Friday, April 29, 2011

ရှေးဦး ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာသမိုင်း

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး မကြာမီ အရှင်မဟာကဿပ ဦးဆောင်လျက် ရဟန္တာ(၅၀၀) ဖြင့် ပထမသင်္ဂါယနာတင်ပွဲကို ရာဇဂြိုဟ်မြို့တွင် ကျင်းပခဲ့သည်။ အရှင်ဥပါလိက ၀ိနည်းပိဋကကို ပြန်ဆိုခဲ့ပြီး အရှင်အာနန္ဒာက သုတ္တန်ပိဋကကို ပြန်ဆိုခဲ့သည်။ ထိုမထေရ်နှစ်ပါး ရွတ်ဖတ်ပြန်ဆိုသမျှ အားလုံးကို တက်ရောက်သူသံဃာများက သဘောတူ အတည်ပြုခဲ့ကြပြီး အလွတ်ပြန်ဆိုခဲ့ကြသည်။ ဤသို့ နှုတ်တိုက်ရွတ်ဆိုပြီး ဆောင်လာခဲ့သည်မှာ နှစ်(၂၀၀)ကျော်သည်အထိ ကြာမြင့်ခဲ့သည်ဟု ဆိုရမည်။

ရာစုနှစ်အနည်းငယ်ကြာသောအခါ မူလဗုဒ္ဓဘာသာ၏ စည်းလုံးညီညွတ်မှု ပြိုပျက်ခဲ့ရသည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ပထမသင်္ဂါယနာတင်အပြီး နှစ် (၁၀၀)တွင် ဝေသာလီမြို့၌ ကျင်းပသော ဒုတိယသင်္ဂါယနာ တင်ပွဲပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ အစဉ်အလာကိုထိန်းသိမ်းသောသံဃာများနှင့် ခေတ်နှင့်လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလိုသော သံဃာများအကြား ငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသံဃာများက မဟာသံဃိကအမည်ဖြင့် ဂိုဏ်းသီးခြားခွဲထွက်ကာ နောက်ပိုင်းတွင် မြောက်ပိုင်းအာရှနိုင်ငံများ၌ ရှိသော မဟာယာနဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အစဉ်အလာထိန်းသိမ်းရေးသံဃာများသည် စထ၀ီရ၀ါဒ (Sthaviravada) အဖြစ်ဖြင့် ကျန်ရှိခဲ့ပြီး နောက်ပိုင်းတွင် အယူအဆရေးရာ သဘောထားကွဲလွဲမှုများကြောင့် ဂိုဏ်းကြီး (၁၈) ဂိုဏ်းအထိ ကွဲပြားခဲ့သည်။ ထို(၁၈)ဂိုဏ်းတွင် ထေရ၀ါဒဂိုဏ်းတစ်ဂိုဏ်းလည်းအပါအ၀င် ဖြစ်ပြီး ယင်းထေရ၀ါဒဂိုဏ်းသည် အိန္ဒိယတစ်ခွင်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပြန့်နှံ့ခဲ့သည်။

အသောက

ဗုဒ္ဓဘာသာသမိုင်းတွင် အထင်ရှားဆုံးဖြစ်ရပ်များအနက် တစ်ခုကတော့ နိဂြောဓသာမဏေနှင့် အသောကမင်းကြီးတို့ အမှတ်မထင်တွေ့ဆုံခဲ့ခြင်းပင်ဖြစ်သည်။ ဘီစီ (၂၆၈)ခုနှစ်တွင် သွေးထွက်သံယို စစ်ပွဲများအပြီး ဖခမည်းတော်၏အရိုက်အရာကိုဆက်ခံပြီးနောက် အသောကမင်းကြီးသည် ကလိင်္ဂတိုင်းကို နှိမ်နင်းစဉ်က လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရသည်ကို စိတ်မကောင်းဖြစ်နေခိုက်တွင် နိဂြောဓသာမဏေကို တွေ့လိုက်ရသဖြင့် ငြိမ်းအေးမှုကို ဖြစ်စေခဲ့လေသည်။ မင်းကြီးက ဗုဒ္ဓတရားတော်များကို (brahmi) ဘာသာဖြင့် ထွင်းထုထားသည့် ကျောက်တိုင်များ ထောင်ပေါင်းများစွာကို စိုက်ထူရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုကျောက်စာများသည် ဗုဒ္ဓဘာသာ၏ ပထမဦးဆုံး စာပေအရေးအသားများဖြစ်သည်။ မင်းကြီး၏ပံ့ပိုးမှုဖြင့် တတိယသင်္ဂါယနာတင်ပွဲကို အသောကအင်ပါယာ ပါဋလိပုတ် (Patna)တွင် ကျင်းပခဲ့သည်။

အသောကမင်းကြီးသည် အိန္ဒိယပြည်တစ်ဝှမ်းနှင့် အိန္ဒိယပြည်၏အပြင်ဘက်ထိအောင် သာသနာပြုအဖွဲ့များကို စေလွှတ်ခဲ့သည်။ သာသနာပြုအဖွဲ့အချို့သည် အီဂျစ်၊ ပါလစ်စတိုင်းနှင့် ဂရိနိုင်ငံတို့အထိပင် ရောက်ရှိခဲ့သည်။ St. Origen ကမူ ဗြိတိန်အထိပင် ရောက်ရှိသည်ဟု ဆိုသည်။ ဂရိနိုင်ငံသည် အိန္ဒိယမြောက်ပိုင်း Alaxandrian kingdoms များတွင် တစ်နိုင်ငံဖြစ်သည်။ ဂရိနိုင်ငံဘုရင် မိလိန္ဒ (Menandros) အား အရှင်နာဂသေနက ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲပြီးနောက်တွင် ဂရိတစ်နိုင်ငံလုံးနီးပါး ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးခဲ့သည်။ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ အပြန်အလှန်ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားသည့် ကျမ်းစာကို မိလိန္ဒပဥှာအဖြစ် ထေရ၀ါဒဗုဒ္ဓဘာသာတွင် မှတ်တမ်းတင်ထားသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Kushan ဘုရင် Kanishka (ကနိရှက) လည်း ဗုဒ္ဓဘာသာခံယူလျက် အေဒီ (၁၀၀) ၀န်းကျင်တွင် ကရှမီးယား (Kashmir) ၌ သင်္ဂါယနာတင်ပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုသင်္ဂါယနာတင်ပွဲက စိစစ်ထားခဲ့သော ဗုဒ္ဓတရားတော်များကို ဂရိဗုဒ္ဓဘာသာဝင်များက ကြေးပြားပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော် ထိုကြေးပြားများကိုမူ ယနေ့အထိ ပြန်လည်ရှာဖွေမတွေ့ရှိခဲ့ပါ။ ထိုသင်္ဂါယနာသည် မဟာယာနသင်္ဂါယနာအဖြစ် ထင်ရှားပြီး ထေရ၀ါဒဘက်မှ အသိအမှတ်မပြုခဲ့ပါ။

သီရိလင်္ကာ ထေရ၀ါဒ

အသောကမင်းကြီးသည် ဘီစီ (၂၄၀)ခုနှစ်တွင် သားတော်မဟိန္ဒကို ရဟန်းဝတ်၊ သမီးတော် သင်္ဃမိတ္တာကို ဘိက္ခုနီဝတ်ပြီး (Ceylon or Sri Lanka) သီရိလင်္ကာသို့ သာသနာပြုစေလွှတ်ခဲ့သည်။ သီရိလင်္ကာနိုင်ငံဘုရင် ဒေ၀ါနံပိယတိဿမင်းကြီးကလည်း ပျူငှာစွာ ကြိုဆိုပြီး သူကိုယ်တိုင် ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့သည်။ အရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာတို့သည် မဟာဗောဓိပင်မှ ဗောဓိကိုင်း တစ်ကိုင်းကို လက်ဆောင်အဖြစ်ယူသွားပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။ ထိုဗောဓိကိုင်းမှ ပွားလာသော ဗောဓိပင်များကို ယနေ့တိုင် သီရိလင်္ကာနိုင်ငံတွင် တွေ့မြင်နိုင်ပါသည်။

ဘီစီ (၁)ရာစုနှစ်တွင် သီရိလင်္ကာနိုင်ငံ အာလောကလိုဏ်ဂူ၌ စတုတ္ထသင်္ဂါယနာတင်ပွဲ ကျင်းပနိုင်ခဲ့သည်။ ထိုသင်္ဂါယနာတွင် ဗုဒ္ဓတရားတော်အားလုံးကို ပေရွက်များပေါ်၌ ပါဠိဘာသာဖြင့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုမှတ်တမ်းများသည် ထေရ၀ါဒပါဠိဘာသာဖြစ်လာခဲ့သည်။ ထိုမှတ်တမ်းများမှပင် ဗုဒ္ဓဘာသာအသိပညာများ တိုးပွားလာခဲ့ရပြီး ပိဋကတ်သုံးပုံအဖြစ် ထင်ရှားလာခဲ့သည် (၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက)။

သီရိလင်္ကာရဟန်းတော်များကို ထေရ၀ါဒအစဉ်အလာ ထိန်းသိမ်းနိုင်သူများအဖြစ် ဆိုနိုင်ပါသည်။ တစ်ချိန်က ထေရ၀ါဒဗုဒ္ဓဘာသာသည် အိန္ဒိယမှ အရှေ့တောင်အာရှတစ်ခွင်သို့ ပြန့်နှံ့ခဲ့သည်ဟု ဆိုရစေကာမူ ဟိန္ဒူနှင့် အစ္စလမ်တို့၏ ထိုးနှက်ချက်၊ စစ်ဘေးစစ်ဒဏ်တို့ကြောင့် ပျောက်ကွယ်လုနီးပါးအထိ ဖြစ်နေသည်။ သီရိလင်္ကာထေရ၀ါဒရဟန်းတော်များသည် ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာမှ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုမှတစ်ပါး ဥရောပနှင့် အနောက်နိုင်ငံများအထိ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

မဟာယာန

မဟာယာနဗုဒ္ဓဘာသာ အစပျိုးခဲ့သည်မှာ ဘီစီပထမရာစုနှစ်ကတည်းကဖြစ်သည်။ လွတ်လပ်သည့်သဘောတရားများကို ဖော်ဆောင်သည့်ဝါဒဖြစ်ပြီး ဗုဒ္ဓသဘာဝများကို လူသားများပင် ပိုင်ဆိုင်ခွင့်ရှိသည်အထိ အခွင့်အရေးရှိသည့်ဝါဒဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မဟာယာနဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ဖို့အတွက် အလွန်လွယ်ကူသည်ဟုဆိုရမည်။ ပို၍အလေးထားသည်မှာ ဗောဓိသတ္တ (ဘုရားလောင်း)၏ အရေးပါမှုပင်ဖြစ်သည်။ သူတို့ယူဆသော ဗောဓိသတ္တသည် တရားရပြီးသောပုဂ္ဂိုလ်ဖြစ်သည်။ သို့သော်လည်း သတ္တ၀ါတို့ကို တရားရအောင် ကယ်တင်နိုင်ရန်အတွက် လက်ရှိလောကသံသရာမှာ ရှင်သန်နေသောပုဂ္ဂိုလ်မြတ်တစ်ဆူဖြစ်သည်။ ရဟန္တာတစ်ဆူကဲ့သို့ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ လူတို့အတွက် ကြည်ညိုလေးစား အားထားကိုးကွယ်ရာ၊ အတုယူစရာစံပြပုဂ္ဂိုလည်းဖြစ်သည်။

ထိုသို့ အတွေးအခေါ်အသစ်များ ဖြည့်စွက်ထည့်သွင်းပြီး ကျမ်းဂန်အသစ်များလည်း ပေါ်ထွန်းလာသည်။ ထိုကျမ်းဂန်များကို သုတ္တဟုခေါ်သည်။ ဗုဒ္ဓနှင့်ထပ်တူ တင်စား၍လည်း ခေါ်စမှတ်ပြုကြသည် (ဓမ္မကာယ)။ အချို့တရားဒေသနာတော်များသည် သာမန်လူသားတို့အတွက် နားလည်ဖို့ရန် အလွန်ခက်ခဲနက်နဲလှသည်။ ထို့ကြောင့် နားလည်ရန် အချိန်ကျရောက်သည့်တိုင်အောင် ကျမ်းဂန်များကို အပြင်မထုတ်ဘဲ သိမ်းဆည်းထားကြသည်။

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.