Tuesday, April 24, 2012

သင်္ကြန်တွင်း အထူးတရားစခန်းပွဲ


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာနတွင် အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ မထေရ်မြတ်ကြီးအား ဦးထိပ်ထားလျက်၊ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီကိုယ်တိုင် ဦးစီးဦးဆောင်ပြုလျက် ဆဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာအလုပ်သင်(၁၀)ရက် အထူးတရားစခန်းပွဲကြီးကို (၁၂-၄-၂၀၁၂)ရက်နေ့မှ (၂၁-၄-၂၀၁၂)ရက်နေ့အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယောဂီဦးရေ (၂၄၀)ရှိပြီး အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ နေ့အချိုပွဲ၊ ရေခဲမုန့်အလှူရှင်များအသီးသီးဖြင့် ပြည့်ပြည့်စုံစုံလုံလုံလောက်လောက် ရှိသဖြင့် အလှူရှင်အသီးသီး၏ စေတနာကိုလည်း ချီးကျူးဂုဏ်ပြုမိပါသည်။ ညနေပိုင်းတွင်လည်း အအေးအချိုရည်တို့ဖြင့် လှူဒါန်းကြသူများရှိသဖြင့် ယောဂီများအတွက် ပြည့်စုံလုံလောက်လျက်ရှိသဖြင့် ၀မ်းသာပီတိ ဖြစ်မိရပါသည်။ ဝေယျာဝေစ္စအဖွဲ့နှင့် အကျိုးဆောင်အဖွဲ့မှလည်း လိုအပ်သည်များကို ပြည့်ပြည့်စုံစုံဖြစ်အောင် စီမံပေး ချက်ပြုတ်ကျွေးမွေးပေးသဖြင့်လည်း အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ရသည်။ ကျန်းမာရေးအတွက်လည်း ဆရာဝန်မလေး ဒေါက်တာ သဇင်အောင်နှင့် ဒေါက်တာသီရိဆုမွန်တို့မှ စခန်းပွဲကာလအတွင်း နေ့စဉ် အခမဲ့လာရောက် ကုသလေးသဖြင့် ယောဂီများ၏ကျန်းမာရေးစောင့်ရှောက်မှုဘက်မှလည်း လိုအပ်မှုမရှိခဲ့ပါ။ တရားဒေသနာတော်များကို ဒေါက်တာအရှင်ပါရမီမှ ကိုယ်တိုင် ကြိုးစားချီးမြှင့်ပေးသဖြင့်လည်း ယောဂီများ ကျေနပ်နှစ်ထောင်းအားရ ရှိကြသည်ကို တွေ့ရပါသည်။ ထို့အပြင် အရှင်သဇ္ဇနသာရ၊ အရှင်ဉာဏုတ္တရ၊ အရှင်ဣန္ဒက၊ အရှင်ဒေ၀ိန္ဒတို့မှလည်း ကူညီဟောကြားပေးကြသဖြင့် ယောဂီများအတွက် ဆရာတော်များ၏ တရားကို တစ်နေ့တစ်မျိုး မရိုးရအောင် နာယူမှတ်သားခွင့် ရရှိကြပေသည်။
သတင်း

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.