါန်လက်အောက်ခံ၊ ဥပါဒါန်သည် တဏှာလက်အောက်ခံဖြစ်၏။ ထို့ကြောင့် သက္ကာယခန္ဓာဖြစ်ခြင်း၏အကြောင်းရင်းသည် တဏှာပင်ဖြစ်တော့၏။ တဏှာမသေသရွေ့ ခန္ဓာတွေ ထပ်ကာ ထပ်ကာ တွေ့နေရဦးမည်သာဖြစ်၏။ “သက္ကာယတို့၏ချုပ်ရာက ဘာလဲ” “တဏှာ၏ ချုပ်ရာငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဟာ သက္ကာယတို့၏ ချုပ်ရာပဲ၊ တဏှာချုပ်ရင် သက္ကာယလဲ ချုပ်တာပါပဲ” တဏှာသည် သမုဒယသစ္စာ၊ သက္ကာယသည် ဒုက္ခသစ္စာ။ သမုဒယချုပ်၍ ဒုက္ခချုပ်သည်ဟု နားလည်ရမည်ဖြစ်၏။ တဏှာချုပ်လျှင် ခန္ဓာချုပ်သည်ဟုဆိုရသော်လည်း မသေခင်မှာ ကိလေသာချုပ်ငြိမ်းသွားခြင်းသာဖြစ်၏။ ကိလေသာချုပ်ငြိမ်းသည့် နိဗ္ဗာန်ရနေပြီဟုဆိုနိုင်၏။ ခန္ဓာချုပ်ငြိမ်းသည့် နိဗ္ဗာန်ကိုတော့ သူမရောက်သေး။ ဘုရားရှင်သည်ပင် ဘုရားဖြစ်ပြီးနောက် ပရိနိဗ္ဗာန်မစံသေးမီအတွင်း ကိလေသာမာန်ကိုသာ အောင်နိုင်၍ ခန္ဓာ့မာန်ကို မအောင်နိုင်သေးချေ။ ခန္ဓာကြောင့် ဆင်းရဲသည့် ဒုက္ခကိုမူ ခံစားရမြဲသာ ဖြစ်သည်။ သို့သော် ကိုယ်သာနာ၍ စိတ်မနာဆိုသကဲ့သို့ ဘုရားရှင်သည် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲသော်လည်း ဝမ်းထဲတွင် သောက ပရိဒေ၀ ဒုက္ခဒေါမနဿတို့ မဖြစ်။ ကိုယ်ဆင်းရဲသာရှိ၏၊ စိတ်ဆင်းရဲမရှိ။ လေနာထခြင်း၊ ဝမ်းသွေးသွန်ခြင်း စသည့် ကိုယ်ဆင်းရဲဒုက္ခဝေဒနာပင် ရှိလင့်ကစား စိတ်ထဲတွင် ဆင်းရဲခြင်းလုံးဝမဖြစ်တော့။ ထိုသို့ ကိုယ်ဆင်းရဲခံစားနေရသေးသည်မှာ ခန္ဓာ့မာန်ကို မအောင်သေးသောကြောင့်သာဖြစ်၏။ ငါးမာန်အောင်မြင် ဘုရားရှင်ဟုဆိုရသော်ငြားလည်း ပရိနိဗ္ဗာန်မစံမီ အောင်သည့်မာန်နှင့် ပရိနိဗ္ဗာန်စံပြီးနောက်မှ အောင်သည့်မာန်ဟု နှစ်ပိုင်းရှိ၏။ ကိလေသာမာန်နှင့် ဒေဝပုတ္တမာန်နှစ်ပါးကိုမူ ပရိနိဗ္ဗာန်မစံမီကပင် အောင်မြင်ပြီးဖြစ်ပါ၏။ ခန္ဓာ့မာန်၊ မစ္စုမာန်၊ အဘိသင်္ခါရမာန်သုံးပါးသည် ပရိနိဗ္ဗာန်စံပြီးမှ အောင်နိုင်မည့်မာန်များသာဖြစ်ပါ၏။ မစ္စုမာန်သည် သေခြင်းပင်ဖြစ်၏။ လက်ရှိခန္ဓာသေဆုံးပြီးသည့်နောက်တွင် နောက်ထပ်တစ်ဖန် ခန္ဓာပြန်မရတော့သဖြင့် သေစရာမရှိတော့။ ထို့ကြောင့် မစ္စုမာန်ကို အောင်တော်မူသောဘုရားရှင်ဟုဆိုရ၏။ အဘိသင်္ခါရမာန်သည် ဖြစ်လိုက်ပျက်လိုက် ဖြစ်နေသည့် ဖြစ်ပျက်သဘောတရားများပင်ဖြစ်၏။ ယင်းဖြစ်ပျက်သဘောတရားများကိုလည်း မဖြစ်မပျက်စေရန် တားဆီး၍မရ။ ထို့အပြင် အဘိသင်္ခါရသည် ပြုပြင်ပေးနေရခြင်းလည်းဖြစ်၏။ စင်္ကြံသွားခြင်း၊ ဆွမ်းစားခြင်း၊ ရေချိုးခြင်း အစရှိသည် ပြုပြင်ပေးနေရသေး၏။ ထို အဘိသင်္ခါရမာန်ကိုလည်း ပရိနိဗ္ဗာန်ပြုပြီးမှသာ အောင်နိုင်မည်ဖြစ်ပါ၏။ သို့သော် ဘုရားရှင်သည် ပရိနိဗ္ဗာန်မစံမီအတွင်း ခန္ဓာပင် ရှိနေသော်လည်း နိဗ္ဗာန်ကိုတော့ အာရုံပြုသောအားဖြင့်ရောက်နေပြီဖြစ်၏။ “သက္ကာယတို့၏ ချုပ်ရာချုပ်ကြောင်းအကျင့်က ဘာလဲ” “မဂ္ဂင်ရှစ်ပါး” မဂ္ဂင်ရှစ်ပါး ပွားမြားကျင့်ကြံမည်ဆိုလျှင် သက္ကာယဖြစ်ကြောင်း သမုဒယသေ၍ အကျိုးရုပ်နာမ်လည်းချုပ်သဖြင့် သက္ကာယတို့၏ချုပ်ရာ နိဗ္ဗာန်ရောက်၏ဟု နားလည်လိုက်ပါ။ ဖြစ်ပျက်ရှုနေလျှင် မဂ္ဂင် ငါးပါး၊ ရှစ်ပါး ဖြစ်နေမည်သာဖြစ်၏။ တစ်မဂ်မှမရသေးသူ ဖြစ်ပျက်ရှုနေလျှင် မဂ္ဂင်ငါးပါးနှင့်သာ ရှုနေခြင်းဖြစ်၏။ အစမဂ်ရပြီးသည်နှင့်တစ်ပြိုင်နက် မဂ္ဂင် ငါးပါးမှ ရှစ်ပါးပြည့်သွားပြီဖြစ်၏။ ထို့ကြောင့် ဝိပဿာနာရှုရင်း မဂ္ဂင်ငါးပါးမှ ရှစ်ပါးပြည့်သွားသည့်နေ့သည် သောတာပန်တည်သည့်နေ့ဟု ဆိုနိုင်ပါ၏။ အထက်မဂ်တို့တွင်လည်း ရှစ်ပါးဖြင့်သာ ဆက်လက်ရှုသွားရမည်ဖြစ်၏။ ငါးပါးဖြစ်စေ ရှစ်ပါးဖြစ်စေ မဂ္ဂင်သာဖြစ်ပါ၏။ ရှစ်ပါးသမားက သီလမဂ္ဂင်သုံးပါး ပိုလာခြင်းဖြစ်၏။ ငါးပါးသမားက သီလမဂ္ဂင် အပြည့်အ၀ မဝင်နိုင်သေးခြင်းဖြစ်၏။ ပုထုဇဉ်မဂ္ဂင်ဟု ဆိုနိုင်၏။ လောကီမဂ္ဂင်ဟုလည်း ပြောရိုးရှိ၏။ လောကီမဂ္ဂင်သည်လည်း ကိလေသာကို သတ်သည်သာဖြစ်၏။ ထာဝရသတ်ခြင်းတော့မဟုတ်၊ တဒင်္ဂသတ်ခြင်းမျှသာဖြစ်၏။ ကိလေသာသတ်ခြင်းအလုပ်ကို လုပ်နေဖို့သာ အရေးကြီး၏။ အလုပ်လုပ်၍ ဉာဏ်ရင့်ကျက်လာသောအခါ ထာဝရသတ်ခြင်းသည် အလိုလို လာမည်သာဖြစ်၏။ လုပ်နေဖို့သာ ကိုယ့်တာဝန်ဖြစ်ပါ၏။ နိဗ္ဗာန်ရောက်ကြောင်းအကျင့်သည် မဂ္ဂင်အကျင့်သာဖြစ်၏ဟု တစ်ထစ်ချ မှတ်ရမည်ဖြစ်၏။ ဒါန သီလ သမထတို့သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့မျှသာဖြစ်၏။ နိဗ္ဗာန်တိုက်ရိုက် အရောက်ပို့နိုင်သည်မှာ မဂ္ဂင်အကျင့်သာဖြစ်၏။ ဒါနသီလ သမထတို့သည် ဥပနိဿယပစ္စယော၊ မဂ္ဂင်ရှစ်ပါးသည် မဂ္ဂပစ္စယောဟု နိဗ္ဗာန်ရောက်ကြောင်း နှစ်ပစ္စည်း ဟောထားလျက်ရှိ၏။ နိဗ္ဗာန်ရောက်ဖို့အတွက် ဥပနိဿယပစ္စည်းလည်း အရေးပါ၏။ မဂ္ဂပစ္စည်းကမူ မပါမဖြစ်အောင် အရေးကြီး၏။ ထို့နောက် ဥပါဒါန်နှင့် ခန္ဓာကိုခွဲပြီး မေးလိုက်၏။ (ဆက်လက်ဖော်ပြပါမည်။)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း