သမုဒယသစ္စာ (၄)
သမုဒယသစ္စာက အကြောင်းသစ္စာ၊ ဒုက္ခသစ္စာက အကျိုးသစ္စာ။ သမုဒယသစ္စာက ဆင်းရဲကြောင်း၊ ဒုက္ခသစ္စာက ဆင်းရဲကျိုး။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲကြောင်းကြောင့် ဆင်းရဲကျိုးဖြစ်နေတာသာ ဖြစ်တယ်။ ယခု လက်ရှိဘဝခန္ဓာကြီးဟာ အတိတ်က ဆင်းရဲကြောင်းတွေလုပ်ခဲ့လို့ ရရှိပိုင်ဆိုင်ထားတဲ့ ဆင်းရဲကျိုးမျှသာဖြစ်တယ်။ အတိတ်က သမုဒယလုပ်ခဲ့လို့ ယခု ဒုက္ခခံနေကြရတယ်ဆိုရင် မလွဲပါဘူး။ ဒီခန္ဓာမျိုး ဒုက္ခသစ္စာ တရားဆိုးကြီးကို ဒုက္ခသစ္စာရယ်လို့ မသိတဲ့အတွက် အတိတ်က ကောင်းမှုသမုဒယသစ္စာတွေ ပြုခဲ့ကြလေတော့ ကောင်းမှုကြောင့်ရရှိခဲ့တဲ့ခန္ဓာကြီးပင်ဖြစ်သော်လည်း ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဖြစ်နေသဖြင့် ဆင်းရဲကျိုးတရားစုကြီးမျှသာ ဖြစ်တယ်လို့ ဆိုရပါတယ်။ ဒါကြောင့် ခန္ဓာရကြောင်းသည် သမုဒယသစ္စာ၊ ဒုက္ခရကြောင်းသည် သမုဒယသစ္စာ။ သမုဒယလုပ်စဉ်က ဒုက္ခအကျိုးသာ ရမယ်ဆိုတာ မသိခဲ့တော့ မသိတာနဲ့ပဲ မသိသလို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒုက္ခသုက္ခတွေနဲ့ ပက်ပင်းတိုးနေကြရခြင်းသာဖြစ်တယ်။ အများနားလည်ထားတာက ဒုက္ခရောက်မှ ဒုက္ခလို့ သိနေကြတာပါပဲ။ သမုဒယဖြစ်စဉ်ကတော့ ဒါလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာ သိမှ မသိကြတာကိုး။ သတိမှ မထားမိကြတာကိုး။ ဒီလို မသိကြလို့ ဒုက္ခကို သတိမရတဲ့အခါ သမုဒယနဲ့သာ ပျော်မွေ့နိုင်ကြတာပေါ့။ ထင်သာအောင် ပြောရမယ်ဆိုရင် “သမုဒယပိုးကြိုးလေးတွေ နှောင်ဖွဲ့မိပြီ မေ” ဆိုတဲ့သီချင်းကို ဆင်ခြင်ကြည့်ပါ။ ဒီလို ငိုငြီးအက်ကွဲသံတွေထွက်နေတာ ဘာများပါလိမ့်မလဲဆိုတော့ သူ ဒုက္ခရောက်နေတာ။ ဒုက္ခရောက် စိတ်နာကျပြီး ဆိုနေတဲ့အသံလေ။ ဒီလိုဒုက္ခရောက်မယ်ဆိုတာ ကြိုသိထားခဲ့ရင် အကြောင်းသမုဒယတွေ သူဘယ်လုပ်ပါ့မလဲ။ သူ အကြောင်းလုပ်ခဲ့လို့ အကျိုးဒုက္ခခံစားနေရခြင်းမျှသာ ဖြစ်တယ်။ ဒီလို ဒုက္ခခံစားရမှာကို ကြိုသိထားခဲ့ရင် ဘယ်လိုလုပ် သမုဒယတွေနဲ့ နှောင်ဖွဲ့ခဲ့ပါ့မလဲ။ ဒီလိုမသိတဲ့အခါ နှောင်ဖွဲ့မိပြီး သမုဒယကြောင့်ပဲ ဝမ်းနည်းပက်လက်ဖြစ်နေရတာပေါ့။ ဒါ ဒုက္ခရောက်နေတာမှ ဟုတ်ပါရဲ့လား။ အထင်သာ အမြင်သာကြီးပါ။ ဒီတော့မှ “အစက ကြိုသိခဲ့ရင် မောင် မချစ်ခဲ့ပါဘူး မေ” လို့ ဒုက္ခသံ ပြန်ထွက်လာတာပါပဲ။ ကာမတော ဇာယတေ သောကော၊ ကာမတော ဇာယတေ ဘယံ- ဆိုတဲ့အတိုင်း ကာမကြောင့် သောကဖြစ်၊ ကာမကြောင့်ပဲ ဘေးတွေ ရန်တွေ အန္တရာယ်တွေဖြစ်နေကြရတာပါပဲ။ အဲဒီ ကာမဆိုတာ သမုဒယသစ္စာပေါ့။ တဏှာ စေရာ မနေသာ ဖွေရှာဆက်ရသည်- ဆိုတဲ့အတိုင်း တဏှာ ခိုင်းသမျှ စေသမျှ လုပ်နေကြရတာပါပဲ။ ငါတို့နေရာ ဤကမ္ဘာ တဏှာ အုပ်စိုးသည်-တဲ့။ သတ္တဝါတိုင်းဟာ တဏှာသမုဒယရဲ့ စိုးမိုးခြယ်လှယ်မှုကို ခံနေကြရတာပါပဲ။ သာမန်မိရိုးဖလာ နေရိုးနေစဉ်အတိုင်းသာ နေကြမယ်ဆိုရင် တဏှာစေညွှန်ရာ လှုပ်ရှားပြေးလွှား လုပ်ကိုင်စားသောက်နေကြရတာပါ။ တဏှာက စီးပွားရှာဆိုရင်လည်း ရှာရ၊ တဏှာက အပေါင်းအသင်းရှာဆိုရင်လည်း ရှာရ၊ တဏှာက ကြင်ဖော်ကြင်ဖက်ရှာဆိုရင်လည်း ရှာရနဲ့ ရှာရင်းနဲ့ မော မောရင်းနဲ့ ရှာနေကြရတာဟာ တဏှာလက်ချက်ကြောင့်ပါပဲ။ အသက်မသေမချင်း တဏှာနဲ့နေနေကြရပြီး သေတော့လည်း တဏှာနဲ့ပဲ သေကြရလေတော့ တဏှာအုပ်စိုးတယ်ဆိုတာ ဟုတ်မှဟုတ်ပမလားလို့ စောဒကတက်စရာ မလိုလောက်အောင် ရှင်းနေတော့တာပါပဲ။ ဒီလို တဏှာမကင်းသရွေ့ ခန္ဓာဆိုတာဟာလည်း မယူချင်ပါဘူးလို့ ငြင်းလို့ မရပါဘူး။ ခန္ဓာကို ငြင်းလို့မရတော့ ဒီခန္ဓာပြီး နောင်ခန္ဓာပြန်ရဖို့သာ ရှိတော့တယ်။ နောင်ခန္ဓာပြန်ရပြန်တော့ ဒုက္ခပြန်ရတာပါပဲ။ ဒီလိုနဲ့ သတ္တဝါတွေဟာ (၃၁)ဘုံမှာ သမုဒယနဲ့ ဒုက္ခ သစ္စာနှစ်ပါးနဲ့ လှည့်နေကြတယ်။ သစ္စာနှစ်ပါးနဲ့ပဲ သံသရာလည်နေကြရတယ်။ သမုဒယကျွန်ဖြစ်ပြီး သံသရာနွံနစ်နေကြရတယ်။ ဒီသံသရာအလည်ရပ်အောင် သမုဒယကို ဖြတ်မှ ပြတ်ပေလိမ့်မယ်။ ပြောချင်တာက သတ္တဝါအများစုဟာ ဒုက္ခရောက်မှပဲ သိကြတယ်၊ သမုဒယ အကြောင်းလုပ်တုန်းကတော့ ဒုက္ခရောက်မှာကို ကြိုတင်တွက်ဆမလာခဲ့ကြဘူးပေါ့။ သမုဒယ အကြောင်းဖြစ်စဉ်ကတည်းက ကြိုတင်၍သာ သိခဲ့ကြမယ်ဆိုရင် ဒုက္ခရောက်ကြောင်းပဲလို့ ကြိုသိထားလိုက်တာနဲ့ သမုဒယကို မတည်ထောင်ဖြစ်တဲ့အခါ အကျိုးဖြစ်တဲ့ ဒုက္ခခံစားစရာလည်း လာမှာမဟုတ်တော့ပါဘူး။ ဒီအတိုင်းပါပဲ။ သံသရာမှာလည်း ဒုက္ခရောက်ကြောင်းလို့ မသိတဲ့အခါ အဝိဇ္ဇာဖုံးလွှမ်းခံထားရတာပါ။ ဒီလို ဒုက္ခရောက်ကြောင်းကို မသိတော့ သမုဒယအကြောင်းတွေ လုပ်ဖြစ်နေကြတာပေါ့။ မသိတဲ့အတိုင်း မသိသလို လုပ်နေကြတာဟာ သင်္ခါရတရားတွေပါပဲ။ ဒီ အဝိဇ္ဇာနဲ့ သင်္ခါရတရားဟာ သစ္စာအားဖြင့် သမုဒယသစ္စာ။ သစ္စာမှ မသိသေးရင်တော့ လုပ်သမျှတွေ ကောင်းကောင်း ဆိုးဆိုး နောင်ခန္ဓာရကြောင်းတွေဖြစ်နေမှာပါပဲ။ ဒါကြောင့် သမုဒယသစ္စာလို့ ပြောရတာပါ။ ဒီလို သမုဒယသစ္စာကို အတိတ်က တည်ထောင်ခဲ့လို့ပဲ အခု ဒုက္ခသစ္စာ ခန္ဓာငါးပါး ရရှိထားကြတာပေါ့။ ဒီလက်ရှိခန္ဓာဟာ ဒုက္ခသစ္စာကြီးပါပဲ။ ဒီခန္ဓာကြီးကိုလည်း အမြဲမပြတ် နှိပ်စက်တတ်လို့ ဒုက္ခသစ္စာလို့ မမြင်သေးရင်တော့ သမုဒယသစ္စာတွေ ထပ်မံလုပ်ကြပေလိမ့်ဦးမယ်။ သစ္စာမှ မသိသေးသရွေ့ လက်ရှိခန္ဓာအပေါ်မှာ ခင်မင်တဲ့ တဏှာ လာနေဦးမယ်။ သားခင် သမီးခင် ဆွေခင် မျိုးခင် စီးပွားခင်တဲ့ တဏှာတွေ လာနေဦးမှာ။ လက်ရှိခန္ဓာအပေါ်မှာ အပြစ်မမြင်တော့ ချစ်ခင်တဲ့ တဏှာ ဘယ်ခွါနိုင်ပါ့မလဲ။ ခင်ရင်းနဲ့ စွဲလန်း၊ စွဲလန်းတော့ ဥပါဒါန်ဖြစ်။ ဥပါဒါန်ဖြစ်တော့ ကာယကံနဲ့ ပြုလုပ်ကြ ဝစီကံနဲ့ ပြောဆိုကြ မနောကံနဲ့ ကြံစည်ကြနဲ့ လုပ်သမျှတွေက ကံဆိုတဲ့ နောင်ခန္ဓာ ရကြောင်းတွေ စုဆောင်းနေကြပြန်တယ်။ ဒီတော့ ကံဆိုတာ ကောင်းတဲ့ကံတွေရော မကောင်းတဲ့ကံတွေရော မသေမချင်း စုနေမှာပဲ။ ဒီကံတွေထဲကနေပြီးတော့ သေခါနီး ထင်မြင်လာတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ခုခုကနေ နောင်ခန္ဓာနဲ့ ဆက်စပ်ပေးလိုက်တော့ ကမ္မဘဝပစ္စာ ဇာတိဆိုပြီး ဟိုဘက်ဘ၀ ဇာတိ ပဋိသန္ဓေ ခန္ဓာငါးပါး ပြန်ရပြန်တယ်။ ကောင်းတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ခုခုထင်မြင်လာလို့ရှိရင်တော့ တော်သေးတာပေါ့။ သူက သုဂတိခန္ဓာဆက်စပ်ပေးလိုက်လို့ သုဂတိဘ၀ ရောက်ခွင့်ရှိတယ်။ မကောင်းတဲ့ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တစ်ခုခုကများ ဆက်စပ်ပေးလိုက်မယ်ဆိုရင်တော့ဖြင့် သွားလေရော့ အပါယ်။ ခန္ဓာရလို့ ဒုက္ခရောက်ရတာက တစ်မျိုး၊ အပါယ်ကျလို့ အပါယ်ဒုက္ခခံရတာက တစ်မျိုး။ ဒုက္ခသစ္စာနှစ်ထပ်ကွမ်းပဲ၊ အလူးအလဲ ခံလေဦးရော့။ တဏှာ ဥပါဒါန် ကံတွေ ဖြစ်နေလေသမျှ နောင်ခန္ဓာရကြောင်းတွေ ဖြစ်နေမှာပါ။ နောင်ခန္ဓာရကြောင်းမှန်သမျှဟာလည်း သမုဒယသစ္စာပါပဲ။ ဒါကြောင့် ကိုယ့်ခန္ဓာဒုက္ခသစ္စာဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် ယုံအောင် အရှုဉာဏ်နဲ့ မပြတ်ရှုမှတ်ပေးနေဖို့ လိုအပ်ပါတယ်။ ဒီလို ရှုမှတ်ပေးနေမယ်ဆိုရင် ဒီခန္ဓာရဲ့ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘော တင့်တယ်မှုမရှိတဲ့သဘောတွေ တစိမ့်စိမ့်တွေးရင်း တရေးရေးမြင်လာပါလိမ့်မယ်။ မြင်လာသည်နှင့်အမျှ ဒုက္ခသစ္စာပဲဆိုတာ ကိုယ်တိုင်ကြည့်လို့ သိလာတဲ့ ကိုယ်တိုင်သိဖြစ်လာမှာပါ။ သူပြော လူပြောအသိမဟုတ်တော့ပါဘူး။ ဒီလို ကိုယ်တိုင်ကြည့်လို့ ကိုယ်တိုင် သိလာတဲ့အခါ ဒီခန္ဓာဟာ ဒုက္ခသစ္စာပဲလို့ သဘောပေါက်လာမှာဖြစ်ပြီး ဒုက္ခသစ္စာခန္ဓာမှန်းသိနေပြီဆိုရင်တော့ ဒီခန္ဓာအပေါ် ခင်မင်တွယ်တာတဲ့ တဏှာ ဘယ်လာနိုင်ပါတော့မလဲ။ ခင်စရာမင်စရာ အကွက်အချက်တစ်ခုမှ မရှိတာပဲ။ ဒီခန္ဓာမှ မခင်မင် မတွယ်တာတော့ဘူးဆိုရင် နောင်ဘ၀ နောင်ခန္ဓာဆိုတာတွေကိုလည်း ဘယ်လိုချင်ပါတော့မလဲ။ ဒီတော့ လက်ရှိခန္ဓာခင်မင်တဲ့ တဏှာလည်း ကင်း၊ နောင်ခန္ဓာခင်မင်တဲ့တဏှာလည်း မလာတော့ဘူးဆိုရင် ခန္ဓဝန် ဒုက္ခဝိပါကဝဋ်မှ ကျွတ်ရေး လွတ်ရေးအတွက်ပဲ အလုပ်တွေ လုပ်ဖြစ်တော့မှာပေါ့။ လုပ်သမျှ ခန္ဓာလွတ်ကြောင်းတရားတွေချည်းပဲဖြစ်နေမယ်။ ဒီလိုအသိ ဒီလိုဉာဏ်ရှိနေပြီဆိုရင် အကုသိုလ်တွေ ဘယ်လုပ်ဖြစ်တော့မလဲ။ ကုသိုလ်တွေကိုသာ လုပ်ဖြစ်အောင်ကြိုးစားပေတော့မယ်။ လုပ်သမျှ ကုသိုလ်တွေကိုလည်း နောင်ခန္ဓာရကြောင်းအတွက် လုပ်တာမျိုးမဟုတ်တော့ဘဲ ဒီလက်ရှိခန္ဓာကဲ့သို့ အခုကြည့် အခုမြင်နေရတဲ့ ဒုက္ခမျိုးတွေကို အခုလည်းမလိုချင် နောင်လည်းမရချင်လို့ ကုသိုလ်ပြုပါ၏လို့ ဉာဏ်လေးသွင်းပြီးပြုလုပ်မယ်ဆိုရင် ကိုယ်ပြုတဲ့ ကုသိုလ်တွေဟာ နောင်ခန္ဓာရကြောင်းအတွက် မဟုတ်တော့ဘဲ ခန္ဓာဝန် ဒုက္ခဝိပါကဝဋ်မှ ကျွတ်ရာ နိဗ္ဗာန်အထောက်အပံ့သာ ဖြစ်သွားပေလိမ့်မယ်။ ဒီတော့မှ ကိုယ်ပြုတဲ့ကံတရားဟာ ခန္ဓာရကြောင်း သမုဒယသစ္စာမဟုတ်တော့ဘဲ နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာအဖြစ်ပြောင်းလာတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ ခန္ဓာရကြောင်းအတွက် ပြုမယ်ဆိုရင် သမုဒယသစ္စာ၊ နိဗ္ဗာန်ရကြောင်းအတွက် ပြုမယ်ဆိုရင် မဂ္ဂသစ္စာလို့ နားလည်ထားပြီး ကိုယ်ပြုသမျှ ကုသိုလ်တွေကို မဂ္ဂသစ္စာဖြစ်အောင် ကြိုးစားပြုလုပ်တတ်ကြဖို့ လိုအပ်ပါတယ်။ ကုသိုလ်တော့ လုပ်တာပဲ။ ခန္ဓာရကြောင်း၊ နောင်ဘဝကောင်းစားရေးလောက်သာ အလေးပေးပြုနေကြမယ်ဆိုရင်တော့ ဒုက္ခသစ္စာရဲ့အကြောင်း သမုဒယသစ္စာတည်ထောင်နေတာသာ ဖြစ်တယ်လို့ မှတ်ထားလိုက်ပါ။ နောင်ဘဝကောင်းစားရေးကိုဘေးချိတ်၊ နိဗ္ဗာန်ဆိုတဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရေးအတွက်သာဖြစ်စေဖို့လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ကလည်း ကိုယ့်ခန္ဓာကိုယ် ဒုက္ခသစ္စာပဲလို့ အမှန်အတိုင်း ဉာဏ်နဲ့မြင်အောင် သိအောင် တဒင်္ဂ တစ်ခဏလောက်တော့ ရှုမှတ်ဆင်ခြင်ကြည့်ဖို့ လိုအပ်ပါတယ်။ ကြည့်လိုက်တော့မှ “အော်- ဘယ်ဟာမှ မမြဲပါလား၊ ခန္ဓာဟာ ဒုက္ခသစ္စာဆိုတာ ဟုတ်ပါလား”လို့ ကိုယ်ကိုယ်တိုင်က ခေါင်းညိတ်ထောက်ခံနိုင်လောက်အောင်ကို ကြည့်ပေးရမှာပါ။ ဒီလိုကြည့်လိုက်လို့ မြင်တဲ့အခိုက်မှာမှ အခုကြည့်လို့ အခုမြင်နေရတဲ့ လက်ရှိဒုက္ခသစ္စာ ခန္ဓာငါးပါးမှ လွတ်လိုကျွတ်လို၍ ကုသိုလ်ကောင်းမှုကို ပြုပါ၏လို့ ကုသိုလ်တွေလုပ်တဲ့အခါ ကိုယ်ပြုတဲ့ကုသိုလ်က ဒုက္ခရောက်ကြောင်း သမုဒယသစ္စာမဟုတ်တော့ဘဲ၊ ဒုက္ခလွတ်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာသာ ဖြစ်သွားပါတော့တယ်။
ဒေါက်တာအရှင်ပါရမီ

Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.