သမုဒယသစ္စာ (၁)
သမုဒယ-ကို သံ + ဥ + အယ- လို့ ပုဒ်ခွဲလိုက်လျှင် သံ-က ပေါင်းစု၍။ ဥ-က ဖြစ်တာ။ အယ-က အကြောင်းတရား။ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်းတရားဟာ သမုဒယပါပဲ။ သစ္စာ-က အမှန်တရား။ ဒါကြောင့် သမုဒယသစ္စာ-ဆိုတာ ပေါင်းစု၍ ဖြစ်နေတဲ့ အကြောင်း အမှန်တရား လို့ အဓိပ္ပါယ်ရတယ်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလို- တဏှာ သမုဒယော ဘဝေ။ တဏှာဟာ သမုဒယသစ္စာလို့ ဆိုပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ္တန်အလို ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ ဆိုတဲ့ တဏှာသုံးပါးဟာ သမုဒယသစ္စာပါပဲ။ ကာမဂုဏ်ငါးပါးကို သာယာတဲ့တဏှာက ကာမတဏှာ၊ ဖြစ်နေတဲ့ဘဝအပေါ်မှာ သာယာတဲ့ တဏှာက ဘဝတဏှာ။ ဘဝပြတ်စဲတာ ဘဝမရှိမှ အေးမယ်လို့ ထင်ပြီး ဘဝပြတ်စဲမှုအပေါ်မှာ သာယာတဲ့ တဏှာက ဝိဘဝတဏှာပါပဲ။
ကာမဂုဏ်အာရုံငါးပါးအပေါ်မှာ သာယာတော့ ကာမတဏှာဖြစ်တယ်။ ဒီလို သာယာမှုတွေ ဖြစ်တယ်ဆိုတာ ငါစွဲ သက္ကာယဒိဋ္ဌိခံနေလို့ပါ။ ပုဂ္ဂိုလ်စွဲ သတ္တဝါစွဲ ငါစွဲ သူစွဲ ယောကျ်ားစွဲ မိန်းမစွဲ စသည့် သက္ကာယဒိဋ္ဌိရှိနေရင် ရုပ်နာမ်အပေါ် အမှန်မြင်နိုင်တဲ့ ဉာဏ်မဝင်နိုင်တော့ပါဘူး။ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ဉာဏ်မဝင်ဘဲ ပညတ်အပေါ်မှာ သောင်တင်ပြီး ငါထင် သူထင် ယောက်ျားထင် မိန်းမထင် ဒီအထင်မှားက သက္ကာယဒိဋ္ဌိပါ။ ဒီလို သက္ကာယဒိဋ္ဌိနဲ့ ငြိစွန်းနေသမျှတော့ တပ်မက်စရာတွေ့ရင် တပ်မက်မှာ၊ တွယ်တာစရာရှိရင် တွယ်တာမှာ၊ လိုချင်စရာတွေ့ရင် လိုချင်မှာ အမှန်ပါပဲ။ ဒီလို လိုချင်တပ်မက်တွယ်တာတာကို ကာမတဏှာလို့ခေါ်ပါတယ်။ ဒီတော့ ကာမတဏှာဟာ သက္ကာယဒိဋ္ဌိနဲ့ တွဲဖြစ်လေ့ဖြစ်ထရှိတယ်ပေါ့။
ဘဝတဏှာကတော့ ကိုယ်ရရှိထားတဲ့ ဘဝအပေါ်မှာ သာယာကျေနပ်နေတာ၊ ပျော်မွေ့နေတာပါပဲ။ အခု လူ့ဘ၀ ရ ထားခိုက် လူ့ဘဝကို သာယာကျေနပ်နေတာ၊ နတ်ဘ၀ ရ ထားသူများက နတ်ဘဝကို ကျေနပ်နေတာ၊ အပါယ်ဘ၀ ရ ထားတဲ့သူများကလည်း အပါယ်ဘဝကို ကျေနပ်နေတာ။ ဒါဟာ ဘဝတဏှာပါ။ ဒီလို ဘဝတဏှာဖြစ်ရတယ်ဆိုတာ သဿတဒိဋ္ဌိမကင်းလို့ပါ။ ကိုယ် ရရှိပိုင်ဆိုင်ထားတဲ့ဘဝဟာ ပြောင်းလဲမှုမရှိဘူး၊ တည်မြဲနေတယ်၊ ဖြစ်တာ ပျက်တာ မထင်မြင်ဘူးဆိုရင် တည်မြဲအယူ သဿတဝင်နေတာပါပဲ။ ငယ်ရာက ကြီးလာခဲ့ပေမယ့် ငယ်တုန်းကလည်း ငါပဲ၊ အခုလည်း ငါပဲ လို ငယ်ငယ်ရွယ်ရွယ်ကနဲ့ အခုလက်ရှိ အနေအထားကို တစ်သားတည်း ထပ်နေသလိုမျိုး အထင်ရှိနေတာဟာ လူတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိနေတဲ့ သဿတအယူပါ။ ဒီလို မပြောင်းမလဲ တည်မြဲတယ်ထင်နေလို့လည်း ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်နေနိုင်ကြတာပေါ့။ ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်နေနိုင်တာဟာ ဘဝတဏှာဖြစ်ပါတယ်။ ဒါကြောင့် ဘဝတဏှာဟာ သဿတဒိဋ္ဌိနဲ့ တွဲပြီး ဖြစ်လေ့ ဖြစ်ထရှိတယ်။
နောက်တစ်ခုက ဝိဘဝတဏှာ။ ဘဝပြတ်စဲမှုကို သာယာတာ။ ဘဝမှာ ဒုက္ခသုက္ခ များလွန်းလို့ မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါ ဒီဘဝနှယ် ဆင်းရဲလိုက်တာ။ အသက်ရှင်နေရတာနဲ့စာရင် သေတာက ကောင်းသေးတယ်ဆိုပြီး ဘဝပြတ်စဲမှုကိုသာယာသွားတာမျိုးပါ။ ဒီလိုဖြစ်တာဟာလည်း အယူမှားတစ်ခုခုနဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ သေတာနဲ့ ဘဝဟာ ပြတ်သွားတယ်၊ သေရင် အေးတာပဲဆိုပြီး ဘဝပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိဝင်နေတာပါပဲ။ သေရင် အေးတယ်လို့ ယူဆတာဟာ ရှင်နေလို့ ဒုက္ခရောက်တာ၊ သေရင် ဒုက္ခမရောက်တော့ဘူးလို့ ယူဆနေလို့ပေါ့။ တကယ်တော့ သေရင် မအေးဘဲ ပို၍ ပူရမှာကို သူမှ မသိတာကိုး။ ဒီလိုအသိကင်းနေတဲ့အခါ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုးတွေ၊ သေကြောင်းကြံသွားတာမျိုးတွေဟာ လောကမှာ မကြာခဏ ဖြစ်တတ်တဲ့သဘာဝတွေပါ။ ဒါဟာ ဥစ္ဆေဒသမားတွေရဲ့ လုပ်ရပ်လို့ဆိုရင်လည်း မလွဲပါဘူး။ ဒီလို အယူက မိမိစိတ်ထဲမှာ စွဲငြိလာပြီဆိုရင် ဘဝပြတ်စဲမှုကို လိုလားတဲ့ ဝိဘဝတဏှာဆိုတာ ဖြစ်လာရတာပါပဲ။ ဒါကြောင့် ဝိဘဝတဏှာဆိုတာ ဥစ္ဆေဒဒိဋ္ဌိနဲ့ ယှဉ်တွဲဖြစ်လေ့ရှိတယ်လို့မှတ်လိုက်ပါ။
ဒီတဏှာသုံးမျိုးလုံးဟာ ဓမ္မစကြာဒေသနာတော်မှာ သမုဒယသစ္စာလို့ ဟောတော်မူထားပါတယ်။ တဏှာသုံးမျိုးလို့ ဆိုသော်လည်း သင်္ဂြိုဟ်ကျမ်းက ဆိုထားတဲ့ တဏှာဟာ သမုဒယသစ္စာ ဆိုတာနဲ့ အတူတူပင် ဖြစ်တယ်လို့မှတ်ရမယ်။ သုံးမျိုးခွဲပြလိုက်သော်လည်း လိုရင်းမှာ တဏှာသည် သမုဒယသစ္စာပါပဲ။ ကာမဂုဏ်အပေါ် သာယာတဲ့ တဏှာပေါ်ရင်လည်း သမုဒယသစ္စာတည်ထောင်နေတာ၊ ဘဝအပေါ်သာယာတဲ့ တဏှာပေါ်နေရင်လည်း သမုဒယသစ္စာတည်ထောင်နေတာ၊ ဘဝပြတ်စဲမှုအပေါ် သာယာတဲ့တဏှာပေါ်ရင်လည်း သမုဒယသစ္စာတည်ထောင်နေတာသာဖြစ်တယ်။ အကြောင်းတရားတွေ ပေါင်းစု ဖြစ်ပေါ်နေခြင်းသာဖြစ်တယ်။ ဘာအတွက်အကြောင်းတရားတွေလည်း ဆိုရင် နောင်ဘ၀ နောင်ခန္ဓာရစေမယ့် အကြောင်းတရားတွေပါ။ ဒါကြောင့် သမုဒယသစ္စာဟာ အကြောင်းသစ္စာပါပဲ။ နောင်ခန္ဓာ ဒုက္ခသစ္စာ ရမယ့်အကြောင်းသစ္စာပေါ့။ ဒီတော့ ဒုက္ခရောက်ကြောင်းတရားဆိုရင်လည်း မလွဲပါဘူး။ ဘာကြောင့် ဒုက္ခတွေ ဒီလောက်များနေရတာလည်းဆိုရင် သမုဒယတွေကြောင့် ဒုက္ခတွေ များနေကြရတာပါ။ သမုဒယများလေ ဒုက္ခများလေ၊ သမုဒယအားကြီးလေ ဒုက္ခကြီးလေသာဖြစ်ပါတယ်။ ဒါဆိုရင် အပြန်အားဖြင့် သမုဒယနည်းလေ ဒုက္ခနည်းလေ၊ သမုဒယ အားပျော့လေ ဒုက္ခအားပျော့လေဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် ဒုက္ခနည်းချင်ရင် သမုဒယနည်းအောင်လုပ်၊ ဒုက္ခပါးချင်ရင် သမုဒယပါးအောင်လုပ်၊ ဒုက္ခကင်းချင်ရင် သမုဒယကင်းအောင် လုပ်ရပါလိမ့်မယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.