Friday, August 10, 2012

ရေကာတာ အုတ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းစတင်

ကျောင်းဝင်းအတွင်း ရေလျှံနေစဉ်

ဓမ္မာရုံရှေ့၌ပင် ရေများ ပြည့်လျှံလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ကို ၂၀၀၉-ခုနှစ်မှ စတင်တည်ထောင်ပြီး တရားစခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်အထိ (၇)ကြိမ်တိတိ ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ပြီး ယခုနှစ်မှစတင်၍ နှစ်လတစ်ကြိမ် ပုံမှန်တရားစခန်းများကို ဖွင့်လှစ်လာနိုင်ခဲ့ပါသည်။ နေ့ စဉ်အာစိဏ္ဏကံတရားစခန်းများကိုလည်း ပုံမှန်ဖွင့်လှစ်ထားသည်။ နေ့စဉ်လာရောတရားအားထုတ်သည့်ယောဂီများလည်း တိုးတက်များပြားလာလျက်ရှိသည်။ နေ့ (၁း၃၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို ဖွင့်ပေးပြီး(၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။ တရားထိုင်ချိန်အလုပ်ပေးတရားတော်မျာကိုလည်း ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ နေ့စဉ်နီးပါး အားလပ်သည့်ရက်တိုင်း ဟောကြားပေးလျက်ရှိသည်။ တနင်္ဂနွေနေ့ (၁း၃၀)နာရီအချိန်တွင်မူ ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ပုံမှန်ဟောကြားပေးပြီး ဥပုသ်နေ့တိုင်းတွင် နံနက် (၉း၃၀)နာရီတွင် သီလပေးပြီး အလုပ်သင်တရား သို့မဟုတ် ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ဟောကြားပေးသည်။ နေ့ (၁၂း၀၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို နာကြားကြရမှာဖြစ်ပြီး နေ့ (၁း၃၀)အချိန်တွင် သစ္စာတရားတော်များကို ဟောကြားပေးသည်။ ထုံးစံအတိုင်း (၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။
တရားတော်များကို ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာတို့မှ အလှည့်ကျ ဟောကြားပေးလျက်ရှိပါသည်။ သို့ဖြစ်၍ မိုးကုတ်တရားတော်များကို ပုံစံခွက်ပြလျက် ရှင်းလင်းပြတ်သားစွာ နာကြားလိုသူများအတွက် အလွန်ကောင်းမွန်လှပါသည်။ ဟောတရားများလည်း ထိထိမိမိ ရှိသကဲ့သို့ အလုပ်သင် အလုပ်ပေးတရားများမှာလည်း လက်တွေ့ ကျကျနန ထိုင်တတ်စေရန် စိတ်ရှည်လက်ရှည် ဟောကြားပေးသဖြင့် တရားထိုင်သည့်အတွေ့အကြုံမရှိသူများအတွက်ရော အတွေ့အကြုံရှိပြီးသူများအတွက်ပါ အဆင်ပြေလှသည်ကို တွေ့ရပါသည်။ (၂၃-၈-၂၀၁၂) ရက်နေ့မှစတင်၍ အဋ္ဌမအကြိမ်မြောက် (၇)ရက်တရားစခန်း ဖွင့်လှစ်မည်ဖြစ်သဖြင့်လည်း ယောဂီများ ကြိုတင်၍ စာရင်းများပေးသွင်းလျက်ရှိနေကြပြီဖြစ်သည်။ တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် တရားတော်များကို နာကြားခွင့် ရှိကြပါသော်လည်း (၇)တရားစခန်းများတွင် ရက်ဆက် အစဉ်အတိုင်း တက်၍တက်၍ ဟောကြားပြသသွားသည့် ဆရာတော်များ၏တရားတော်များကို နာကြားလိုက်ရသူ ယောဂီများအဖို့ အသိဉာဏ်ပိုမိုရှင်းလင်း၍လာနိုင်ပါသည်။ လက်တွေ့သင်ကြားပြသပြီး လက်တွေ့ အထိုင်ခိုင်းသဖြင့် အလုပ်သင်ဟူသည်နှင့်အညီ ၀ိပဿနာအလုပ်ကို အမှန်တကယ် လက်တွေ့ကျကျ လုပ်တတ်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ တရားစခန်းများကို လာရောက်၍ ၀င်ကြည့်ကြစေချင်ပါသည်။ မြကျွန်းသာမိုးကုတ်ရိပ်သာသည် အပြောမဟုတ်၊ လက်တွေ့အလုပ်ဖြင့် သက်သေပြလျက်ရှိသော တရားဒေသနာပြန့်ပွားရေးဌာနကြီးတစ်ခု ဖြစ်သည်ကို ကိုယ်တိုင် လာရောက် အားထုတ်ကြည့်ဖူးသူမှသာလျှင် အမှန်တကယ်သိရှိသဘောပေါက်နိုင်ပါသည်။
သို့သော် ထိုရိပ်သာ၌ အခက်အခဲတစ်ခု ရှိနေသည်မှာ ငမိုးရိပ်ချောင်းကမ်းတွင်တည်ရှိသဖြင့် ဒီရေတက်သည့်အခါ ကျောင်းတွင်းသို့ ရေလွှမ်းသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ဒီရေသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာလျက်ရှိရာ ယခင်နှစ်တွေက ရေမ၀င်နိုင်သည့် ကျောင်းဆောင်များအတွင်းသို့ပင် ရေများ ၀င်ရောက်နေသဖြင့် ထိုရေဘေးဒဏ်ကို ကာကွယ်ရန်အတွက် ရေကာတာ အုတ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းကို အပူတပြင်း စတင်လိုက်ရသည်။ ယခု သီတင်းပတ် (၁၀-၈-၂၀၁၂)ရက်နေ့မှစ၍ အလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပြီး လုပ်ငန်းများကိုလည်း စတင်လျက်ရှိနေပြီဖြစ်သည်။ မြေပေါ်မြေအောက် အမြင့် (၈)ပေ၊ အကျယ် (၈)ပေ၊ ထု (၉)လက်မ အုတ်တံတိုင်းတစ်ခန်းလျှင် (၈၀၀၀၀)ကျပ်နှုန်းဖြင့် ရှော့ပေါ့သတ်မှတ်လျက် အလှူခံဌာန စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ကြားသိရသည်။ တစ်ပေချင်း လှူဒါန်းလိုပါကလည်း (၁)ပေအကျယ် (၁၀၀၀၀)ကျပ်ဖြင့် လှူဒါန်းနိုင်ကြမည်ဖြစ်သည်။ စေတနာ သဒ္ဓါအလျောက် နည်းများမဆိုလည်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရေကာတာ အုတ်တံတိုင်းတည်ဆောက်ရမည့် ပေအရှင် (၉၀၀)ခန့်ရှိမည်ဖြစ်ပြီး အခန်းအားဖြင့် (၁၁၂)ခန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
သတင်း

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.