သင်္ကြန်တွင်း တရားစခန်းအောင်မြင်စွာဖွင့်လှစ်နိုင်

မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ

သင်္ကြန်တွင်း စတုတ္ထအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀) ရက်တရားစခန်း

အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ သင်္ကြန်တွင်းကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်တရားစခန်းကို (၁၂-၀၄-၂၀၁၁) ရက်နေ့မှ (၂၁-၀၄-၂၀၁၁) ရက်နေ့အထိ (၁၀) တိတိ အလုပ်သင် တရားစခန်းဖွင့်လှစ်ခဲ့ရာ တရားထိုင်သူယောဂီ ဦးရေ (၂၅၀) ၀င်ရောက်တရားထိုင်ခဲ့ကြသည်။ မိုးကုတ်ရိပ်သာအများစုတွင် ထားရှိသော စည်းကမ်းများအတိုင်း နေ့စဉ် တရားထိုင်ချိန် (၄)ချိန်၊ တရားနာချိန် (၄)ချိန်၊ ပေါင်း (၈)ချိန်သတ်မှတ်ကာ တရားထိုင်နည်း အလုပ်သင်စခန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ယောဂီဦးရေများလွန်း၍ လက်ရှိယောဂီဆောင်များတွင် မဆန့်သဖြင့် ဆောက်လုပ်၍မပြီးသေးသော ဆောက်လုပ်ဆဲ သုံးထပ်ယောဂီဆောင်ကြီး၏ အောက်ထပ်တွင် ယောဂီများကို ထားနိုင်အောင် အလျဉ်စလို စီစဉ်လျက် နေရာချထားပေးခဲ့ရသည်။ မူလက ယောဂီဦးရေ (၁၅၀) သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင်လိုသူဦးရေ များလာသဖြင့် (၂၅၀)အထိလက်ခံကာ ထို့နောက်ဝင်လိုသူများကိုမူ နေရာအခက်အခဲကြောင့် လက်မခံဘဲ ငြင်းပယ်ခဲ့ရသည်။ ယင်းသို့ နေရာထိုင်ခင်း အခက်အခဲပင် ရှိလင့်ကစား ယောဂီများအားလုံး မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တရားထိုင်ရသည်ကို နှစ်ထောင်းအားရ ကျေနပ်ကြကြောင်း ယောဂီအများစုက ပြန်လည်ပြောပြ၍ သိရသည်။

ဆရာတော်ဒေါက်တာအရှင်ပါရမီ ဦးစီးလျက် တရားစခန်းကို ဖွင့်လှစ်ခဲ့ရာ အလုပ်ပေးတရားတော်များကို ဆရာတော်ကိုယ်တိုင် နေ့စဉ်ဟောကြားပေးပြီး သစ္စာတရားတော်များကိုလည်း ဆရာတော်မှပင် ရက်အများဆုံးဟောကြားပေးခဲ့သည်။ အကူတရားပြဆရာတော်များအဖြစ် အရှင်ဒေ၀ိန္ဒ (သာသနာတက္ကသီလမဟာဓမ္မာစရိယ)၊ အရှင်ဣန္ဒက (ဒီပလိုမာ၊ သီတဂူဗုဒ္ဓတက္ကသိုလ်)၊ အရှင်ဝိမလ၊ အရှင်သောမ (ထားဝယ်- ဓမ္မစကြာဆရာတော်)တို့က ပံ့ပိုးကူညီဟောကြား ပြသပေးခဲ့ကြသည်။

ဆရာတော်ပြည်ပရောက်နေခိုက်တွင် ပုံမှန်တရားစခန်းများကို ပိတ်ထားခဲ့ပြီး ပြည်ပမှ ပြန်ရောက်မည့်အချိန် (၁၈-၁၁-၂၀၁၁) ရက်နေ့မှ (၂၇-၁၁-၂-၁၁) ရက်နေ့အထိ (၁၀)ရက်တရားစခန်းကို နောက်တစ်ကြိမ်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ အိုင်စီစီအာအဖွဲ့၏ ပင့်ဖိတ်ချက်အရ အဘိဓမ္မာဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၀ါဆိုရမည်ဖြစ်ပြီး ၀ါကျွတ်လျှင် လုပ်ငန်းကိစ္စများ ပြီးစီးမည်ဖြစ်၍ အမိမြန်မာပြည်သို့ ပြန်လည်ကြွရောက်လာမည်ဖြစ်သည်။ ဆရာတော် ပြန်ကြွလာလျှင် (၁၀)ရက်တရားစခန်းများကို အနဲဆုံး (၃)လတစ်ကြိမ် ပုံမှန်ဖွင့်လှစ်သွားဖို့ စီစဉ်ထားသည်။ ဆရာတော် ပြည်ပရောက်နေသော်လည်း တရားထိုင်လိုသူယောဂီများအတွက် နေ့ (၁း၃၀)နာရီမှ (၂း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို နာယူရန်နှင့် (၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ရန်အဖြစ် နေ့စဉ် သတ်မှတ်ထားသည်။ မည်သူမဆို အားလပ်သည့်နေ့တွင် သတ်မှတ်ချိန်အတိုင်း နေ့စဉ်လာရောက်၍ တရားနာခြင်း၊ တရားထိုင်ခြင်းဖြင့် ကုသိုလ်ယူနိုင်ရန်စီစဉ်ထားခြင်းဖြစ်သည်။

Comments