သမုဒယသစ္စာ (၃)
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အလို သမုဒယသစ္စာအရ အဝိဇ္ဇာ သင်္ခါရနှစ်ပါးကလည်း သမုဒယသစ္စာ၊ တဏှာ ဥပါဒါန် ကမ္မဘဝတို့ကလည်း သမုဒယသစ္စာပါပဲ။ ဒုက္ခသစ္စာမသိတာဟာ အဝိဇ္ဇာ လို့ပဲ အကျဉ်းပြောကြပါစို့။ မသိသလိုပြုလုပ်တာက သင်္ခါရ။ မသိတာနဲ့ မသိတဲ့အတိုင်း မသိသလိုပြုလုပ်တာကို သမုဒယသစ္စာလို့ ဆိုလိုပါတယ်။ ဒီဘ၀ ဒီခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့အခါ နောင်ဘ၀ နောင်ခန္ဓာကိုလည်း ဒုက္ခသစ္စာလို့ သိမှာ မဟုတ်ပါဘူး။ ဒီလိုမသိတဲ့အခါမှာ ဒီဘဝဒီခန္ဓာကိုလည်း ခင်မင်၊ နောင်ဘဝနောင်ခန္ဓာကိုလည်း လိုချင်နေမှာ အမှန်ပါပဲ။ လက်ရှိခန္ဓာကို ခင်မင် နောင်ခန္ဓာကို လိုချင်မှုတွေနဲ့ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ မသိသလိုပြုလုပ်တာပါပဲ။ ကုသိုလ်သင်္ခါရတွေကြောင့် ကောင်းတဲ့ခန္ဓာ သုဂတိခန္ဓာရမယ်၊ အကုသိုလ်သင်္ခါရတွေကြောင့် မကောင်းတဲ့ခန္ဓာ ဒုဂ္ဂတိခန္ဓာရမယ်။ ဒီတော့ မသိတော့ မသိသလိုလုပ်၊ မသိသလိုလုပ်တော့ ခန္ဓာရကြောင်းဖြစ်၊ ခန္ဓာရကြောင်းဖြစ်တာဟာ သမုဒယသစ္စာပါပဲ။ ဒါကြောင့် အဝိဇ္ဇာနဲ့ သင်္ခါရဟာ သမုဒယသစ္စာလို့ ဘုရားဟောတော်မူတာပေါ့။
လက်ရှိခန္ဓာ ဒုက္ခသစ္စာလို့မှ မမြင်နိုင်ရင် ဒီခန္ဓာကို ခင်မင်မှုဆိုတာ လာမြဲပဲ။ ခင်မင်တာက တဏှာ၊ ခင်တော့ စွဲလန်း၊ စွဲလန်းတာက ဥပါဒါန်၊ စွဲလန်းတော့ ပြုလုပ်၊ ပြုလုပ်တာက ကမ္မဘဝ။ လက်ရှိခန္ဓာကိုလည်း ခင်မင်စွဲလန်းလျက် ကမ္မဘဝဆိုတဲ့ ကာယကံ ဝစီကံ မနောကံဆိုတဲ့ ကံသုံးပါးကိုလည်း အားထုတ်လျက်နေသဖြင့် ထိုကံတွေမှန်သမျှဟာ နောင်ဘ၀ နောင်ခန္ဓာရကြောင်းတွေ ပြန်ဖြစ်နေတယ်။ ဒါကြောင့်နောင်ခန္ဓာရကြောင်း ဖြစ်တဲ့အတွက် တဏှာ ဥပါဒါန် ကံတွေဟာလည်း သမုဒယသစ္စာလို့ ဟောတော်မူခြင်းဖြစ်ပါတယ်။ ဒီတော့ လက်ရှိခန္ဓာကနေ နောင်ခန္ဓာရကြောင်း သမုဒယသစ္စာတွေပေါက်ဖွားလာတယ်ဆိုရင်လည်း မလွဲပါဘူး။ လက်ရှိ ရ ထားတဲ့ခန္ဓာက ဒုက္ခသစ္စာ၊ ဒီဒုက္ခသစ္စာ ခန္ဓာငါးပါးက ထပ်မံပေါက်ဖွားလာတဲ့ တဏှာ ဥပါဒါန် ကံတွေက သမုဒယသစ္စာပေါ့။
ဝိပဿနာလုပ်ငန်းခွင်မှာ ဒီလို တဏှာ ဥပါဒါန် ကံတွေ မပေါ်အောင် ဘယ်လို အသုံးချမလဲဆိုတာမေးစရာ ရှိလာပါတယ်။ ကာမဂုဏ်အာရုံငါးတွေ့ရင် သဘာဝအရ ခင်စရာအာရုံဆို ခင်မင်မှာဖြစ်ပြီး မုန်းစရာအာရုံဆို မုန်းမိမှာဖြစ်ပါတယ်။ ခင်တော့ တဏှာ၊ မုန်းတော့ ဒေါသ။ ဒီလိုသာ သဘာဝစိတ်ကို သဘာဝအတိုင်း လွှတ်ထားလိုက်မယ်ဆိုရင် တဏှာနဲ့ ဒေါသ ကိလေသာတွေပဲဖြစ်နေပြီး ဒီကိလေသာတွေဟာ သမုဒယသစ္စာတွေပဲ ဖြစ်နေမှာပါ။ ဒီလို တဏှာ ဒေါသမလာအောင် ဘယ်လိုတားဆီးမလဲဆိုရင် မဂ်နဲ့ တားမှ ဆီးမှ ရပါလိမ့်မယ်။ အာရုံတစ်ခုခုကို မြင်လို့ တပ်မက်စရာဖြစ်စေ စက်ဆုပ်စရာဖြစ်စေ မလာအောင် အာရုံရဲ့ အရှိသဘောကိုကြည့်ပြီး အပြစ်မြင်အောင် ရှုပေးရပါတယ်။ အပြစ်ဆိုတာ ဒီအာရုံရဲ့ မမြဲတဲ့သဘော ဖြစ်ပျက်နေတဲ့သဘောပါပဲ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ တစ်ခုခုမြင်အောင် ဆင်ခြင်ပေးရတာပေါ့။ မြင်တဲ့အခါ မြင်ရတဲ့အာရုံကိုလည်း ရှုပေးလို့ရတာပါပဲ။ ဒါမှမဟုတ် မြင်စိတ်ကိုလည်း ရှုပေးလို့ရတာပါပဲ။ ကိုယ်နဲ့ အဆင်ပြေရာကို ရှုပေးလိုက်ပေါ့။ မြင်ရတဲ့အာရုံကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဆိုက်အောင် ရှု၊ သို့မဟုတ် မြင်စိတ်ကိုရှု။ မြင်စိတ်ကို သဘောမိအောင် ကြည့်လိုက်တဲ့အခါ မြင်စိတ်ဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်နေတာသာ ဖြစ်တယ်။ အကြောင်းချုပ်ရင် သူလည်းချုပ်ရတာပဲ။ အဆင်းနဲ့ မျက်စိ ဆိုတဲ့ အာရုံဒွါရတိုက်လို့သာ မြင်စိတ်ပေါ်နေခြင်းဖြစ်တယ်။ ဒီတော့ အဆင်းနဲ့ မျက်စိက အကြောင်း၊ မြင်စိတ်က အကျိုး။ အကြောင်းသိမ်းရင် အကျိုးသိမ်းတာပါပဲ။ အကြောင်းပျက်ရင် အကျိုးလည်း ပျက်တာပါပဲ။ မြင်စိတ်ဟာ ငါမြင်လိုက်တာမဟုတ်ပါလား။ မြင်စိတ်ကလေး ပေါ်လာတာပါလားလို့ ဆင်ခြင်လိုက်နိုင်ရင် မြင်စိတ်အပေါ်မှာမှီပြီး ငါမြင်တယ်ဆိုတဲ့ ငါစွဲပြုတ်ပါတယ်။ မြင်စိတ်အပေါ်မှာ ငါစွဲဆိုတာ သက္ကာယဒိဋ္ဌိ။ မြင်စိတ်က သက္ကာယ၊ ငါစွဲက ဒိဋ္ဌိ၊ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အပါယ်ပို့တယ်ဆိုတာ သက္ကာယက ပို့တာမဟုတ်ဘူး၊ မြင်စိတ်က ပို့တာမဟုတ်ဘူး။ ဒိဋ္ဌိဆိုတဲ့ ငါစွဲက ပို့တာ။ ဒီတော့ ဒီလို အပါယ်ပို့မယ့် ဒိဋ္ဌိကိလေသာမဝင်အောင် အမှန်မြင်ဖို့လိုပါတယ်။ ဒိဋ္ဌိဝင်နေလို့ ငါစွဲထင်နေသမျှတော့ မြင်လျှင် ခင်မှာပါပဲ၊ ခင်လျှင် စွဲလန်းမှာပါပဲ။ စွဲလန်းတော့ အားထုတ်။ ဒီလိုနဲ့ တဏှာ ဥပါဒါန် ကံတွေဖြစ်၊ ဒါတွေဟာ နောင်ခန္ဓာရကြောင်းတရားတွေဖြစ်လို့ သမုဒယသစ္စာ။ မြင်စိတ်ကို အကဲခတ်လိုက်တော့ အကြောင်းကြောင့် ပေါ်လာတဲ့အကျိုးတရားပဲ။ အာရုံဒွါရတိုက်လို့ ပေါ်လာတာပဲ။ ဘယ်သူ့ကြောင့်မှ ပေါ်လာတာမဟုတ်ဘူး။ သူ့အကြောင်းကြောင့်သာလျှင် ပေါ်လာရတာဖြစ်တယ်။ ဖန်ဆင်းရှင်ကြောင့်ပေါ်လာရတာ ဘာညာဆိုတာတွေ မဟုတ်ဘူး။ အကြောင်းကိုသိတော့ ဒီလိုအယူတွေရှင်းသွားတယ်။ သံသယကင်းသွားတယ်။ ဒီလို သံသယကင်းတော့ သံသယစိတ် ဝိစိကိစ္ဆာ စင်တယ်။ မြင်စိတ်ကို အကဲခတ်ရင်းမှာပဲ မြင်စိတ်လေးဟာ ပျက်ချိန်တန်တော့ ပျက်သွားတာ တွေ့လိုက်ရတယ်ဆိုရင် မြင်စိတ်ကလေး ပေါ်တာလည်းသိ၊ ပျက်တာလည်း သိတယ်။ ငါပေါ်တာမဟုတ်၊ ငါ့စိတ်ပေါ်လာတာလည်းမဟုတ်၊ မြင်စိတ်ပေါ်လာတာသာဖြစ်သလို ငါပျက်တာလည်း မဟုတ်၊ ငါ့စိတ်ပျက်တာလည်း မဟုတ်၊ မြင်စိတ်ပျက်တာသာဖြစ်တယ်။ ဒီလို အမြင်ရှင်းနေရင် မြင်စိတ်အပေါ်မှာ ငါစွဲဝင်စရာ အကြောင်းမရှိတော့ သက္ကာယဒိဋ္ဌိစင်တယ်။ အကြောင်းအကျိုးသိတော့ ဝိစိကိစ္ဆာ စင်တယ်။ ဖြစ်တာကိုသိတော့ မပြတ်လို့ဖြစ်တာ၊ ပြတ်ရင်မဖြစ်ဘူး။ အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ ပျက်တာကိုသိတော့ မမြဲလို့ပျက်တာ၊ မြဲရင်မပျက်ဘူး။ သဿတဒိဋ္ဌိစင်တယ်။ ဒီတော့ ဖြစ်ပျက်မြင်နေရင် ဒိဋ္ဌိ ဝိစိကိစ္ဆာ စင်နေတယ်။ ဒီဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတာဟာလည်း ကိလေသာတွေပါပဲ။ ကိလေသာတွေဆိုတာဟာလည်း နောင်ခန္ဓာရကြောင်းတွေဖြစ်လို့ သမုဒယသစ္စာပါပဲ။ ဖြစ်ပျက်မြင်နေသမျှ မြင်စရာအာရုံအပေါ်မှာလည်း ခင်မင်စွဲလန်းမှာမဟုတ်တော့သလို မြင်စိတ်အပေါ်မှာလည်း ခင်မင်စွဲလန်းမှာမဟုတ်တော့ဘူး။ ဖြစ်လိုက် ပျက်လိုက်နဲ့ အပြစ်ကိုသာ မြင်နေတဲ့အတွက် ခင်မင်စရာ တဏှာဆိုတာမလာတော့ဘူး။ ဒါပေမဲ့ ဒေါသတော့ မလာနိုင်ဘူးလားဆိုရင် ဒေါသကလည်း ဖြစ်ပျက်နောက်က ဖြစ်မှန်းပျက်မှန်းသိနေတဲ့ ဉာဏ်လိုက်နေတော့ လာခွင့်မရရှာပါဘူး။ ဒါကြောင့် လောဘ ဒေါသတွေလာခွင့်မရအောင် မြင်စိတ်နောက်က သိနေတဲ့ဉာဏ်စိတ်ပေါ်အောင် အားထုတ်နေမယ်ဆိုရင် လောဘ ဒေါသ ကိလေသာတွေ ငြိမ်းနေပါတယ်။ တဏှာ ဥပါဒါန် ကံတွေ ချုပ်နေပါတယ်။ တဒင်္ဂချုပ်ငြိမ်းနေတာပေါ့။ မဂ်ဝင်နေခိုက် ချုပ်ငြိမ်းနေတယ်။ ဒီလို ကိလေသာ ချုပ်ငြိမ်းနေအောင် ဖြစ်ပျက် မဂ်ကိုက်အောင်လုပ်နေဖို့ လိုအပ်ပါတယ်။ မြင်စိတ်က ဖြစ်ပျက်၊ သိတာက မဂ်။ ဒီလိုလေး ကိုက်နေတာကို ဆိုလိုပါတယ်။ မြင်စိတ်က ဖြစ်ပျက်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ။ သိတာက မဂ်၊ မဂ္ဂသစ္စာ။ ဒီလို ဖြစ်ပျက်မဂ်ကိုက်နေတဲ့အချိန်မှာ မဂ်ဝင်နေခိုက် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာတွေ သေနေမှာဖြစ်ပြီး မဂ်နေရာ လာမယ့် တဏှာ ဥပါဒါန် ကံတွေလည်း မလာသောအားဖြင့် ချုပ်နေပါတယ်။ ဒါဟာ ဖြစ်ပျက် မဂ် ကိုက်နေအောင် လုပ်ရခြင်းရဲ့ အကျိုးတရားတွေပါပဲ။ အခုရှင်းပြလိုက်တာက မြင်စိတ်ကို အခြေခံပြီး ရှင်းပြလိုက်တာပါ။ ဒီနည်းအတိုင်း ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်တွေ တွေးတောစိတ်တွေကိုလည်း ဖြစ်ပျက်သာ ရှုပေးလိုက်ပါ။ ကိလေသာဆိုတဲ့ သမုဒယသစ္စာဟာ မဂ်အောက်မှာ ပြားပြားဝပ်ပြီး သေနေပါလိမ့်မယ်။ ရုပ်ရှုရှု ဝေဒနာရှုရှု ဒီအတိုင်းပဲ ကိလေသာတွေ သေနေပါလိမ့်မယ်။ ဒါကြောင့် မဂ်ဟာ ကိလေသေ မာရေန္တီတိ မဂ္ဂေါ- ဆိုတဲ့အတိုင်း ကိလေသာကိုသတ်ပေးပါတယ်။ နိဗ္ဗာန်သို့ ရောက်အောင်လည်း ပို့ပေးပါတယ်။ ဒီလိုသာ မဂ်နဲ့ မသတ်ဘူးဆိုရင် ပေါ်လာတဲ့ ကိလေသာတွေဟာ သမုဒယသစ္စာဖြစ်နေပါတယ်။ နောင်ခန္ဓာရကြောင်းတွေ ဖြစ်နေပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.