သမုဒယသစ္စာ (၂)

သမုဒယသစ္စာအရ တဏှာသုံးမျိုးဆိုတာ ပြောခဲ့ပြီးပါပြီ။ တကယ့်ဝိပဿနာလုပ်ငန်းခွင်မှာ နားလည်အောင် ထပ်မံ ပြောပြလိုပါသေးတယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ဆိုတဲ့ ကာမဂုဏ် အာရုံငါးပါးကို သာယာတပ်မက်တာကို ကာမတဏှာလို့ ပြောခဲ့တယ်။ ဘာကြောင့် သာယာတပ်မက်တာလည်းဆိုရင် ရုပ်နာမ်အပေါ်မှာ ငါစွဲ သူစွဲ စတဲ့ အထင်မှား အမြင်မှား သက္ကာယဒိဋ္ဌိကြောင့် ရုပ်နာမ်ကို ရုပ်နာမ်လို့ အမှန်အတိုင်း မမြင်နိုင်ဘဲ သက္ကာယဒိဋ္ဌိစွဲဖြင့်ရှုမြင်သုံးသပ်နေကြတဲ့အခါ သာယာတပ်မက်မှုဆိုတာ အလိုလို ပေါ်လာတတ်တာပါပဲ။ ဒီအာရုံတွေ တွေ့တဲ့အခါ သာယာမှုမရှိအောင် အာရုံကိုသော်လည်း ဖြစ်ပျက်ရှု၊ ပေါ်လာတဲ့ စိတ်ကိုသော်လည်း ဖြစ်ပျက်ရှုပေးလိုက်ရပါတယ်။ ဖြစ်တာလည်း သိ၊ ပျက်တာလည်း သိနေတော့ မမြဲတဲ့သဘောတရား ထင်မြင်လာပြီး တပ်မက်မှု နှစ်သက်မှုဆိုတာတွေ မလာနိုင်တော့ပါဘူး။ မြင်ရတဲ့အဆင်းကလည်း ငါမဟုတ်၊ မြင်စိတ်လည်း ငါမဟုတ်၊ ဖြစ်တဲ့သဘောကလည်း ငါမဟုတ်၊ ပျက်တဲ့သဘောကလည်း ငါမဟုတ်ဆိုတာ အလိုလို သိမြင်သဘောပေါက်လာခဲ့ရင် ငါစွဲ သက္ကာယဒိဋ္ဌိဟာလည်း ရှုရင်းဖြင့်ပျောက်သွားပြီး အာရုံအပေါ်မှာ သာယာတဲ့ ကာမတဏှာလည်း လာခွင့်မရှိ၊ ပေါ်ခွင့် ဖြစ်ခွင့်မရှိတော့ပါဘူး။ ဘဝတဏှာဆိုတာ ဘုံဘဝကို သာယာတပ်မက်နေတာ၊ လူဖြစ်ရင် လူ့ဘဝနဲ့ပျော်၊ နတ်ဖြစ်တော့ နတ်ဘဝနဲ့ပျော်နေတာ စသည်ပေါ့။ ဒီလို ပျော်ပျော်နေပြီး သာယာယစ်မူးနေကြတာဟာလည်း ကိုယ့်ဘ၀ ကိုယ် မြဲတယ်ထင်နေတဲ့ သဿတအမြင်ကြောင့်ပါပဲ။ တကယ့်လက်တွေ့လုပ်ငန်းခွင်အနေနဲ့ ပြောပြရရင် ချမ်းသာတဲ့ သုခဝေဒနာပေါ်တယ်ဆိုပါစို့။ ချမ်းသာတဲ့သုခဝေဒနာကို ဒီလိုလေးပဲ ကြာရှည် တည်တံ့နေစေချင်တာဟာ လူတိုင်းရဲ့ သဘာဝပါ။ ဒီလိုဆန္ဒဘာကြောင့်ဖြစ်ရတာလဲဆိုရင် သုခဝေဒနာလေး ပျက်သွားမှာကို မလိုလားလို့၊ ဆက်လက်ဖြစ်တည်နေစေချင်လို့ပါပဲ။ ဒါဆိုရင် သုခဝေဒနာလေး ဖြစ်နေတာကို မြဲစေလိုတာပေါ့။ ဒါဟာ အဖြစ်ကို သာယာတဲ့ ဘဝတဏှာဖြစ်ပါတယ်။ မြဲစေလိုတဲ့ဆန္ဒက သဿတဒိဋ္ဌိအယူပေါ့။ ဒါကြောင့် ဘဝတဏှာက သဿတဒိဋ္ဌိနဲ့ တွဲဖြစ်လေ့ရှိတယ်လို့ ဆိုရတာပါ။ အဖြစ်ကို သာယာမယ်ဆိုရင် သဿတလည်းဖြစ်၊ ဘဝတဏှာလည်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုမဖြစ်သင့်တာတွေ မဖြစ်ရလေအောင် သုခဝေဒနာပေါ်လာရင်လည်း သူ့ရဲ့ ဖြစ်သဘောနဲ့ ပျက်သဘောကို ထိထိမိမိ သိမြင်သဘောပေါက်အောင် စူးစူးစိုက်စိုက် ရှုရပါတယ်။ ပျက်တာကို ပျက်တဲ့အတိုင်းလေး ရှင်းရှင်းလင်းလင်း မြင်နေရင် အဖြစ်ကို မသာယာတော့တဲ့အခါ တဏှာလည်း လာမှာမဟုတ်တော့သလို သဿတဒိဋ္ဌိလည်း အလိုလို ကွာသွားပါလိမ့်မယ်။ အဖြစ်ကိုသာယာတာက ဘဝတဏှာ၊ အဖြစ်ကိုသာယာတဲ့တဏှာနဲ့ တွဲဖြစ်တဲ့ဒိဋ္ဌိက သဿတဒိဋ္ဌိ။ ဒီသဿတဒိဋ္ဌိစင်အောင် အပျက်ကို မြင်အောင် ရှုပေးရပါတယ်။ အပျက်မြင်မှ အဖြစ်ကို မခင်မှာဖြစ်ပါတယ်။ အဖြစ်ကိုသာယာတဲ့တဏှာနဲ့တွဲဖြစ်တဲ့ တည်မြဲအယူစင်ဖို့ အပျက်ကိုမြင်အောင် ရှု။ အပြန်အားဖြင့် အပျက်ကိုသာယာတဲ့ တဏှာနဲ့တွဲဖြစ်တဲ့ အပြတ်အယူစင်ဖို့ အဖြစ်ကို မြင်အောင်ရှု။ နောက်တစ်ခုက ဝိဘဝတဏှာ။ ဘဝပြတ်တာကို အလိုရှိတဲ့တဏှာပေါ့။ အလိုရှိတာက တဏှာ၊ အပြတ်ကို သဘောကျတာက ဒိဋ္ဌိ။ ဒီဒိဋ္ဌိကို ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုတယ်။ လက်တွေ့သဘောနဲ့ ပြောပြရရင် ဆင်းရဲတဲ့ဝေဒနာ ခံစားရတဲ့အခါ ဒုက္ခဝေဒနာပေါ်နေတာပါပဲ။ ဒီလို ဒုက္ခဝေဒနာမျိုးကျတော့ ဘယ်သူမှမခံစားချင်ကြပါဘူး။ ဒီဒုက္ခ အမြန်ပျောက်စေချင်တာဟာ သတ္တဝါတိုင်းရဲ့ အာသီသပါပဲ။ ဒီတော့ အပျက်ကိုသာယာတာက ဝိဘဝတဏှာ၊ အပြတ်အယူက ဥစ္ဆေဒဒိဋ္ဌိ။ ဒီလိုဝေဒနာမျိုးကိုလည်း တေးမထားဘဲ ဖြစ်သဘော ပျက်သဘော ပြောင်းလဲဖြစ်စဉ်ကို ဉာဏ်ထဲ ထင်မြင်နေအောင် စူးစိုက်ကြည့်ပေးနိုင်မယ်ဆိုရင် ဖြစ်တတ်တဲ့သဘောမို့ ဖြစ်လာပြီး ပျက်တတ်တဲ့သဘောမို့ ပျက်သွားတာကို သဘောပေါက်လာမှာဖြစ်ပါတယ်။ ဖြစ်တာကိုသိနေတာကြောင့် အပျက်ကို အလိုမရှိတော့သလို အပြတ်အယူလည်း ကင်းစင်သွားမှာဖြစ်ပါတယ်။ အပျက်အလိုမရှိတော့ ဝိဘဝတဏှာ မလာတော့သလို အပြတ်အယူကင်းသွားတော့ ဥစ္ဆေဒဒိဋ္ဌိလည်း စင်သွားတာပါပဲ။ ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိ ကင်းစင်ဖို့အတွက် အဖြစ်ကို မြင်အောင်ကြည့်ရပါတယ်။ လိုရင်းအနေနဲ့ ဘယ်ဝေဒနာပေါ်သည်ဖြစ်စေ ဝေဒနာရဲ့ သဘောပြောင်းလဲမှုဖြစ်စဉ်ကိုသာ ဉာဏ်ထဲ ထင်မြင်နေအောင် စူးစူးစိုက်စိုက် ကြည့်ပေးဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပြောင်းလဲဖြစ်စဉ် သိမြင်နေတာဟာ ဖြစ်ပျက်မြင်နေတာပါပဲ။ ဖြစ်တဲ့သဘောနဲ့ ပျက်တဲ့သဘောတွေချည်းပါလားလို့ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားရင် ဘယ်အရာအပေါ်မှာမှ ငါတင်ပြီး စွဲယူစရာရှိတော့မှာမဟုတ်သလို ဘယ်အရာအပေါ်မှာမှ ပုဂ္ဂိုလ်သတ္တဝါလည်း ထင်မြင်ယူဆစရာမရှိတော့ပါဘူး။ တကယ့် အရှိသဘောကို ဖောက်ထွင်းမြင်နေခြင်းသာ ဖြစ်ပါတယ်။ ဖြစ်နေတဲ့သဘောတွေ သိမြင်သဘောပေါက်လာတဲ့အခါ ပြီးပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိစင်သွားမှာဖြစ်သလို ပျက်တဲ့သဘောတွေ သိမြင်သဘောပေါက်လာတဲ့အခါ တည်မြဲတယ်ထင်နေတဲ့ သဿတအယူတွေ ဝင်လာနိုင်မှာမဟုတ်တော့ပါဘူး။ အကျဉ်းအားဖြင့် ဖြစ်ပျက်မြင်ရင် သက္ကာယဒိဋ္ဌိစင်တယ်။ အဖြစ်ကိုမြင်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ အပျက်ကိုမြင်ရင် သဿတဒိဋ္ဌိစင်တယ်။ ဖြစ်ပျက်မြင်နေတဲ့အခိုက် မဂ္ဂင်ငါးပါးဝင်နေသဖြင့် တဏှာသုံးမျိုးလည်း မလာနိုင်တော့ တဏှာလည်း ချုပ်၊ ဒိဋ္ဌိလည်းပြုတ်ပါတယ်။ အခုပြောခဲ့တဲ့ တဏှာသုံးမျိုးကို သမုဒယသစ္စာလို့ ဓမ္မစကြာမှာ ဟောတော်မူထားပါတယ်။ ဒီသမုဒယသစ္စာ သေဖို့အရေးဟာလည်း ဖြစ်ပျက်ရှုခြင်းမှာတစ်ပါး အခြားမရှိပါဘူး။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း