မလုပ်မဖြစ်တော့လဲ လုပ်ဖြစ်အောင်လုပ်ရသည်

ဤအရှင်သည် စာရေးခြင်း၊ စာဖတ်ခြင်း၊ စာပေသင်ကြားခြင်းကို ၀ါသနာထုံသော်လည်း လိုအပ်ချက်နှင့် ဘ၀ပေးတာဝန်များ ကျရောက်လာသဖြင့် မလွှဲသာ မရှောင်သာဘဲ ၀ိပဿနာလုပ်ငန်းဘက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။ တစ်ဘက်တစ်လမ်းမှလည်း စာပေသင်ကြားရေးလုပ်ငန်းများကို တပ်အားသမျှ ထမ်းဆောင်လျက် ရှိပါသည်။

ကျောင်းထိုင်ဘုန်းကြီး ဖြစ်သည့်နှစ်မှစတင်၍ မိုးကုတ်ဝိပဿနာ ပြန့်ပွားရေးလုပ်ငန်းများကို စတင်အခြေချဆောင်ရွက်ရင်း ၀ါတွင်းကာလတွင် ဗုဒ္ဓအဘိဓမ္မာသင်တန်းကို အဆင့်သုံးဆင့်ခွဲခြားကာ နှစ်စဉ်သင်ကြားလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ဝါတိတိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါပြီ။ စိတ်မကောင်းဖြစ်မိသည်မှာ ယခုလာမည့်ဝါတွင်းကာလတွင် ထိုသင်တန်းကို မဖွင့်လှစ်နိုင်တော့ခြင်းပင်ဖြစ်သည်။ အဘိဓမ္မာသင်ကြားသည့်ကျေးဇူးက ပဌာန်းဆက်ကာ လှမ်းထောက်ပံ့လိုက်သည်ဟု ဆိုရမည်လားမသိ။ အိန္ဒိယနိုင်ငံ အိုင်စီစီအာ အဖွဲ့မှ အဘိဓမ္မာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြုလုပ်ပေးပါရန် အထူးပင့်ဖိတ်ချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၀ါကပ်ရမည်ဖြစ်ပြီး ၀ါကျွတ်မှသာလျှင် သုတေသနလုပ်ငန်းများ အပြီးသတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်ဖွင့်လှစ်သင်ကြားလာခဲ့သော ၀ါတွင်းကာလဗုဒ္ဓအဘိဓမ္မာသင်တန်းကို ယခုလာမည့်ဝါတွင် ဖွင့်လှစ်သင်ကြားပေးနိုင်တော့မည်မဟုတ်ပါ။ ထို့အပြင် သင်္ကြန်အပြီးတွင် နှစ်စဉ်ဖွင့်လှစ်သင်ကြားလာခဲ့သော ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ယခုနှစ်တွင် မဖွင့်လှစ်နိုင်တော့သဖြင့် ကလေးသူငယ်များအတွက် ဤအရှင် တာဝန်မကျေပွန်မိသလိုခံစားရသည်။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း နိုင်ငံတကာကျောင်းသားများအား စာပေပို့ချပေးလျက်ရှိရာ သုတေသနလုပ်ငန်းတာဝန်ထမ်းဆောင်ရန်အတွက် တစ်နှစ်ခွင့်ယူထားလျက် သင်လက်စ စာပေများ မသင်ပေးနိုင်သည်ကိုလည်း စိတ်ထဲတွင် ရှိနေပါသည်။

မည်သို့ရှိစေ၊ ဘ၀ပေးတာဝန်အရ တစ်နှစ်တာကာလ သုတေသနလုပ်ငန်းများ အိန္ဒိယနိုင်ငံ အိုင်စီစီအာ အဖွဲ့အတွက် လုပ်ဆောင်ပေးနေရသည်ကိုတော့ ဗုဒ္ဓအဘိဓမ္မာဒေသနာတော်များကို ထေရ၀ါဒရှုထောင့်မှ စိစစ်တင်ပြကာ ဘုရားပွင့်ရာ မဇ္ဈိမဒေသသို့ ပြန်လည် ဝေငှခွင့်ရသည်ဟု သဘောပိုက်ထားမိသဖြင့် လုပ်လက်စလုပ်ငန်းကိုလည်း အားရကျေနပ်မိပါသည်။ အိန္ဒိယပြည်တွင် အဘိဓမ္မာကို သိသော်လည်း တကယ်တမ်း တတ်ကျွမ်းသူမရှိပါ။ ထေရ၀ါဒနှင့် မဟာယာနရောနှောလျက် ဘယ်အချက်က ထေရ၀ါဒ၊ ဘယ်အချက်က မဟာယာနဟူ၍ ခွဲခြားနားလည်နိုင်စွမ်းမရှိသည်ကို တွေ့ရသည်။ သူတို့လေ့လာနေကြသည်မှာ မဟာယာန၊ ဆာရာဝစတိဝါဒ၊ တိဗက်တန်ဗုဒ္ဓဘာသာဆိုင်ရာ အဘိဓမ္မာများသာ ဖြစ်သည်။ ထေရ၀ါဒ အဘိဓမ္မာနှင့် အလွန်အလှမ်းကွာဟလျက်ရှိနေသည်ကိုတွေ့ရသည်။ အတ္တနှင့် အနတ္တကိုပင် ရှင်းလင်းစွာနားမလည်နိုင်ဘဲ ဟိန္ဒူအယူဝါဒနှင့် ရောထွေးယှက်တင်ဖြစ်နေကြလေသည်။ ထိုကဲ့သို့ အားနဲချက်များကို တွေ့သိရသောအခါ ထေရ၀ါဒစစ်စစ် အဘိဓမ္မာဒေသနာတော်များကို ရှင်းနိုင်သမျှ ရှင်းလင်းအောင်၊ လွယ်ကူစွာနားလည်နိုင်သမျှ နားလည်အောင် ကြိုးစား၍ သုတေသနပြုလုပ်ရေးသားပေးလိုစိတ်များလည်း ပိုမိုလာခဲ့သည်။ သုတေသနလုပ်ငန်းများလုပ်ဆောင်နေရင်းပင် အနားယူသည့်အချိန်တွင် အချိန်ကို အလဟဿမဖြစ်စေဘဲ မြန်မာစာဖတ်ပရိသတ်အတွက် ပညာဒါနအဖြစ် ၀က်ဘ်ဆိုက်တွင် ၀ိပဿနာဆိုင်ရာဆောင်းပါးများ၊ ဗုဒ္ဓဘာသာရှုမြင်သုံးသပ်ချက်များကို ရေးသားလျက် ရှိသည်။

ထိုကဲ့သို့ အလုပ်များမအားလပ်နိုင်သည့်ကြားကပင် ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူးအချိန်တွင် နှစ်စဉ်ဖွင့်လှစ်မြဲ တရားစခန်းကိုတော့ အချိန်ယူ၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ပင်မလုပ်ငန်းဖြစ်သည့် တရားစခန်းလုပ်ငန်းတာဝန်ကို တရားလိုလားသူ ယောဂီတို့အတွက် ထည့်တွက်ငဲ့ကွက်လျက် ရေးလက်စ စာပေများ ခေတ္တနားလျက်၊ ပြုလုပ်ဆဲသုတေသနလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားလျက် သာသနာပြုလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် မဖြစ် ဖြစ်အောင် ကြိုးစား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ၀ိပဿနာအလုပ်ကို လိုအပ်ချက်အရ လုပ်ရသည်ဆိုသော်လည်း ပြီးစလွယ်လုပ်သည်တော့မဟုတ်ပါ။ တိတိကျကျလုပ်သည်။ တတ်စွမ်းသမျှ ရှင်းလင်းအောင်သင်ပေးသည်။ တတ်နိုင်သမျှ နားလည်အောင် ဟောပြသည်။ စည်းကမ်းစနစ်ရှိရှိလုပ်သည်။ စိတ်ပါလက်ပါလုပ်သည်။ ဤအရှင်သည် မည်သည့်အခါမျှ ဖြစ်ကတတ်ဆန်း လုပ်ရိုးထုံးစံမရှိ။ အလုပ်တစ်ခုကိုလုပ်ပြီဆိုလျှင် စိတ်ရော ကိုယ်ပါ နှစ်မြှုပ်လျက် လုပ်ကိုင်လေ့ရှိတတ်သည်မှာ ဤအရှင်၏ ပင်ကိုယ်ဗီဇဖြစ်သည်။

ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး