Thursday, September 20, 2012

ဒေါက်တာအရှင်ပါရမီ၏ ရင်တွင်းစကား အပိုင်းအစ အတွေးများ

နည်းယူရမယ့်ပညာ
ဒီလိုလေးစဉ်းစားပြီး ဒီလိုလေးလုပ်ဆောင်ခဲ့လို့၊ ကြိုးစားခဲ့လို့ ဒီလိုလေးဖြစ်မြောက်လာတဲ့အခါ ဖြစ်မြောက်လာတာလေးကိုသာ အများက သတိထားကြည့်လို့ရတယ်လေ။ ဘယ်လိုလေးစဉ်းစားလို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရတယ်၊ ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေက မြင်ကွင်းရဲ့နောက်ကွယ်မှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် သူလို ဖြစ်မြောက်အောင်မြင်ချင်ရင်တော့ သူလိုစဉ်းစား၊ သူလိုလုပ်နိုင်ပါမှ ဖြစ်မယ်ဆိုတာက တကယ်နည်းယူရမယ့် ပညာပါပဲ။

မရိုးတဲ့စိတ်ထား
မွန်မြတ်တဲ့စိတ်ထားသည် ဘယ်သောအခါမှ ရိုးသွားသည်ဟူ၍ မရှိ။

ကိုယ့်အရှိ ကိုယ်တိုင်သိ
ကိုယ့်ဒုက္ခ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါ၏။ မိမိအခက်အခဲကို မိမိမှတစ်ပါး အခြားမည်သူက ပိုမို၍ နားလည်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ့်ရှိတဲ့ဒုက္ခ ကိုယ်ကိုယ်တိုင် သိအောင်ကြိုးစားနေရင်း သူတစ်ပါးဒုက္ခကိုလည်း ကိုယ်ချင်းစာတတ်လာကြမည်သာဖြစ်ပါ၏။

အဂတိတရား မလိုက်စားသင့်
ဆန္ဒ ဒေါသ ဘယ မောဟ ဆိုတဲ့ အဂတိတရား (၄) ပါး တစ်ပါးပါးလိုက်စားရင် မမျှတမှုနဲ့ မတရားမှုဆိုတာ ဖြစ်လာတာ။ ဒါကြောင့် ကိုယ့်ဆန္ဒချည်း ဦးစားပေးလွန်းရင်လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်ဒေါသချည်း ရှေ့တန်းတင်ရင်လဲ ပြဿနာကြီးထွားလာတတ်တယ်။ အကြောက်တရားကြောင့် သူများခိုင်းတိုင်း အကောင်းအဆိုးမခွဲခြား မဝေဘန်ဘဲ လုပ်မိရင်လဲ ကိုယ်သာနစ်နာဆုံးရှုံးရတယ်။ ဒီထဲ အဆိုးဆုံးကတော့ အသိတရား ခေါင်းပါးခြင်းပါပဲ။ အသိဉာဏ် ဆင်ခြင်တုံ ကင်းမဲ့ပြီဆိုရင် ကောင်းကောင်း ဆိုးဆိုး ဘာမဆို အကုန်လုပ်မိတတ်တယ်။

ကုသိုလ်ကို မေ့မထားလိုက်ပါနှင့်
ကုသိုလ်ဒါနတစ်ခု ပြုလုပ်ပြီးရင် မေ့မေ့ပျောက်ပျောက် ပစ်မထားလိုက်ပါနဲ့။ ပြန်လည်သတိရတဲ့ အကျင့်လေး လုပ်လုပ်ပေးနေရတယ်။ ကုသိုလ်ပြုတုန်းက ဒါန၊ ပြန်လည်သတိရနေတာက စာဂါနုဿတိဘာဝနာပေါ့။ ပြန်လည်သတိတရရှိနေတာဟာ တကယ်တော့ ဒါနထက်မြင့်မြတ်တဲ့ ဘာဝနာတစ်ခုဖြစ်နေတယ်ဆိုတာကို ဘယ်သူမှ သတိမထားမိကြဘဲ ဖြစ်နေလေ့ရှိကြတယ်လေ။

မသိတတ်သူရဲ့ အသိ
မသိတတ်တဲ့သူ သိတာ တစ်ခုရှိတယ်။ အဲဒါဟာ သူလိုချင်တာ သူဖြစ်ချင်တာ သူလုပ်ချင်တာပဲ သိနေတာ။ ကျန်တာ ဘာမှမသိတော့ဘူး။ ဒါကြောင့် မသိတဲ့သူ သိနေတဲ့အသိဟာ သိပ်ကြောက်စရာကောင်းတယ်။

အဆိုးဓာတ်ပြောင်း အကောင်းဓာတ်စုဆောင်း
အတိတ်ကံတွေ ဘယ်လိုပင် ရှိနေစေကာမူ လတ်တလော ကောင်းနေဖို့အရေးကြီးတယ်။ အကုသိုလ် ပါပဓာတ်တွေ နဲနိုင်သမျှ နဲနေအောင် လေ့ကျင့်၊ ကုသိုလ်ပုညဓာတ်တွေ များနိုင်သမျှ များအောင် ပွားမြားထား။ ဒါဟာ မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ခံယူလိုက်ရင် အဆိုးဓာတ်တွေပြောင်း အကောင်းဓာတ်တွေ စုဆောင်းနေတာပါပဲ။

အရှုပ်ရှိမှ အရှင်းတန်ဖိုးသိမည်
အရှုပ်တွေ အရင်မြင်အောင်ကြည့်တတ်ဖို့ ကြိုးစား။ အရှုပ်တွေ ပိုနားလည်ထားလေ အမြင်ပိုမိုရှင်းလင်းလာလေ။ ကြောင်းကျိုးဆက်စပ်နားလည်လာတတ်တဲ့ အလေ့အထဖြစ်လာတာ။ ဒါကြောင့် အမြင်ရှင်းချင်ရင် အရှုပ်မြင်အောင် အရင်ကြည့်ရမယ်။ အရှုပ်ကို နားလည်မှ အရှင်းတန်ဖိုး ပိုသိလာတယ်။

ကံဆိုသည်မှာ
ကံဆိုတာ တိုက်ဆိုင်မှုတစ်ခုပါ။ ဒါပေမယ့် အကြောင်းမဲ့ တိုက်ဆိုင်မှုမျိုးတော့မဟုတ်၊ အကြောင်းနဲ့ တိုက်ဆိုင်မှုမျိုးသာ ဟုတ်၏။

မဂ္ဂင်ငါးအင် လူ့ကျင့်စဉ်
မှန်ကန်တဲ့ကြိုးစားမှုကို သမ္မာဝါယမလို့ခေါ်တယ်။ အပြစ်ကင်းတဲ့ ကြိုးစားမှုမျိုးပေါ့။ အပြစ်မဲ့ ရိုးသားတဲ့ကြိုးစားမှုမျိုးနဲ့သာ ပုံမှန်လုပ်သင့်တာလေးတွေ လုပ်သွားမယ်ဆိုရင် ကိုယ့်ဘ၀နဲ့ကိုယ် အောင်မြင်ကြတာချည်းပါပဲ။ ဒါပေမယ့်လဲ တည်ကြည်ဖို့ ဖြောင့်မတ်ဖို့ကတော့လိုအပ်ပါသေးတယ်။ အထူးတလည် ပေါက်မြောက်အောင်မြင်ချင်တယ်ဆိုရင်တော့ စဉ်းစားတွေးခေါ်တတ်မှုနဲ့ အမြော်အမြင်ကောင်းတွေ လိုအပ်တာပေါ့။

အလိုက်သိ
အလိုက်သိတယ်ဆိုတာ အသိလိုက်နေလို့ပါပဲ။ အရာရာမှာ အသိလေး လိုက်ပေးနိုင်မယ်ဆိုရင် အလိုက်သိသူတစ်ယောက် ဖြစ်လာတာပါပဲ။

အရမ်းဆိုတာ မကောင်းပါ
အရမ်းလဲ အထင်မသေးလိုက်ပါနှင့်၊ အရမ်းလဲ အထင်မကြီးလိုက်ပါနှင့်။ အရမ်းဆိုရင် ဘယ်အရမ်းမှမကောင်းဘူး။

ကံဆိုတဲ့ ကံ
ကံဆိုတာ အကောင်းချည်းရှိတာမဟုတ်ပါ။
ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.