Wednesday, October 19, 2011

သုရာမေရယကံအကြောင်း

သုရမေရယဆိုတာက သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်) အရက်သေစာ= သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ (LSD)၊ ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ= သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊ သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ၊ အကျိုးပျက်ပြားစေသောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။ အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်းမိတတ်ပါတယ်။ ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။ အစ်ကို၊ ညီ၊ အစ်မ၊ ညီမဆိုတာကိုလည်းမသိ၊ ကုသိုလ်ဆိုတာလည်းမသိ၊ အကုသိုလ်ဆိုတာကိုလည်းမသိခြင်းကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်၊ နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊ လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။ အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့် မလုပ်ဝံ့သော အကုသိုလ်၊ မလုပ်သင့်သော အကုသိုလ်ဆိုတာကိုလည်းမသိပါ။ ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင် ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ “အရက်သမား အမှားတစ်ရာ” ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊ အမှားမျိုးစုံ၊ ရာဇဝတ်မှုအပါအဝင် မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ၊ သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ်၊ မသိတတ်ပါဘူး။ ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။ သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။ သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေကတော့ (၁)။ သတိကင်းလွတ်ခြင်း။ (၂)။ အရှက်မရှိခြင်း၊ (၃)။ အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားတတ်ခြင်း။ (၄)။ ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။ (၅)။ မကောင်းသတင်းပျံ့နှံ့ခြင်း၊ ကျက်သရေမရှိခြင်း။ (၆)။ ရောဂါများခြင်း။ (၇)။ ကိုယ်လက်အင်္ဂါတုန်ခြင်း။ (၈)။ မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။ (၉)။ လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။ (၁၀)။ စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။

ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီး သတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး ဖော်ပြချင်ပါတယ်။ ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။ အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။ အောက်ထစ်ဆုံး အသားမပါရင်တောင် ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။ အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။ တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။ အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။ မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကို အင်မတန်မှချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကို ဘုရင်ကြီးရင်ခွင်ထဲကို ထည့်ပေးလိုက်ပါတယ်။ မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။ အဲဒီအခါကျမှာ စားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။ မင်းကြီးလည်း အရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကို ချက်ချင်းသိလိုက်ပါတယ်။ အသားဟင်းဘယ်မလဲဟုဆိုကာ ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်း ဒီလောက်ရှားလိုက်ကွာဟုဆိုကာ ရင်ခွင်ထဲမှ သားတော်လေးကို လည်ပင်းလိမ်ချိုးပြီး ဒါကိုချက်ခဲ့ဟုဆိုတာ၊ ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊ သားတော်လေးရဲ့အသားကို မြည်းလိုက်နဲ့ စည်းစိမ်ယစ်ပြီး အိပ်ပျော်သွားပါတယ်။ မနက်မိုး လင်းတော့ အမူးပြေသဖြင့် ငါ့သားတော်လေးကိုခေါ်ခဲ့ဟု တောင်းခံပါတယ်။ ဒီအခါမှ မိဖုရားကြီးက ရှိုက်ကြီးတငင်ငိုကြွေးပြီး အဖြစ်ပျက်အားလုံးကို လျွှောက်တင်လိုက်ပါတယ်။ ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော ဆင်းရဲကို ခံရပါတော့တယ်။ အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့ အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အဲဒီအခါကျမှ ဘုရင်ကြီး အရက်ပြတ်သွားပါတယ်။ ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့် မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။

ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။ မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကို မှားနေကြပါတယ်။ မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့် အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။ အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေ ကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများရှိနေကြပါတယ်။ ပျော်လို့ပဲသောက်သောက်၊ စိတ်ညစ်လို့ပဲသောက်သောက်၊ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲသောက်သောက်၊ အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာ အပ်ဖျားလောက်မှပင် မပေးတတ်ပါ။ ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။ ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။ ထိုထိုသော အပြစ်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ့ အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။

အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာ တက္ကသိုလ်)

Friday, October 14, 2011

မုသာဝါဒကံအကြောင်း

ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ ရယ်မြူးလို၍ ပြောဆိုပြုမူခြင်းများမှာ မုသာဝါဒကံမြောက်တယ်။ ဒါပေမယ့် အပြစ်သေးတယ်။ မုသာဝါဒကံကိုလွန်ကျူးမိရင်တော့ (၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊ (၂) သွား မညီမညွတ် ရှိခြင်း၊ (၃) နား မချမ်းသာသော အသံ ရှိခြင်း၊ (၄) ၀လွန်းဆူလွန်းခြင်း၊ (၅) ပိန်လွန်း သေးလွန်းခြင်း၊ (၆) နိမ့် ပုလွန်းခြင်း၊ (၇) မြင့် ရှည်လွန်းခြင်း၊ (၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊ (၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ (၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊ (၁၁) သူတပါးတို့မယုံကြည်ခြင်း၊ (၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊ (၁၃) လျှပ်ပေါ်တတ်ခြင်း၊ (၁၄) မိုက်မဲ တွေဝေခြင်း၊ (၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊ (၁၆) ကြောက်ရွံ့တတ်ခြင်း။ (ခုဒ္ဒပါဌ အဋ္ဌကထာ) ထို ဆိုးကျိုးများအပြင် သေလွန်သည့်အခါ အပါယ်လေးပါးသို့ရောက်ရခြင်းဆိုတဲ့ ဆိုးကျိုးများစွာကိုရစေပါတယ်။ မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။ သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။ ကိုယ်အသားအရေ စိုစိုပြေပြေမရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ ပုံဟန်သွင်ပြင် မလှပပဲ ဆိုး ၀ါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။ သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းထော်၊ လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ယခုခေတ် ထိုထိုသော အင်္ဂါရပ်တွေနဲ့ညီနေတဲ့ပုဂ္ဂိုလ်များကို မုသာဝါဒ၏ ဒဏ်ချက်သင့်နေသူများအဖြစ် ယူဆနိုင်ပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အားလုံးသိတဲ့အတိုင်းပါ။ မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်လိမ်ညာပြီး စွပ်စွဲခဲ့တဲ့ စိဉ္စမာဏဝိကာ ဟာ ပုဆိုးကြမ်းကို ဝမ်းမှာရစ်ပတ်ပြီး ပျဉ်ချပ်ဖုံးအုပ်၍ ကိုယ်ဝန်ပြုလုပ်ကာ မြတ်စွာဘုရားရှင်ကို ပရိတ်သတ်အလည်မှာ မဟုတ်မမှန်လိမ်ညာပြီး စွပ်ခဲ့တာပါ။ ထိုထိုသို့သော လိမ်ညာလှည့်ပတ် မုသားဆိုခဲ့တဲ့ အကုသိုလ်ကံကြောင့် အဝီစိငရဲကိုကျရောက်ခဲ့တာဟာ မုသာဝါဒ ကံကြောင်ြ့ဖစ်ပါတယ်။ မုသာဝါဒ ကံကြောင့် အပါယ်လေးပါးရောက်ရခြင်းစတဲ့ဆိုးကျိုးတွေကိုပေးတဲ့ ဝတ္ထုတွေအများကြီးရှိပါတယ်။ မုသာဝါဒ မဟုတ်မမှန် မုသားစကား ပြောဆိုမှုကြောင့် မြေမြိုခံရတဲ့ စေတိယမင်းအကြောင်းကိုနဲနဲပြောပြချင်ပါတယ်။ ဒါက မြတ်စွာဘုရားဟောတော်မူတဲ့ စေတိယဇာတ်မှာလာပါတယ်။ ထိုစေတိယမင်းက တန်ခိုးနဲ့ပြည်စုံပါတယ်။ နတ်သားလေးယောက်က သန်လျက်စွဲကိုင်ပြီး အရပ်လေးမျက်နှာမှစောင့်ရှောက်ခြင်းဆိုတဲ့ အခြံအရံရှိပါတယ်။ ကောင်းကင်သို့လိုသလို စိတ်ကြိုက်သွားလာနိုင်တဲ့ တန်ခိုးလည်းရှိပါတယ်။ ခန္ဓာကိုယ်က စန္ဒကူးရနံ့သင်းပျံ့နေပါတယ်။ ခံတွင်းကလည်း ကြာညိုရနံ့သင်းပျံ့တဲ့အထိ တန်ခိုးကြီးတယ်လို့ဆိုရမှာပါ။ ထိုစေတိယမင်းမှာ ကပိလ အမည်ရှိတဲ့ ပရောဟိတ်ပုဏ္ဏားတစ်ယောက်ရှိပါတယ်။ ထိုပရောဟိတ်ပုဏ္ဏားမှာလည်း ကောရကလဗ္ဗအမည်ရှိတဲ့ ညီတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စေတိယမင်းက ငယ်စဉ်ပညာသင်ဖက်ဖြစ်တဲ့ ပရောဟိတ်ပုဏ္ဏားကြီး ကပိလရဲ့ညီဖြစ်သူ ကောရကလဗ္ဗ ကို ကတိတစ်ခုပေးခဲ့ပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ စေတိယမင်းက ငါဘုရင်ဖြစ်တဲ့အခါ မင်းကို ပရောဟိတ်ရာထူးပေးမယ်ဆိုတဲ့ ကတိကို ကပိလ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ညီတော် ကောရကရဗ္ဗကိုပေးခဲ့တာပါ။ ဒါနဲ့ စေတိယမင်း ဘုရင်ဖြစ်တဲ့အခါရောက်တော့ ကပိလ ပုရောဟိတ်ပုဏ္ဏားကြီးကို အသက်အရွယ်ကြောင့်အရိုသေ ပေးနေရတုန်းပါ။ ပုဏ္ဏားကြီးက အဲဒါကိုမှတ်ပြီး စေတိယမင်းက အရွယ်တူတို့နှင့်တကွ ချမ်းသာခြင်းကိုဆောင်ခြင်းက ပိုပြီးတင့်တယ်ပါတယ်။ ငါက အိုမင်းနေပြီ။ ဒါကြောင့် ရသေ့ပြုတာကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ပြီး စေတိယမင်းကို မင်းကြီး အကျွန်ုပ်သည်ကားအိုမင်းနေပြီ။ ကျွန်ုပ်၏သားဖြစ်သူကို ပုရောဟိတ်အရာပေးလိုက်ပါ။ ကျွန်ုပ်ကတော့ ရဟန်းပြုတော့မယ်ဆိုပြီး မင်းထံခွင့်တောင်းပြီး ရဟန်းပြုပြီး သားကို ပရောဟိတ်အရာမှာထားလိုက်ပါတယ်။ ညီဖြစ်သူ ကောရကလဗ္ဗက သူ့ကိုပရောဟိတ်အရာ မပေးလို့ဆိုပြီး အစ်ကိုဖြစ်သူကို ရန်ငြိုးဖွဲ့ပါတယ်။ တစ်နေ့တော့ စေတိယမင်းနဲ့ ကောရကလဗ္ဗတို့တွေဆုံတော့ ကောရကလဗ္ဗ၊ သင်သည်ကား ပုရောဟိတ်အရာကို မပြုလော- ဟုမေးတော့ အရှင်မင်းကြီး ကျွန်ုပ်ကား ပုရောဟိတ်ရာထူးကိုမရပါ။ အစ်ကိုဖြစ်သူက သူ့သားအားပေးပြီး ရဟန်းပြုနေတာပါလို့လျှောက်တော့ စေတိယမင်းက ကောရကလဗ္ဗကို ပုရောဟိတ်ရာထူးမှာ မင်းနေပါလို့ပြောပါတယ်။ ကောရကလဗ္ဗကလည်း မင်းကြီး အနွယ်ကနေ ဆင်းသက်လာတဲ့ရာထူးကို ကျွန်ုပ်အစ်ကိုကြီးကို ပယ်ပြီး ကျွန်ုပ် အဘယ်ကဲ့သို့ ပုရောဟိတ်ရာထူးမှာတည်မှာလဲလို့ ပြန်လည်လျှောက်ထားပါတယ်။ စေတိယမင်းကလည်း ရဟန်းပြုသွားတဲ့အစ်ကိုကြီးကို ညီဖြစ်အောင်၊ ညီကို အစ်ကိုဖြစ်အောင် မုသားသုံးပြီး ကောရကလဗ္ဗကိုပုရောဟိတ်ရာထူးရအောင်လုပ်ပေးမည်ဟုကတိပေးလိုက်ပြန်ပါတယ်။ ထိုအချိန်ကာလက လူတွေက မုသားစကားကို ပြောလေ့မရှိသလို မှန်သောစကားကိုသာသုံးစွဲလေ့ရှိတဲ့ခေတ်ပါ။ မုသာဝါဒဆိုတာကိုလည်း မသိသေးတဲ့ခေတ်ပါ။ အဲလို ကောရကလဗ္ဗနဲ့ စေတိမင်းတို့တိုင်ပင်တာကိုကြားတဲ့ ပုရောဟိတ်အသစ် ကပိလသားက ဖခင်ပုရောဟိတ်အဟောင်းရသေ့ကြီးထံကို သွားပြီး “ဖခင်”မင်းကြီးကတော့ မုသားသုံးပြီး အကြီးကို အငယ်၊ အငယ်ကိုအကြီးပြုပြီး ပုရောဟိတ်ရာထူးကိုလွှဲတော့မယ်ဆိုတဲ့အကြောင်းကို ဖခင်ရသေ့ကြီးထံသွားရောက်ပြောကြားပါတယ်။ မုသားပြောမယ့်နေ့ကိုရောက်တော့ လူတွေကလည်းဝိုင်းအုံးကြည့်နေခိုက်၊ ရသေ့ကြီးကရောက်လာပြီး မင်းကြီး အသင်မင်းကြီးက အငယ်ကိုအကြီးပြုပြီး ပုရောဟိတ်ရာထူးကိုပေးမည်ဆိုတာမှန်ပါသလားလို့မေးတော့ မင်းကြီးက ဆရာ..မှန်ပါတယ်။ မင်းကြီး မုသားစကားက အင်မတန်အပြစ်ကြီးလေး၏။ ဂုဏ်ကျေးဇူးကိုဖျတ်ဆီးတတ်၏။ အပါယ်လေးပါးတို့၌ဖြစ်တတ်၏။ မင်းသည်ကား မုသားကိုဆိုခြင်းသည် တရားကိုသတ်တာဖြစ်ပါတယ်လို့ဆုံးမတာကိုမနာခံပဲ၊ ရသေ့ သင်ကားညီဖြစ်ပါတယ်။ ကောရကလဗ္ဗကား အစ်ကိုဖြစ်ပါတယ်ဟုပထမအကြိမ် လူပရိတ်သတ်ရှေ့မှာ မုသားဆိုလိုက်တာ အစောင့်အရှောက်နတ်သားလေးပါးကွယ်ပျောက်ခြင်း၊ ခန္ဓာကိုယ်မှ မကောင်းသောအနံ့၊ ခံတွင်းမှ ကြက်ဥပုပ်နံ့ထွက်ခြင်း၊ ဈာန်တရားတို့ကွယ်ပျောက်၍ ကောင်းမှလျော့ကျပြီး မြေ၌တည်ခြင်းဆိုတဲ့ဆိုးကျိုး၊ ဒုတိယအကြိမ် မုသားသုံးမှုကြောင့် ဖမျက်တိုင်အောင် မြေသို့ဝင်ခြင်း၊ တတိယအကြိမ် မုသားကြောင့် ပုစစ်တိုင်အောင်မြေသို့ဝင်ခြင်း၊ စတုတ္ထအကြိမ် ရသေ့ကြီးသင်ကားညီ၊ ကောရကလဗ္ဗက အစ်ကိုဖြစ်တယ်ဟု မုသားဆိုခြင်းကြောင့် ခါးတိုင်အောင်မြေသို့ဝင်ခြင်း၊ ထိုသို့ခုနစ်ကြိမ်တိုင်အောင် မုသားဆိုခြင်းကြောင့် အဝီစိမှမီးလျှံများတက်လာပြီး စေတိယမင်းကို ဝါးမြိုသွားတာဖြစ်ပါတယ်။ ဒါကြောင့် မုသား မပါလင်္ကာမချောဆိုတဲ့ အသုံးအနှုန်းအမှားကြီးကိုပယ်ဖျောက်ပြီး မုသားစကားကို ပျက်ရယ်မျှပင်မပြုစေဖို့တိုက်တွန်းလိုတာပါ။ မြတ်စွာဘုရားရှင် ရာဟုလာကိုဆုံးမတာရှိပါတယ်။ မုသားစကားကို ရယ်မောဖွယ်ဖြစ်အောင်ပင်မပြောပါနဲ့တဲ့၊ ဘာလို့လဲဆိုတော့ မုသာဝါဒကိုကျူးလွန်းသူတစ်ယောက်က ကျန်သော အကုသိုလ်များကို မပြုလုပ်ဝံ့တဲ့ အကုသိုလ်ဆိုတာမရှိခြင်းကြောင့်ဖြစ်ပါတယ်။ မှန်ပါတယ်။ မုသားစကားကို ပြောရဲတဲ့သူက မလုပ်ရဲတဲ့အကုသိုလ်ဆိုတာ အမှန်ပင်မရှိတာပါ။ အကုသိုလ်မှန်သမျှကို မုသားပြောရဲသူက လုပ်ဆောင်ရဲတာပါ။ ဒါကြောင့် အားလုံးသော သူများကိုလည်း အင်မတန်ကြောက်စရာကောင်းတဲ့မုသာဝါဒကံကို အသက်ထက်ဆုံးရှောင်ကြဉ်စေလိုတာကြောင့် မုသာဝါဒကံအကြောင်းကို တင်ပြလိုက်တာပါ။ မုသာဝါဒကံကိုလုံခြုံရင် အထက်ကဆိုးကျိုးတို့ရဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။ အားလုံးလိုက်နာနိုင်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။ မုသာဝါဒကံအပါအဝင် ငါးပါးသီလကို အသက်ထက်ဆုံး တည်အောင် စောင့်ထိန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Monday, October 10, 2011

ကာမေသုမိစ္ဆာစာရကံအကြောင်း

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့် ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။ ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည် (၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။ (၂)။ မိန်းမဖြစ်ရခြင်း။ (၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။ (၄)။ အများ အမုန်းခံရခြင်း။ (၅)။ ရန်သူများခြင်း။ (၆)။ စိုးရိမ်ကြောင့်ကြ များရခြင်း။ (၇)။ ချမ်းချမ်းသာသာ မနေရခြင်း။ (၈)။ ချစ်သူနှင့် ကွဲရခြင်း။ (၉)။ မျက်နှာ မကြည်မလင် မရွှင်ပြခြင်း စသော ဆိုးကျိုးများကိုရရှိစေပါတယ်။ ယခုခေတ်မှာ မလိုမုန်းထားသူပေါများနေတဲ့သူ၊ ရန်သူလဲများတဲ့သူ၊ လာဘ်လာဘရှားပါး တိတ်ဆိတ်တဲ့သူ၊ ချမ်းသာမှု ကင်းဆိတ်တဲ့သူ၊ လျှပ်ပေါ်လော်လီနေသော မိန်းမဖြစ်ရတ့သဲူ၊ မိန်းမမဟုတ် ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ၊ ယောက်ျားလျာ) ဖြစ်ရတဲ့သူ၊ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား ဖြစ်နေတဲ့သူ၊ မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတဲ့သူ၊ ရုပ်ဆင်းအင်္ဂါ လက္ခဏာချို့ယွင်းသေးသိမ်တဲ့သူ၊ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်တဲ့သူ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းနေတဲ့သူ စသည်ဖြင့် ထိုထိုသို့သော ပုဂ္ဂိုလ်များသည် ကာမေသုမိစ္ဆာစာရကံရဲ့ လွှမ်းမိုးမှုတစ်စိပ်တစ်ဒေသ ရှိနေတယ်လို့ ယူဆမည်ဆိုက ယူဆနိုင်ပါတယ်။

ရှေးတုန်းက ဧရကစ္ဆ ဆိုတဲ့မြို့လေးတစ်မြို့မှာ ရွှေပန်းထိမ်လုပ်ငန်းလုပ်ပြီး ချမ်းသာ ကြွယ်ဝနေသူ လုလင်တစ်ယောက်ရှိပါတယ်။ ပန်းထိမ်လုလင်လေးက ပစ္စည်းလည်းကြွယ်ဝတယ်၊ အရွယ်ကလည်းကောင်းနေတော့ အပျော်အပါးများလှပါတယ်။ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ၊ ရုပ်ရည် ချောမောသော မည့်သည့်မိန်းမ မဆို ထိုလုလင်လေးနှင့်လွတ်ကင်းသောမိန်းမဆိုတာ မရှိသလောက်ပါပဲ။ ထိုထိုသော မိန်းကလေးများနှင့် ဖောက်လွဲဖောက်ပြန်မှားယွင်းတဲ့ အကျင့်ကိုကျင့်တာပါ။ အဲလိုအပျော်အပါးနဲ့ပျော်ပါးပြီး ကောင်းမှုကုသိုလ်ကလည်းမရှိ၊ တရားလက်လွတ်ပြီးသေတော့ အဲဒီအကုသိုလ်ကံကြောင့် ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ငရဲကိုကျရောက်ခြင်းဆိုတဲ့ ဆိုးကျိုးတစ်ခုခံခဲ့ရပါတယ်။ ငရဲကနေလွတ်လာ ပြန်တော့လည်း တစ်ခါ တိရိစ္ဆာန်ဘဝ (မျောက်ဘဝ)ဖြစ်ရပြန်တယ်။ မျောက်ကလေးခုနစ်နှစ်သား အရွယ်ရောက်လာတော့ သင်းအုပ်မျောက်ကြီးရဲ့ သင်းကွတ်ခြင်းကိုခံရပြန်တယ်။ မျောက်ဘဝကနေ သေတော့ တစ်ခါ ဆိတ်ဘဝရောက်ရပြန်တယ်။ အဲဒီဘဝကိုလွန်ပြန်တော့ နွားဘဝရောက်ပြန်တော့လည်း တစ်နှစ်သားအရွယ်မှာ သင်းကွတ်ခြင်းကိုခံရပြန်ပါတယ်။ ပြီးတော့ မျက်စေ့လည်းကန်းရပြန်တယ်။ မျက်စေ့ကန်းပြီး မကျန်းမမာဖြစ်သော်လည်း ထွန်ဆွဲရ လှည်းရုန်းရတဲ့ အလုပ်ကြမ်းများကို မနားမနေလုပ်ရပါတယ်။ ဒါက ထိုကံကိုလွန်ကျူးမိတဲ့သူများ ခံစားရတဲ့ဆိုးကျိုးတွေထဲက အပါယ်လေးဘုံသို့ကျရောက်တဲ့ဆိုးကျိုးပါ။

ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးတွေဆက်တိုက်ဆိုသလို နလန်မထူနိုင်အောင်ခံနေရတာပါ။ အဲဒီဆိုးကျိုးတွေမကုန်သေးပါဘူး။ အဲဒီနွားဘဝကနေ စုတိပြန်တော့ ကျွန်မတစ်ဦးရဲ့သား ဖြစ်ရပါတယ်။ သားဆိုသော်လည်း ကာမေသုမိစ္ဆာစာရ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ ယောင်္ကျားမဟုတ် မိန်းမမဟုတ်၊ နပုံးပဏ္ဍုက်သာဖြစ်ရတာပါ။ ယောင်္ကျားစစ်စစ်၊ တည်ကြည်ခန့်ညားတဲ့ ယောင်္ကျားမျိုးမဟုတ်ပါဘူး။ ဒါနဲ့ နေလာလိုက်တာ အသက်အားဖြင့် သုံးဆယ်လောက်ရောက်တော့ သေဆုံးသွားပြီး အင်မတန်မှ ဆင်းရဲမွဲတေတဲ့ လှည်းကူလီကြီးရဲ့သမီးဖြစ်ရပြန်တယ်။ ထိုလှည်းကူလီကြီးရဲ့ လှည်းကုန်သည်ကြီးက ထိုလှည်းကူလီထံမှ သမီးကို အကြွေးနဲ့သိမ်းပိုက်လိုက်ပါတယ်။ ထိုမိန်းကလေး အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ လှည်းကုန်သည်ကြီးရဲ့သားက ချစ်လှပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်ပါတယ်။ ခင်ပွန်းသည်နှင့် မယားကြီး စိတ်ကြည်သာကြပါစေဆိုပြီး ဝတ္တရားကျေပွန်အောင်နှိမ့်ချရိုကျိုးသော စိတ်ထားဖြင့် ဘယ်လိုပင် ပြုစုလုပ်ကျွေးငြားသော်လည်း ချစ်ခင်မှုကို နည်းနည်းလေးမှပင်မရပါ။ အမုန်းသာအဖက်တင်ခဲ့ရပါတယ်ဆိုတဲ့ ထိုကံရဲ့ဆိုးကျိုးတွေထဲက အများအမုန်းခံရခြင်းဆိုတဲ့ဆိုးကျိုးကိုရလိုက်တာပါ။

အဲဒီဘဝကနေစုတိပြန်တော့ မြတ်စွာဘုရားရှင်လက်ထက်တော်မှာ ဥဇ္ဇေနီ ပြည်မှာ ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး၏ တစ်ဦးတည်းသော သမီးဖြစ်ရပါတယ်။ အရွယ်ရောက်လာတော့ သာကေတ သူဌေးသားနှင့် လက်ထပ် ထိမ်းမြားရပါတယ်။ ခင်ပွန်းသည်၊ ခင်ပွန်းသည်နှင့်ပတ်သတ်သမျှသော မိဘ၊ မောင်နှမ၊ ဆွေမျိုးများပါမကျန်ရအောင် ပေးတန်သည်ကိုပေး၊ ကျွေးတန်သည်ကိုကျွေးပါသော်လည်း မျက်နှာကောင်းမရခြင်းဆိုတဲ့ဆိုးကျိုးအပြင်၊ လင်ပစ်ပါခံရပြန်တယ်။ ထိုနည်းဖြင့်ပင် အိမ်ထောင်သုံးဆက်တိုင်တိုင် လင်ပစ်မ ဘဝနှင့် ဒုက္ခလှလှကြီးရောက်ခဲ့ရခြင်းဆိုတဲ့ ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တဲ့ ချစ်ရသူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဆိုးကျိုးကို ရရှိခံစားရတာပါ။ လူချမ်းသာ ပန်းထိမ်လုလင်ဘဝက ငွေကိုရေလိုသုံးကာ ပျိုသော အိုသော လင်ရှိသော လင်မရှိသော ချောမောလှပတဲ့မိန်းကလေးမှန်သမျှနဲ့ ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးကတော့ ယခုပြောပြထားတဲ့ဆိုးကျိုးတွေပါပဲ။

ဒီကံက အလွန်ပင်လွန်ကျူးဖို့လွယ်ပါတယ်။ အဓိက ပြောချင်တာက ပိုက်ဆံအင်မတန်ချမ်းသာတဲ့ ယောင်္ကျားများ၊ ပိုက်ဆံအင်မတန်ချမ်းသာတဲ့မိန်းမများ ထိုထိုသို့သော ပုဂ္ဂိုလ်များ ကျူးလွန်ဖို့လွယ်သလို၊ ငွေနောက်လိုက်နေသော ယောင်္ကျားများမိန်းမများ နဲ့ အချောင်စိတ်များတဲ့ ပုဂ္ဂိုလ်များ အထူးသတိပြုစေချင်ပါတယ်။ ထိုမှကြွင်းသော သူများလည်း လုံးဝ မလွန်ကျူးမိစေဖို့ အထူးတိုက်တွန်းလိုတာပါ။ ယခု ပန်းထိမ်သည် လုလင်လေး ဘဝဆက်တိုင်းယုတ်ညံ့ပြီး ဒုက္ခရောက်ခဲ့တာကြည့်ခြင်းအားဖြင့် ထိုကံက အလွန်ပင်ကြောက်စရာကောင်းလှတယ်ဆိုတာ သေချာပါတယ်။ နောက်ဆုံးဘဝမှာ ထိုလုလင်တစ်ဖြစ်လဲ သူဋ္ဌေးသမီးလေးက အဆွေခင်ပွန်းကောင်းဖြစ်တဲ့ ဇိနဒတ္တာထေရီမနှင့်တွေ့ဆုံပြီး ဘိက္ခုနီမအဖြစ်ခံယူကာ တရားကျင့်လိုက်တာ ရဟန္တာမဖြစ်သွားတော့မှ ကာမေသုမိစ္ဆာစာရကံရဲ့ဆိုးကျိုးများအဆုံးသတ်သွားပါတယ်။

ထိုကာမေသုမိစ္ဆာစာရကံကို ရှောင်ကြည်မယ်ဆိုရင် ဆိုးကျိုးရဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုရစေပါတယ်။ သုဂတိဘုံတို့၌သာဖြစ်ရခြင်း၊ ယောင်္ကျားစစ်စစ်ဖြစ်ရခြင်း၊ နပုံးပဏ္ဍုက်မဖြစ်ရခြင်း၊ အများချစ်ခင်မှုကိုခံရခြင်း၊ မိတ်ဆွေပေါများခြင်း(ရန်သူမရှိခြင်း)၊ စိုးရိမ်ကြောင့်ကျမှုကင်းခြင်း၊ စိတ်ချမ်းသာခြင်း၊ ချမ်းချမ်းသာသာနေရခြင်း၊ မိမိချစ်ခင်သူနဲ့ဘဝတစ်လျောက်လုံးပေါင်းသင်းရခြင်း၊ မျက်နှာကြည်လင်ဝင်းပပြီးပျော်ရွှင်စေခြင်းဆိုတဲ့ ကောင်းကျိုးများဟာ ထိုကံကို ရှောင်ကြဉ်ခြင်းရဲ့ကောင်းကျိုးများသာဖြစ်ပါတယ်။ အဲဒီတော့ ဘဝသံသရာတစ်လျှောက်လုံးမကောင်းတဲ့ ဆိုးကျိုးတွေကနေ လွတ်ကင်းအောင်၊ ကောင်းကျိုးအနန္တရစေအောင် ကာမေသုမိစ္ဆာစာရကံကို အသက်ထက်ဆုံး လုံခြုံအောင်စောင့်ထိန်းစေဖို့ အသိပေးလိုက်ရပါတယ်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Saturday, October 8, 2011

ဘုရားဂုဏ်တော်ပွားနည်း

ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။

၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊

အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊

အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။

ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။

၂။ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။

သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။

ဝိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။

၎။ သုဂတော- စကားကောင်းကိုသာ ဆိုတော်မူတတ်တဲ့ဘုရားရှင်။

အပြစ်အနာအဆာ ကင်း၊ ထိခိုက်နစ်နာမှုကင်းတဲ့ တရားတော်တွေကိုသာ ဟောတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။

၅။ လောက၀ိဒူ- လောကအကြောင်း ကောင်းကောင်းသိတော်မူတဲ့ဘုရားရှင်။

သတ္တလောကအကြောင်း သင်္ခါရလောကအကြောင်း သြကာသလောကအကြောင်းကို သိတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။

၆။ အနုတ္တရောပုရိသဒမ္မသာရထိ- မလိမ္မာမယဉ်ကျေးတဲ့သူတွေကို လိမ္မာရေးခြားရှိလာအောင် ဆုံးမတော်မူနိုင်တဲ့ဘုရားရှင်။

၇။ သတ္ထာဒေ၀မနုဿာနံ- လူနတ်ဗြဟ္မာတို့ရဲ့ ဆရာတစ်ဆူဖြစ်တော်မူတဲ့ဘုရားရှင်။

၈။ ဗုဒ္ဓေါ- သစ္စာလေးပါးကို သိတော်မူတဲ့ဘုရားရှင်။

၉။ ဘဂ၀ါ- ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။

ဒီဂုဏ်တော်တွေဟာ ဘုရားရှင်မှာ ထူးခြားထင်ရှားတဲ့ဂုဏ်တော်တွေဖြစ်တဲ့အတွက် ဒီဂုဏ်တော်တွေနဲ့ ပူဇော်မယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပူဇော်တာပါပဲ။ ဘုရားရှင်ဂုဏ်တော်တွေ ပူဇော်ရင်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတော်တွေကိုလဲ သိနားလည်လာပါလိမ့်မယ်။ ဒီတော့ ဘုရားရှင်ရဲ့ ဂုဏ်တွေ ကျေးဇူးတွေကို သိနားလည်လာလေ ပူဇော်ရတာ ကျေနပ်စရာ ကောင်းလေ၊ ပူဇော်လို့ မ၀နိုင်လေ ဖြစ်လာပါလိမ့်မယ်။

ဘုရားဆင်းတု စေတီ ပုထိုး ဓာတ်တော်စသည်ကို ပူဇော်တယ်ဆိုတာ ဒီဂုဏ်တော်တွေနဲ့ မှန်းဆပူဇော်ကြရတယ်။ ဘုရားရုပ်ပွားရှိခိုးကြတယ်ဆိုတာ ရုပ်ပွားက အမှတ်သင်္ကေတပါပဲ။ ဘုရားနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဓိကမဟုတ်ပါဘူး။ ဒီရုပ်ပွားက တစ်ဆင့် ဂုဏ်တော်တွေ မှန်းဆလို့ ရှိခိုးကြရပါတယ်။ ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးက ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောပနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား လို့ ရေးစပ်တော်မူခဲ့တာပေါ့။

ဘုရားဂုဏ်တော်လေးတွေနဲ့ စိတ်ရဲ့ ငြိမ်းအေးမှု ကိုယ်ရဲ့ ငြိမ်းအေးမှုလေးတွေ ရအောင် ယူလိုက်ပါ။ စိတ်တွေ အရမ်းနောက်နေရင် ဘုရားရှေ့မှာ ထိုင်၊ ဘုရားမျက်နှာတော်ကို ဖူးပြီး ဂုဏ်တော်လေးတွေနဲ့ မှန်းဆပူဇော်လိုက်ပါ။ ဘုရားရှင်ရဲ့ အငြိမ်းဓာတ်လေးတွေ ကူးစက်ထိတွေ့ ခံစားမိလာပါလိမ့်မယ်။

စိတ်ညစ်ရင် ဘယ်လိုလုပ်ရမလဲလို့ မေးလာလို့ ဖြေပေးရင်း ဒီနေ့ စာလေးတွေရေးဖြစ်၊ ပြောသင့်တာလေးတွေလဲ ပြောဖြစ်သွားတယ်။ ဓမ္မဒါနကုသိုလ်ပေါ့။

ဒေါက်တာအရှင်ပါရမီ

Tuesday, October 4, 2011

အဒိန္နာဒါနကံ အကြောင်း

အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။

လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင်

(၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။

(၂)။ ဆင်းရဲ မွဲတေခြင်း၊

(၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။

(၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။

(၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။

(၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို ရစေနိုင်ပါတယ်။

အဒိန္နာဒါန၏အင်္ဂါများ

(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊ (၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊ (၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊ (၅) ထေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။ ထိုအင်္ဂါ(၅)ချက်ပြည့်စုံရင် အဒိန္နာဒါနကံမြောက်ပါတယ်။

ထိုအဒိန္နာဒါနကံကို လုံခြုံရင်အောင်စောင့်ထိန်းနိုင်မယ်ဆိုရင် ရနိုင်မယ့်အကျိုးတရားကလည်း ဆိုးကျိုးရဲ့အပြန်အားဖြင့် (၆)ပါးရှိပါတယ်။

(၁)။ သုဂတိဘုံသို့သာလားရောက်ရခြင်း။

(၂)။ ချမ်းသာကြွယ်ဝခြင်း။

(၃)။ ပစ္စည်းဥစ္စာကိုရရှိအောင် လွယ်ကူစွာရှာဖွေနိုင်ခြင်း။

(၄)။ မိမိပိုင်သော ပစ္စည်း ရန်သူမျိုးငါးပါးကြောင့်ပျက်စီးခြင်းမရှိပဲ တည်တံ့ခြင်း။

(၆)။ ချမ်းချမ်းသာသာနေရခြင်း။ ဒါက အဒိန္နာဒါန ကံ လုံခြုံရင်ရစေနိုင်မည့်အကျိုးတရားတွေပါ။

ယခုလူဘဝ လူလောကမှာ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များ ဆင်းဆင်းရဲရဲမွဲတေပြာကျခြင်း၊ စီးပွားဥစ္စာကိုရအောင်မရှာနိုင်ခြင်း၊ ပိုင်ဆိုင်ထားသမျှ အနည်းငယ်သော ပစ္စည်းသည်ပင်လျှင် သူများအလိမ်ခံရခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း၊ မိမိလိုအပ်သော ပစ္စည်းကို မရနိုင်ခြင်း၊ ဆင်းဆင်းရဲရဲ လူဆင်းရဲဘဝဖြစ်ရခြင်း စတဲ့ပုဂ္ဂိုလ်များဟာ အဒိန္နာဒါန ကံရဲ့ ဒဏ်ချက်တွေ လွှမ်းမိုးခံနေတဲ့ အရိပ်အယောင်တွေလို့ ပြောရမှာပါ။

ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ၊ ပစ္စည်းဥစ္စာတွေကို လွယ်လင့်တကူ ကျွမ်းကျွမ်းကျင်ကျင်ရှာဖွေနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သူတစ်ပါးခိုးလို့မရတဲ့ပုဂ္ဂိုလ်တွေ၊ ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာတွေ မပျက်စီးပဲ တည်တံ့နေတဲ့ပုဂ္ဂိုလ်တွေ၊ ချမ်းချမ်းသာသာ နေရတဲ့ပုဂ္ဂိုလ်တွေ အဒိန္နာဒါနကို မကျူးလွန် မဖောက်ပြားပဲ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကံတွေ လွှမ်းမိုးနေတယ်လို့ ဆိုရမှာပါ။

အဖြစ်ပျက်လေးတစ်ခုသွားသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဧရာဝတီတိုင်းရဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာလေးက ပင်လယ်နဲ့နီးတဲ့ရွာလေးတစ်ရွာပါပဲ။ တစ်နေ့ ဆီစက်ကနေစပြီး မီးလောင်မှုတစ်ခုဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီဆီစက် နဲ့မလှမ်းမကမ်း အနီးမှာရှိတဲ့ အိမ်လေးလုံးဟာ ထူးဆန်းစွာမီးကင်းခဲ့ပါတယ်။ ဆီစက်နဲ့ ဝေးတဲ့အိမ်တစ်ချို့မီးထဲပါသွားတယ်။ ဒါဖြင့်ရင် ဘာသာရေးအမြင်နဲ့ကြည့်မယ်ဆိုရင် မီးကွင်းခဲ့တဲ့အိမ်က ပုဂ္ဂိုလ်များက အတိတ်ဘဝမှာ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းဆိုတဲ့(အဒိန္နာဒါန)သိက္ခာပုဒ်ကို လုံခြုံတဲ့ပုဂ္ဂိုလ်များဖြစ်တယ်လို့ဆိုရမှာပါ။ မီးလောင်တယ်ဆိုပေမယ့် ရန်သူမျိုးငါးပါးကြောင့် ထိုသူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာများမပျက်စီးပဲ တည်တံ့နေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်ရင်သိနိုင်ပါတယ်။ ဒါက ဖြစ်ရပ်မှန်ကိုယ်တွေ့တစ်ခုပါ။ မြန်မာပြည်ကလည်း အားလုံးသိကြတဲ့အတိုင်းပဲလေ၊ မီးလောင်ရင် မီးသတ်ကားက တော်တော်နဲ့ရောက်မလာသလို ရောက်လာတဲ့မီးသတ်ကားကလည်း ရေမပါဘူး။ ခြုံပြောရရင်တော့ မီးသေမှပဲ မီးငြိမ်းတော့မှပဲရောက်လာတတ်ကြပါတယ်။

ဆိုကျိုးလေးတစ်ခုပြောပြချင်သေးတယ်။ ရှေးအခါက ပြည့်တန်ဆာမတစ်ယောက် ရုပ်ရည်ကလည်းချောမောလှပသလို မြတ်နိုးစရာ ဆံပင်ကလည်းမည်းမှောင် ပြောင်လက်ပြီး အလွန်ရှည်လျားလှပပါတယ်။ အဲတော့ တစ်ချို့ အမျိုးသမီးတွေက မနာလိုဖြစ်ကြတဲ့အခါကျတော့ ခေါင်းလျှော်ရည်ထဲကို ဆံပင်ကျွတ်စေတဲ့ဆေးကိုထည့်ထားလိုက်ပါတယ်။ ထို ပြည့်တန်ဆာမ ခေါင်းလျှော်တဲ့အခါ ဆံပင်အားလုံးကျွတ်ပြီး ခေါင်းတုံးပြောင်ဘဝကိုရောက်သွားပါတယ်။ ဒါနဲ့ ပြည့်တန်ဆာမလည်း အင်မတန်မှ ရှက်လှသဖြင့် မြို့ထဲမှာမနေတော့ပဲ မြို့ပြင်ကိုထွက်ပြီး အရက်ဆိုင်ဖွင့်လျှက် အသက်မွေးဝမ်းကျောင်းပြုပါတယ်။

တစ်နေ့ကျတော့ အရက်မူးသမား သုံး လေးယောက် အရက်မူးလွန်းပြီး အိပ်ပျော်သွားတဲ့အခါ ထိုပြည့်တန်ဆာမက ထိုအမူးသမားများရဲ့ အဝတ်များကို ချွတ်ယူထားလိုက်ပါတယ်။ တစ်နည်းပြောရင် ခိုးယူထားလိုက်တယ်ပေါ့။ အဲလိုခိုးထားခြင်းကြောင့် မြို့ပြင်မှာ မနေဝံ့ပဲ တောရွာလေးတစ်ခုကိုပြောင်းရွှေ့နေထိုင်လိုက်ပါတယ်။

ကာလအတန်ကြာတော့ ဆွမ်းခံကြွ ရဟန္တာမထေရ်မြတ်တစ်ပါးကို ဖူးမြင်ရပြီး ကြည်ညိုလွန်းလှသည့်အတွက် အိမ်ကိုပင့်ပြီး နှမ်းညက်မုန့်တွေကို ကပ်လှူလိုက်ပါတယ်။ ပြီးတော့ မိမိခေါင်းမှာ နူးညံ့ပျော့ပျောင်း ကောင်းမွန်ရှည်လျား အဖျားကော့တတ်သော ဆံပင်များပေါက်ရပါစေလို့ဆုတောင်းလိုက်ပါတယ်။

အဲဒီအမျိုးသမီး ကွယ်လွန်တဲ့အခါ သမုဒ္ဒရာ အလယ်မှာ ရွှေဗိမာန်မှာစံစားရတဲ့အခါစံစားရသလို၊ ငရဲမှာခံရသည့်အခါလည်းဝေမာနိကပြိတ္တာအဖြစ်နဲ့ခံရပါတယ်။ ရွှေဗိမာန်မှာ လေးလ စံစားရသလို ငရဲမှာလေးလ ခံစားရပါတယ်။ ရွှေဗိမာန်မှာ စံစားရသော်လည်း အဝတ်ခိုးခဲ့သည့် အကုသိုလ်ကံကြောင့် အဝတ်မရှိပဲ ကိုယ်လုံးတီးစံရတာပါ။ ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်လှူဒါန်းခဲ့ပြီး ဆုတောင်းခဲ့တဲ့ကောင်းမှုကြောင့် ရှည်လျား များပြား အဖျားကော့တက်သော ဆံပင်များရှိလို့ အရှက်လုံအောင် ဖုံးကွယ်ထားရပါတယ်။

အဲဒီ အဖြစ်ပျက်ကိုသုံးသပ်ကြည့်ရင် ပြိတ္တာမ အဝတ်မရှိခြင်းနှင့် ငရဲခံရခြင်းသည် အဝတ်ခိုးခြင်းလို့ဆိုတဲ့ (အဒိန္နာဒါန)ကိုကျူးလွန်ခြင်းကြောင့်ဖြစ်ပြီး၊ ကောင်းမွန်လှပသောဆံပင်နှင့်ရွှေဗိမာန်မှာ စံစားရခြင်းဟာ ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်ကို ရိုရိုသေသေ လှူဒါန်းခဲ့တဲ့ ကုသိုလ်ကံကြောင့်ဖြစ်ရတာပါ။ အဒိန္နာဒါန အကုသိုလ်ကံကား ကြောက်လန့်ဖွယ်ရာပါပဲ။ ဒါက အဒိန္နာဒါနကံကိုလွန်ကျူးရင် ခံစားရမယ့် ဆိုးကျိုးတွေထဲက ဥပမာတစ်ခုပါ။ အဒိန္နာဒါနကံအကြောင်းကို ကိုယ်တိုင်တွေ့ဖူးခဲ့တဲ့ကောင်းကျိုးနဲ့ ဖတ်ဖူးခဲ့တဲ့ဆိုးကျိုး နှစ်ပါးကို အခြေခံပြီး လေ့လာသုံးသပ်ခြင်းပါ။ ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်းထိုဝတ္ထုထဲက ပြိတ္တာမရဲ့အဖြစ်ကို မှတ်ယူပြီး သူတစ်ပါးမပေးသော ဥစ္စာကို ခိုးယူခြင်း၊ တိုက်ယူခြင်း၊ အတင်အကြပ်ယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ ပရိယာယ်တစ်ခုခုနဲ့လှည့်ပတ်ပြီးယူခြင်း စတဲ့ အဒိန္နာဒါနကံကို လုံလုံခြုံခြုံဆောက်တည်စေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ပါသည်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒတွေပြည့်ဝကြပါစေ။ သာသနာအကျိုး ဘာသာအကျိုး မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွတ်နိုင်တဲ့ သာသနာပြု အမျိုးကောင်းသား သာသနာပြုအမျိုးကောင်းသမီးများဖြစ်ကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Sunday, October 2, 2011

အမှတ်မထင် ပြုမိတတ်သည့်ကံက ပေးတဲ့ဆိုးကျိုး

လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။ တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး တဟားဟားရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင်မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်သည်။

ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ဆုံဖူးပါတယ်။ အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။ တစ်နှစ်နီးပါးလောက်ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ပဲ ပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးလေးတစ်ခုပါ။

နောက်တစ်ခုကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက်ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်းတစ်ပါးကိုလည်း ကြုံဖူးပါတယ်။ အဲလိုပဲ ဒကာတစ်ယောက်က ဦးဇင်းလေးလမ်းလျှောက်တာကို ပျက်ရယ်ပြုပါတယ်။ များမကြာမီမှာပဲ အဲဒီပြက်ရယ်ပြုတဲ့ ဒကာကြီးရဲ့ ဇနီးက သမီးလေးတစ်ဦးမွေးဖွားပါတယ်။ အဲဒီကလေးမှာ မွေးရာ ဦးဇင်းလေးရဲ့ညာဘက် ခြေထောက်လိုပဲ မစွမ်းမသန်လေးဖြစ်နေပါတယ်။ တိုက်ဆိုင်တာမျိုးမဟုတ်ပဲ ဒကာရဲ့ ပြက်ရယ်ပြုလိုက်တဲ့ အကုသိုလ်ကံ ဒီဘဝမှာ သူမခံစားရပေမယ့် သူရဲ့ သွေးသားတော်စပ်တဲ့ ကလေးမှာသွားပြီးခံစားရတာကိုတွေ့ဆုံဖူးခဲ့တာပါ။ အမှတ်မထင်ပြုလုပ်မိတဲ့ အကုသိုလ်ကံရဲ့ ဆိုးကျိုးဟာ ပြန်ပြီးပေးဆပ်လိုက်ရတာက ပိုပြီးကြီးမားတယ်လို့ဆိုရမှာပါ။ ဒါကြောင့် အားလုံးသော ဒကာ၊ ဒကာမများလည်း သူတစ်ပါး ဒုက္ခရောက်နေသည်ကို မြင်တွေ့ပါက ပြောင်လှောင်ခြင်းမျိုးတွေ မဖြစ်အောင်ထိန်းသိမ်းစေချင်ပြီး ထိုဒုက္ခရောက်နေသူကို သနားကရုဏာ စိတ်မျိုးမွေးသင့်ပါတယ်။ သူတစ်ပါးရဲ့အားနည်းချက်ကို ကြည့်ပြီးပြောင်လှောင်တာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းစေချင်ပါတယ်။ တကယ်လို့ မထိန်းမိပဲ အမှတ်မထင်ပြုမိလိုက်ပါက ဒီဘဝ အကျိုးမပေးသော်လည်း နောင်ဘဝမှာ အကျိုးပေးမှာပါ။ ဒါကို ဝဋ်လည်တယ်လို့ဆိုရမှာပါ။

ဝဋ်ဆိုတဲ့အရာဟာ ဦးဇင်းတို့ ဒကာ၊ ဒကာမတို့လို ပုထုဇဉ်မှမက ရဟန္တာ၊ မြတ်စွာဘုရားအပါအဝင် မည်သို့သော ပုဂ္ဂိုလ်မှလွတ်ကင်းတာမရှိပါဘူး။ ပြန်ပြီးခံရစမြဲဖြစ်ပါတယ်။ အရှင်မဟာမောဂ္ဂလာန် ရဟန္တာအရှင်မြတ်ကြီးဟာ မြတ်စွာဘုရားရဲ့ လက်ဝဲတော်ရံကြီးဖြစ်လင့်ကစား ဘဝတစ်ခုမှာ မိဘနှစ်ပါးကို မသေမရှင်ရိုက်ခဲ့တဲ့ အကုသိုလ်ကံကြွေးကြောင့် နောက်ဆုံးပရိနိဗ္ဗာန်စံရမည့်ဘဝမှာတောင်မှ ရှောင်လို့မရဘဲ ခိုးသားငါးရာရဲ့ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်ဆိုတာ အားလုံးသော ဗုဒ္ဓဘာသာများ သိဖူး ဖတ်ဖူးကြမှာပါ။ နောက်ဆုံးဦးဇင်းတို့ရဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားရှင်သည်ပင်လျှင် နုစဉ်အခါတုန်းက အမှတ်မထင်ပြုမိခဲ့တဲ့ အကုသိုလ်ကံကြောင့် ဝိပါတ်တော်(၁၂)ပါးနဲ့ နောက်ဆုံးပရိနိဗ္ဗာန်စံတဲ့အထိ ပေးဆပ်ခဲ့ရတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ပြောလိုတာက သူတစ်ပါးဆင်းရဲဒုက္ခကိုဖြစ်စေ၊ သူတစ်ပါးအားနည်းချက်ကိုဖြစ်စေ၊ ကိုယ့်ရဲ့ဒုက္ခမဖြစ်အောင်၊ ကိုယ့်ရဲ့အားနည်းချက်မဖြစ်အောင် အမှတ်မထင်ပြုမိတတ်တဲ့ကံကို မပြုလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တာပါ။ အမှတ်မထင်ပြုလိုက်မိသည့်ကံဆိုပေမယ့် တနင့်တပိုး ကိုယ်ကျိုးနဲအောင် ပြန်လည်ပေးဆပ်ရတာမျိုးပါ။ ဒီလိုကြောက်စရာကောင်းတဲ့ ကံကို အသက်ထက်ဆုံးမပြုလုပ်မိအောင် သတိတရားနဲ့ထိန်းသိမ်းစေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ရပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)