Saturday, October 13, 2012

မြကျွန်းသာမိုးကုတ်ရိပ်သာန၀မအကြိမ်(၇)ရက်တရားစခန်း

မြကျွန်းသာမိုးကုတ်ဝိပဿနာ (၇)ရက်တရားစခန်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးဆောင်လျက် န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။
တရားစခန်းရက်- (၂၁-၁၀-၂၀၁၂) တနင်္ဂနွေနေ့မှ (၂၇-၁၀-၂၀၁၂) စနေနေ့အထိ
                    ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ
နေရာ-           မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
                   ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပ
ဖုန်း-             ၀၁-၆၉၁၅၅၃ (အကျိုးဆောင်အဖွဲ့)

န၀မအကြိမ် (၇)ရက်တရားစခန်းဆွမ်းအလှူရှင်များ

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်း
အရုဏ်ဆွမ်းအလှူရှင်များစာရင်း - အရုဏ်ဆွမ်းတစ်နပ် (၆၀၀၀၀)ကျပ်
(၂၁-၁၀-၂၀၁၂) ရက် မှ (၂၇-၁၀-၂၀၁၂) ရက်အထိ
စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၁-၁၀-၁၂
တနင်္ဂနွေ
ဦးညိုဦး+ဒေါ်စန်းစန်းမိသားစု၊ သီရိကန်သာအိမ်ရာ၊ (ဃ)ရပ်ကွက်၊ မြောက်ဥက္ကလာအ၀ိုင်း
၂၂-၁၀-၁၂
တနင်္လာ
ဒေါ်လှရီ၊ ဒေါ်နွဲ့၊ ဒေါ်တင်မြင့်၊ အာစိဏ္ဏကံယောဂီများ၊ (၅၁)ရပ်ကွက်၊ မြောက်ဒဂုံ
၂၃-၁၀-၁၂
အင်္ဂါ
ဦးကျော်စိုး+ဒေါ်အေးကျင်စိန်မိသားစု၊ စ/၃၉၇၊ မေဓာဝီလမ်း၊ မြောက်ဥက္ကလာ
၂၄-၁၀-၁၂
ဗုဒ္ဓဟူး
ဦးဇော်နိုင်+ဒေါ်ခိုင်မိသားစု၊ အောင်လံမြို့
၂၅-၁၀-၁၂
ကြာသပတေး
ဦးတက်ဖြိုး+ဒေါ်စန်းတင့်၊ ထူးကွန်ကရစ်လုပ်ငန်း
၂၆-၁၀-၁၂
သောကြာ
မိဘနှစ်ပါးအား ရည်စူး၍ ကိုကျော်ဦး + မစန္ဒာ မိသားစု၊ မြောက်ဒဂုံ
၂၇-၁၀-၁၂
စနေ
ဒေါ်သန်းသန်းဋ္ဌေးနှင့်အဖွဲ့၊ အမျိုးသမီးယောဂီဆောင်(၃) ယောဂီများ
၂၈-၁၀-၁၂
တနင်္ဂနွေ
ဦးကျော်ကျော်+ဒေါ်သော်သော်ပြုံးမိသားစု၊ ဋ/၉၂၊ ပတ္တမြားလမ်း၊ ရတနာကျွန်း၊ မြောက်ဥက္ကလာ

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်း
နေ့ဆွမ်းအလှူရှင်များစာရင်း - နေ့ဆွမ်းတစ်နပ် (၁၂၀၀၀၀)ကျပ်
(၂၁-၁၀-၂၀၁၂) ရက် မှ (၂၇-၁၀-၂၀၁၂) ရက်အထိ

စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၁-၁၀-၁၂
တနင်္ဂနွေ
ဦးစံသိန်းမိသားစု၊ ရွှေပေါက်ကံ
၂၂-၁၀-၁၂
တနင်္လာ
ဗိုလ်ကြီးဝင်းဇော်(၄)နှစ်မြောက်အားရည်စူး၍ ဒေါ်မိမိယမင်း၊ သမီး မယွန်းသဒ္ဓါဦးမိသားစု၊ အမှတ် (၁၃၀၂)၊ (၃၅) လမ်း၊ (၁၃) ရပ်ကွက်၊ တောင်ဥက္ကလာ
၂၃-၁၀-၁၂
အင်္ဂါ
ဦးကျော်စိုး+ဒေါ်အေးကျင်စိန်မိသားစု၊ စ/၃၉၇၊ မေဓာဝီလမ်း၊ မြောက်ဥက္ကလာ
၂၄-၁၀-၁၂
ဗုဒ္ဓဟူး
မမေဦးမွန်၊ မမေကြည်မိုး၊ စ/၆၆၉၊ သုဓမ္မာလမ်းမကြီး၊ မြောက်ဥက္ကလာ
၂၅-၁၀-၁၂
ကြာသပတေး
ဦးတက်ဖြိုး+ဒေါ်စန်းတင့်၊ ထူးကွန်ကရစ်လုပ်ငန်း
၂၆-၁၀-၁၂
သောကြာ
ဦးကျော်လွင်+ ဒေါ်စန်းစန်းတင့်မိသားစု၊ ကျော်မင်းဟိန်းစက္ကူစက်၊ ဋ/၆၇၀၊ ကရုဏာ(၃)လမ်း၊ မြောက်ဥက္ကလာ
၂၇-၁၀-၁၂
စနေ
ဦးကျော်ဆွေ+ ဒေါ်ခင်အုန်းမြင့်မိသားစု၊ အောင်သပြေ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း

ရန်ကုန်တိုင်းဒေသကြီး
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန
မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)
န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်း
နေ့အချိုပွဲအလှူရှင်များစာရင်း - အချိုပွဲတစ်ရက်စာ (၃၀၀၀၀)ကျပ်။
(၂၁-၁၀-၂၀၁၂) ရက် မှ (၂၇-၁၀-၂၀၁၂) ရက်အထိ
စဉ်
ရက်စွဲ
အလှူရှင်အမည်နှင့် နေရပ်လိပ်စာ
၂၁-၁၀-၁၂
တနင်္ဂနွေ
ဦးညိုဦး+ဒေါ်စန်းစန်းမိသားစု၊ သီရိကန်သာအိမ်ရာ၊ (ဃ)ရပ်ကွက်၊ မြောက်ဥက္ကလာအ၀ိုင်း
၂၂-၁၀-၁၂
တနင်္လာ
အာစိဏ္ဏကံယောဂီများ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ
၂၃-၁၀-၁၂
အင်္ဂါ
ဦးကျော်စိုး+ဒေါ်အေးကျင်စိန်မိသားစု၊ စ/၃၉၇၊ မေဓာဝီလမ်း၊ မြောက်ဥက္ကလာ
၂၄-၁၀-၁၂
ဗုဒ္ဓဟူး
 ဦးဖုန်းနိုင်+ဒေါ်ချယ်ရီမိသားစု၊ လမင်းအိမ်စားသောက်ဆိုင်၊ ကြိုးတံတား၊ မြောကဥက္ကလာပ၊ ရန်ကုန်
၂၅-၁၀-၁၂
ကြာသပတေး
ဦးတက်ဖြိုး+ဒေါ်စန်းတင့်၊ ထူးကွန်ကရစ်လုပ်ငန်း
၂၆-၁၀-၁၂
သောကြာ

၂၇-၁၀-၁၂
စနေ
ဦးဝင်းလှိုင်+ဒေါ်ခင်မေစီမိသားစု၊ တရားရုံးချုပ်ရှေ့နေများ၊ ရေကူး၊ ကမ္ဘာအေး

Tuesday, October 9, 2012

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)

ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။ ဒီလိုထင်မြင်နေတာ ဘာပြဿနာရှိလို့လဲ လို့ ထင်မှတ်စရာတော့ ရှိတာပေါ့။ သာမန်အတွေးနဲ့ ကြည့်မယ်ဆိုရင် ဒီအထင်ဟာ ဒါလောက်တော့ မဆိုးဝါးဘူးလို့ ထင်စရာရှိတယ်လေ။

ငါ့လက် ငါ့ခြေ ငါ့ခေါင်း ငါ့ခါး စသည်ထင်မြင်စွဲမှတ်ထားခြင်းဟာ အရှိခန္ဓာပေါ်မှာ မရှိတဲ့ ငါစွဲဒိဋ္ဌိ ၀င်နေတဲ့သဘောပါပဲ။ အရှိက ရုပ်နာမ် ခန္ဓာ၊ မရှိတာက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ။ အရှိတရားက သက္ကာယ၊ မရှိတရားက ဒိဋ္ဌိ။ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အရှိတရားသက္ကာယဆိုတာ ရုပ်နာမ် ခန္ဓာမျှသာဖြစ်တယ်။ ဒါကြောင့် အရှိတရားက ဒုက္ခမပေးနိုင်ပါဘူး။ အပါယ်မပို့နိုင်ပါဘူး။ မရှိကို အရှိထင်၊ ငါစွဲဝင်နေတဲ့ ဒိဋ္ဌိကြောင့် ဒုက္ခတွေရောက်ကြ၊ အပါယ်ဘုံတွေပေါက်ကြနဲ့ ဖြစ်နေတာပေါ့။ ဒီလို ငါစွဲနဲ့ ထာဝရ စွဲမြဲထင်မြင်နေကြတာဟာ သက္ကာယဒိဋ္ဌိနဲ့ ရှင်သန်နေကြတာပါပဲ။ မရှိတရားရဲ့ အလွှမ်းမိုးခံနေကြရပြီး ငါစွဲအတ္တစွဲတွေအားကြီးနေကြတာပေါ့။ ငါ့ကိုယ်ဆိုတော့ ဒိဋ္ဌိ၊ ငါ့ဟာဆိုတော့ မာန၊ ငါ့ဥစ္စာဆိုတော့ တဏှာ။ ဒီတရားတွေဟာ အရှိ ရုပ်နာမ်ခန္ဓာပေါ်မှာ စွဲမှီပြီး ဖြစ်ပေါ်နေတဲ့ တရားဆိုးတွေပါပဲ။ ဒီတရားတွေကြောင့်ပဲ ငါကောင်းစားရေးကိုသာ ဦးစားပေးလုပ်ကိုင်တတ်တဲ့အလေ့အကျင့်တွေ ပေါက်ဖွားလာကြပြီး သူကောင်းစားရေးအတွက် လုပ်ပေးဖို့ စဉ်းစားမှု၊ တွေးခေါ်မှုတွေ ပျောက်ဆုံးနေကြရတယ်။ သူကောင်းစားရေးအတွက် မျက်ကွယ်ပြုလာကြပြီး သူတစ်ပါးအကျိုး သယ်ပိုးလိုစိတ်တွေ နဲပါးလာကြတယ်လေ။ ဒါတင်မက သူတစ်ပါးအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ ကြံတတ်ဖန်တတ်လာကြတယ်ပေါ့။ ငါကောင်းစားရေး အတ္တအတွေးတစ်ချက်ရဲ့ ထိုးနှက်ချက်ဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာ ဒါလောက်ဆို ပေါ်လွင်လောက်ပါပြီ။ ဒါဟာ ဒိဋ္ဌိက မြစ်ဖျားခံလာတဲ့ ဆိုးကျိုးတွေပါပဲ။ ဒါတင်မကဘူး၊ ငါ့လာမထိနဲ့ မီးပွင့်သွားမယ်။ ငါ့များ ဘာမှတ်နေလဲ၊ ငါ့ ဘာထင်နေလဲဆိုတာမျိုး ဒေါသ မာနလွှမ်းမိုးပြီးတော့ ရန်သတ္တရုပြုဖို့လည်း ၀န်မလေးတော့တာ ငါစွဲအခြေခံက ပေါ်ထွက်လာတဲ့ သဘာဝတွေပေါ့။ တစ်ဘက်တစ်လမ်းကလည်း ငါကောင်းစားရေးအခြေခံပြီးတော့မှ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကိုယ်ရဖို့တစ်ခုတည်းကိုသာ ဇောင်းပေးပြီး ပြေးလွှားရှာဖွေလုပ်ကိုင် ရုန်းကြ၊ ကန်ကြရင်းနဲ့ ကိုယ်ပိုင်ဥစ္စာလေးတွေ စုမိဆောင်းမိလာပြန်တော့လည်း ငါ့ဥစ္စာလုပ်ကာ တဏှာနဲ့ သိမ်းပိုက်ယုယနေကြရ ပြန်တယ်။ ဒီလို သိမ်းပိုက်ချင်စိတ်တွေ အားကြီးလေ၊ ပိုင်ဆိုင်လိုဇောတွေ ကြီးလေဖြစ်ပြီး များများပိုင်ဆိုင်ချင်ရင် များများရှာဖွေကြရတယ်။ များများရှာဖွေကြရင်းနဲ့ တရားတာတွေ၊ မတရားတာတွေ ရောသမမွှေပြစ်လိုက်တော့ တရားတာက နဲနဲ၊ မတရားတာက များများ။ အဲဒီ မတရားက အပါယ်ဆွဲချလိုက်တော့ ကိုယ်မတရားရင် ကိုယ်အပါယ်သွားရုံပါပဲ။ သားသမီး ဇနီးမယားအတွက် ဆိုပြီး လျှောက်လွှဲလို့ ရတာမျိုးမဟုတ်ပါဘူး။ ကိုယ်အပါယ်သွားရတဲ့အခါကျတော့ သားသမီးကလည်း မလိုက်ပါဘူး၊ ဇနီးမယာကလည်း မလိုက်ပါဘူး။ ကိုယ်မှားရင် ကိုယ်သာခံရစမြဲဆိုတာ ဗုဒ္ဓရဲ့ ဓမ္မလမ်းစဉ်ပါ။ ဒါကြောင့် “မယားစားဖို့၊ သားစားဖို့ဟု၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပြား၊ ဂတိလားသော်၊ မယားမပါ သားမပါဘူး” တဲ့။

အတ္တအခြေခံစိတ်ဓာတ်က ကိုယ်ကောင်းစားရေးကို နံပါတ်တစ်မှာထားတယ်။ ကိုယ့်မိသားစုကောင်းစားရေးက နံပါတ်နှစ်ရောက်နေတယ်။ ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအ၀ိုင်း ကောင်းစားရေးက နံပါတ်သုံးရောက်လာတယ်။ အရာရာတိုင်းမှာ ကိုယ်နဲ့ ပတ်သက်တာတွေကိုပဲ ရှေ့တန်းတင်ထားတော့တယ်လေ။ ကိုယ်နဲ့မဆိုင်သူတွေအတွက် ထည့်တွက်ငဲ့ကွက်မှုတွေ ပျောက်ဆုံးသွားပြီး ရက်စက်စရာရှိလျှင် ရက်စက်ဖို့ဝန်မလေးတော့ဘူး။ ခေါင်းပုံဖြတ်စရာရှိလျှင်လည်း ခေါင်းပုံဖြတ်ဖို့ ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ ခိုးဆိုး လုယက် နှိပ်စက် သတ်ဖြတ်ဆိုတာတွေဟာ ကိုယ်ကောင်းစားရေး တစ်ကွက်ကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးတွေပါပဲ။ ကိုယ့်အလိုဆန္ဒကိုသာ ရှေ့တန်းတင်ထားတဲ့အတွက် သူ့အလိုဆန္ဒတွေကို နားလည်မပေးနိုင်တော့ ပြဿနာတွေ ရှင်းလို့ မပြီးနိုင်အောင် ဖြစ်နေကြတဲ့ လောကအရှုပ်အထွေးတွေ ပေါ်ပေါက်နေကြရတာပေါ့။ အဇာတသတ်ဟာ ငါ ဘုရင်ဖြစ်ချင်တယ်ဆိုတဲ့ ငါစွဲဒိဋ္ဌိဝင်ရောက်လွှမ်းမိုးလိုက်တဲ့အခါ သူ့အဖေ အရင်းခေါက်ခေါက်ကြီးကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ရဲလာတယ်လေ။ ဒါကြောင့် ဒိဋ္ဌိစွဲလွှမ်းမိုးခံထားရတဲ့သူတွေ၊ ဒိဋ္ဌိစွဲ ပိုမိုအားကြီးတဲ့သူတွေဟာ သူများတွေထက် ပိုရက်စက်တတ်တယ်။ ပိုကြောက်စရာကောင်းတယ်။ သို့သော် ဗုဒ္ဓအလိုကျမူ အားနဲတဲ့ဒိဋ္ဌိလည်း မကောင်း၊ အားကြီးတဲ့ဒိဋ္ဌိလည်း မကောင်းပါဘူး။ ဒါကြောင့် အဲလို ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတတ်တဲ့ ဒိဋ္ဌိတရားဆိုးကို ရှေးဦးစွာ အသိနဲ့ ဖြုတ်ဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး အကြိမ်ကြိမ်မှာလေ့ရှိတာပါပဲ။

အခြေခံ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိရှိနေရင် ကျန်တဲ့ အကုသိုလ်တရားတွေဟာ အပါယ်ပို့နိုင်တဲ့အစွမ်းရှိနေတယ်။ ဒီ ဒိဋ္ဌိကိုသာ ကင်းအောင် ကွာအောင် လေ့ကျင့်ယူနိုင်ရင် ကျန်တဲ့အကုသိုလ်တရားတွေလည်း အပါယ်ပို့နိုင်တဲ့ အစွမ်းတွေ ပျောက်သွားရတော့တယ်။ ဥပမာ- အကုသိုလ်တရားတွေဟာ အပါယ်ရောက်ကြောင်းတရားတွေ မှန်ပင် မှန်ငြားသော်လည်း ဒိဋ္ဌိနှင့်ယှဉ်တဲ့ လောဘမူစိတ်တွေ ပယ်ထားတဲ့ သောတာပန်လိုပုဂ္ဂိုလ်မျိုးမှာ ဖြစ်တဲ့ အကုသိုလ်တွေဟာ အပါယ် မပို့တော့ပါဘူး။ သူ့မှာ ဒိဋ္ဌိပယ်လိုက်တာနဲ့ ၀ိစိကိစ္ဆာသဟဂုတ်စိတ်လည်း တစ်ပါတည်း ပယ်ပြီး ဖြစ်သွားတော့တယ်။ ဒါဟာ စိတ်တွေရဲ့ သဘောတရားတွေပါ။ စိတ်ကြောင့်ပဲ အပါယ်ရောက်ကြရတယ်ဆိုတဲ့ သဘောပါပဲ။ သောတာပန်တို့ အပါယ်မရောက်တာ ဒိဋ္ဌိမရှိလို့ဆိုတာထက် ဒိဋ္ဌိစွဲပြုတ်ထွက်သွားတော့ ငါကောင်းစားရေး ရှေ့တန်းမတင်တဲ့စိတ်၊ သူကောင်းစားရေးကိုသာ ဦးစားပေးနိုင်တဲ့ စိတ်ကောင်းတွေ ပြောင်းလဲလာခြင်းသာ ဖြစ်တယ်။ သောတာပန်တို့ လောဘ ဖြစ်ပင် ဖြစ်ငြားသော်လည်း ဒိဋ္ဌိမပါတဲ့လောဘသာဖြစ်တယ်။ ဒေါသဖြစ်ပင်ဖြစ်ငြားသော်လည်း ဒိဋ္ဌိပြုတ်ပြီးပုဂ္ဂိုလ်ရဲ့ ဒေါသသာဖြစ်တော့တယ်။ မောဟ ဖြစ်ပင် ဖြစ်ငြားသော်လည်း ဒိဋ္ဌိပြုတ်နေတဲ့အပြင် ၀ိစိကိစ္ဆာပါကင်းနေတဲ့ မောဟသာဖြစ်ပါတော့တယ်။ ဒီတော့ အဆိုးဆုံး ဒိဋ္ဌိကို ပယ်သတ်လိုက်နိုင်တာနဲ့ လောဘဖြစ်လဲ ကြောက်စရာလောဘ မဖြစ်တော့ပါဘူး။ ဒေါသဖြစ်လဲ အပါယ်ရောက်ကြောင်းဒေါသမဟုတ်တော့သလို မောဟဖြစ်လဲ အပါယ်ရောက်ကြောင်း မောဟမဖြစ်တော့ပါဘူး။ ဖြစ်လျှင် ဖြစ်မှန်းသိသိပေးပြီး နောက်က အသိလေးလိုက်လိုက်ပေးနိုင်တဲ့အဆင့်ရောက်နေတာဟာ အမှားမြင် မိစ္ဆာဒိဋ္ဌိကင်းပြီး အမှန်မြင် သမ္မာဒိဋ္ဌိ စွမ်းအားကြောင့်လို့ မှတ်လိုက်ပါ။ ဒါကြောင့် အမှန်မြင် သမ္မာဒိဋ္ဌိဖြစ်အောင်ကြိုးစားနေကြရတာဟာ ဗုဒ္ဓအလိုကျ ကျင့်စဉ်ကို လိုက်စားနေကြတာပါပဲ။

ဒီအမှန်မြင် သမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်ကလည်း ရုပ်မှန်း နာမ်မှန်းသိမှ ဖြစ်ပါတယ်။ ရုပ်နာမ်သိတော့ အရှိကိုသိတယ်။ အရှိကိုသိတော့ အမှန်မြင်တယ်။ အမှန်မြင်တော့ အမှားမြင် မိစ္ဆာဒိဋ္ဌိကင်းတယ်။ မိစ္ဆာဒိဋ္ဌိကင်းတော့ အမှန်မြင်သမ္မာဒိဋ္ဌိဖြစ်တယ်။ ဒါဟာ အခြေခံလမ်းစဉ်ပေါ့။ ဒီအခြေခံလမ်းစဉ်ကို သိနားလည်ပြီး ရုပ်နာမ်အသိကို ရှေးဦးစွာ ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်နိုင်မယ်ဆိုရင် ကိုယ့်ခေါင်းထဲမှာ အမှန်သိဝင်နေပြီဖြစ်လို့ ဒိဋ္ဌိပြုတ်နေတဲ့အသိဖြစ်နေပါပြီ။ ဒါဟာ အခြေခံ အဆင့်တစ်အနေနဲ့ ဒိဋ္ဌိကို အသိနဲ့ ခွါပေးတဲ့နည်းပါပဲ။

ဒီကနေတစ်ဆင့်တက်လို့ ရုပ်ဆိုတာလည်း ဘယ်ရုပ်ပေါ်ပေါ် ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာ၊ နာမ်ဆိုတာလည်း ဘယ်နာမ်ပေါ်ပေါ် ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာဆိုတာ သိသိပေးနေလိုက်မယ်ဆိုရင် အကျင့်နဲ့ ဒိဋ္ဌိခွါပေးနေတာပေါ့။ ရုပ်မှန်းနာမ်မှန်းသိနေတုန်းက အသိနဲ့ ဒိဋ္ဌိကွာတယ်။ ရုပ်နာမ်ဖြစ်ပျက်တွေ မြင်နေတဲ့အခါကျတော့ အကျင့်နဲ့ ဒိဋ္ဌိကွာနေတယ်။ ဒိဋ္ဌိဆိုတာ ငါဗဟိုပြုဝါဒ၊ အတ္တဗဟိုပြုဝါဒပါပဲ။ ဒါကြောင့် ကိုယ်နိုင်တဲ့နည်းနဲ့ ဒီဒိဋ္ဌိကိုပဲ မကွာ ကွာအောင် ခွါထုတ်ပေးနေရမယ်လေ။ ဒါမှ ငါဗဟိုပြုတဲ့ အတွေးအခေါ်တွေ လျော့နည်းပြီး အတ္တဗဟိုပြုဝါဒတွေ လျော့ကျသွားမယ်။ ဒီလို ဒိဋ္ဌိကင်းတဲ့အမြင်နဲ့ လောကကြီးကို ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် ကိုယ်ကောင်းစားရေးဆိုတာထက် သူတစ်ပါးကောင်းစားရေးကိုသာ ပဓာနထားပြီး ကြည့်တတ်မြင်တတ်တဲ့ စိတ်ကောင်းစိတ်မြတ်တွေ တစ်ပါတည်း တိုးတက်ပြောင်းလဲလာတော့တာပါ။

ဒါကြောင့် ဒိဋ္ဌိအမြင် နဲနဲကင်းရင် နဲနဲကောင်းတယ်။ များများကင်းရင် များများကောင်းတယ်။ လုံးဝ ကင်းစင်သွားရင်တော့ လုံးဝ အကောင်းဘက်ရောက်သွားပြီဖြစ်လို့ အပါယ်ရေသောက်မြစ်ပြတ်ထွက်သွားပြီပေါ့။ ဒီအဆင့်ရောက်ဖို့အတွက်
၁။ အသိနဲ့ ဒိဋ္ဌိကွာအောင်ခွါ။
၂။ အကျင့်နဲ့ ဒိဋ္ဌိကွာအောင်ခွါ။
၃။ အပယ်နဲ့ ဒိဋ္ဌိကွာအောင်ခွါ။ ပယ်ခွါမှုနဲ့ ဒိဋ္ဌိခွါတာကိုပြောတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒီသုံးဆင့်ကို “သိကွာ၊ ကျင့်ကွာ၊ ပယ်ကွာ”- လို့ မြန်မာလို ရှင်းရှင်းလင်းလင်း မိန့်တော်မူထားပါတယ်။ ဒါကို ထိထိမိမိ သိရှိသဘောပေါက်နိုင်စေရန်အတွက် “ရုပ်ကိုရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်ကို နာမ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်” လို့ ဖော်မြူလာအနေနဲ့ မှတ်လိုက်တာပေါ့။ ရုပ်ကိုရုပ်မှန်းသိ၊ နာမ်ကိုနာမ်မှန်းသိတော့ ဒိဋ္ဌိ အသိနဲ့ ကွာတယ်။ ဖြစ်တာလေးတွေ ပျက်တာလေးတွေ မြင်အောင်ကြည့်နိုင်တဲ့အခါကျတော့ ဒိဋ္ဌိ အကျင့်နဲ့ ကွာတယ်။ ဖြစ်တာလည်း ငါမဟုတ်၊ ပျက်တာလည်း ငါမဟုတ်တော့ ငါဆိုတာ ဘယ်မှာမှ ရှာမရတဲ့အဆုံး ဒိဋ္ဌိဆိုတဲ့ ငါစွဲအမြင် ကြားဝင်ခွင့်မရတော့ပါဘူး။ ဒါဟာ အကျင့်နဲ့ ကွာနေတဲ့အဆင့်ပါပဲ။ ဒီအဆင့်ကို ကြိုးစားနေတာဟာ အမှန်မြင်သမ္မာဒိဋ္ဌိဖြစ်အောင်လုပ်နေတာ၊ အမှားမြင် မိစ္ဆာဒိဋ္ဌိကွာအောင် ခွါနေတယ်လို့နားလည်နေရမယ်လေ။ ဒီလို ဖြစ်ပျက်တွေ မြင်ဖန်များလို့ မုန်းဉာဏ်တက်၊ မုန်းဉာဏ်တက်လို့ ဖြစ်ပျက်ဆုံးသွားမယ်ဆိုရင်တော့ ဒိဋ္ဌိဟာ နောင်အခါ ပြန်မပေါ်သောအားဖြင့် ပြုတ်ထွက်သွားလို့ နံပါတ်သုံးအဆင့်ဖြစ်တဲ့ အပါယ်နဲ့ ဒိဋ္ဌိကွာအောင် ခွါလိုက်တာပါပဲ။ ဒါဆို ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့ဒိဋ္ဌိ မရှိတော့တဲ့အတွက် ကိုယ့်အတွက် ငရဲမီးငြိမ်း၊ အပါယ်ခန္ဓာသိမ်းသွားပြီဖြစ်လို့ ငါသေရင် သပိတ်မသွတ်နဲ့တော့လို့သာ ရဲရဲတင်းတင်း မှာထားခဲ့နိုင်ပြီပေါ့။

ဒေါက်တာအရှင်ပါရမီ

Wednesday, October 3, 2012

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)


ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။
သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။

တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွားနေကြဦးမယ်ဆိုရင် ဒီသံသရာဓာတ်ပြား အပ်ကြောင်းထပ်နေဦးမှာသာ ဖြစ်ပါတယ်။  ဒါကြောင့် အခေါ်ရှိ အပြောရှိ ပညတ်တွေ၊ သမုတိနယ်က အမှန်တရားတွေကိုလည်း တစ်ဘက်တစ်လမ်းက နားလည်ထားရမှာ ဖြစ်သလို တကယ်ရှိ အမှန်ရှိဖြစ်တဲ့ ပရမတ်တရားတွေကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အမှန်ရှိ ပရမတ်ဆိုတာ သဘောတရားမျှသာ ဖြစ်တယ်လေ။ ရုပ်ဆိုရင် ရုပ်ရဲ့ သဘော၊ နာမ်ဆိုရင် နာမ်ရဲ့သဘောလေးတွေကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်လေးနဲ့ စဉ်းစားစဉ်းစားပြီး ခွဲခွဲခြားခြား သိသိပေးနေရင် အခေါ်ရှိကတစ်ခြား အမှန်ရှိကတစ်ခြား၊ အပြောရှိကတစ်ခြား တကယ်ရှိကတစ်ခြားလို့ ခွဲခြားနားလည်တဲ့ ဉာဏ်လေး ရင့်ကျက်လာတာပေါ့။

သမုတိလောကကြီးထဲမှာ ရှင်သန်နေရတဲ့အတွက် သမုတိဝေါဟာရတွေနဲ့တော့ ဘယ်လိုမှ ကင်းလို့ ကွာလို့ မရပါဘူး။ ဒီသမုတိဆိုတဲ့ အခေါ်ရှိ အပြောရှိတွေဟာလည်း အမှန်တရားတွေသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိက သမုတိ၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ သမုတိသစ္စာ လို့ခေါ်တာပေါ့။ သမုတိအမှန်တရားကို လိုက်စားရင် အပါယ်မကျဘူး၊ ဒါပေမယ့် သမုတိတင် လမ်းဆုံးနေရင်လည်း နိဗ္ဗာန်မရဘူး။ ဒါကြောင့် သူက သီလလုံခြုံရုံလောက်ပဲ မှန်ပါတယ်။ ဥပမာ- မင်း ဘယ်သူ့သားလဲလို့ မေးရင် ကျွန်တော် ဦးလှ + ဒေါ်မြရဲ့ သားပါ လို့ပြန်ဖြေတယ်ဆိုပါစို့။ မင်းဆိုတာလည်း သမုတိ၊ ဘယ်သူဘယ်ဝါဆိုတာလည်း သမုတိ၊ သား ဆိုတာလည်း သမုတိ၊ ကျွန်တော်ဆိုတာလည်း သမုတိ၊ ဦးလှဆိုတာလည်း သမုတိ၊ ဒေါ်မြဆိုတာလည်း သမုတိတွေ ပါပဲ။ ဒီသမုတိတွေ ပညတ်နာမည်တွေဟာ မှားသလားဆိုတော့လည်း မမှားပါဘူး။ အားလုံးဟာ အမှန်တရားတွေပါပဲ။ ဒါပေမယ့် ကိုယ့်မိဘနာမည်တွေကို အမှန်အတိုင်း မပြောဘဲ ဦးမြ + ဒေါ်လှရဲ့ သားပါးလို့ အမှားကို ပြောလိုက်မယ်ဆိုရင်တော့ မုသားစကားဖြစ်သွားတာပေါ့။ သမုတိအလွဲအမှားကြောင့် မုသားစကားဖြစ်ရတာပါပဲ။ ဥပမာ- မင်း ဘယ်ဇာတိလဲ လို့မေးလိုက်တဲ့အခါ အမှန်တကယ်က ကိုယ်က မုံရွာဇာတိ၊ တကယ်ဖြေလိုက်တာက ကျွန်တော် ရန်ကုန်ဇာတိပါ လို့ဆိုရင် ဒါဟာ မမှန်တဲ့အမှားပါပဲ။ ရန်ကုန်ဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် အရေးစိုက်စရာမလိုပါဘူး၊ အားလုံးဟာ သမုတိတွေချည်းပဲ၊ ကိုယ်ဖြေချင်ရာ ဖြေလိုက်မယ်ဆိုရင် အမှားဖြစ်ကုန်တာပေါ့။ ဒါကြောင့် သမုတိဆိုတာလည်း သူ့အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်မှုတွေ ရှိနေတယ်ဆိုတာ သိထားရမှာပါ။ မိဘ ဆိုတာ သမုတိ၊ ဒီသမုတိကို လက်မခံဘူးဆိုရင် မိဘလည်း ဓာတ်ကြီးလေးပါးပဲ ဘာထည့်တွက်စရာလိုလဲလို့ ပြစ်မှားလိုက်တော့ အပါယ်ကျရတယ်လေ။ ဘုရား ရဟန္တာဆိုတာလည်း ပညတ်တွေ သမုတိတွေပါပဲ။ ဒီတော့ လောကမှာ ဘုရားမရှိ၊ ရဟန္တာမရှိ၊ နာမ်နဲ့ ရုပ်သာရှိတယ်ဆိုရင် ဒါ ပရမတ်ရှုထောင့်က ပြောတာဖြစ်တဲ့အတွက်တော့ မမှားဘူး။ သို့သော် အဲဒီအမြင်ကို ရောထွေးယှက်တင်ပြုပြီး သမုတိပယ်လိုက်တဲ့အနေနဲ့ ဘုရားဆိုတာ လက်မခံနိုင်ပါဘူးဆိုရင် သမုတိပယ်ရာ ရောက်သွားပြန်တယ်။ ပြစ်မှားမိမယ်ဆိုရင် အပါယ်ကျရတော့မယ်။ ဒါကြောင့် သမုတိကိုလည်း မပယ်လေနဲ့၊ သမုတိပယ်က အပါယ်ကျတတ်တယ်။ ပရမတ်ကိုလည်း မကွယ်စေနဲ့၊ ပရမတ်ကွယ်က နိဗ္ဗာန်မရဘူးလို့ ပြောရတာပေါ့။

လူ၊ နတ်၊ ဗြဟ္မာ စသည်ခေါ်ဝေါ်ပြောဆိုနေကြတာဟာ တကယ်တော့ သမုတိနယ်ကနေ ပညတ်ဝေါဟာရတွေနဲ့ ခေါ်ဝေါ်ပြောဆိုနေကြတာပါပဲ။ တကယ်အရှိတရားက ရုပ်နဲ့နာမ်သာဖြစ်တယ်။ ဒီတော့ အခေါ်ရှိအပြောရှိတွေကလည်း သူ့နယ်ပယ်နဲ့သူ မှန်နေကြတာချည်းပဲ။ အမှန်အတိုင်း ခေါ်ကြ ပြောကြ  ဆိုကြတဲ့အခါကျတော့ မုသားလွတ်တယ်။ ဒါပေမယ့်နိဗ္ဗာန်ရောက်တဲ့အမှန်တရား အစစ်တော့ မဟုတ်သေးဘူးလေ။ ဒီ သမုတိ ပညတ်တွေ ခွါနိုင်အောင် အတော်ကြိုးစားယူကြရတယ်။ ဘာလို့လဲဆိုတော့ အပြောနောက် သဘောပါနေကြတာကိုး။ ပြောလည်း ပြောတယ်၊ ထင်လည်းထင်တယ်။ ဒီလိုဖြစ်နေကြတာ။ ဒါကြောင့် အပြောနဲ့သဘော မရောစေနဲ့။ အပြောကတော့ မပြောမဖြစ်လို့ ပြောကြရတယ်။ သဘောကတော့ အရှိတရား ခန္ဓာငါးပါး၊ ရုပ်နာမ်တရားပါပဲ။ သူလို့ပြောတယ်၊ ငါလို့ပြောတယ်၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူငါတစ်ပါး ယောက်ျားမိန်းမ စသည်ပြောနေကြတယ်။ ပြောတဲ့အတိုင်းလည်း ဒါဟာ တကယ့်အရှိတရားအဖြစ်နဲ့ ထင်မြင်ယူဆနေကြတယ်ဆိုရင် အဲဒါ တကယ်မရှိတာကို တကယ်ရှိထင်နေလို့ သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။ ဒီသက္ကာယဒိဋ္ဌိဟာ တစ်သံသရာလုံးက ကပ်ငြိစွဲပါလာတဲ့ အယူအဆပါပဲ။ တကယ့်အရှိခန္ဓာကို မသိမမြင်နိုင်အောင် ဒိဋ္ဌိကဖုံးထားတာပေါ့။ ဒီဒိဋ္ဌိဘာကြောင့် ဖုန်းအားကောင်းရပါလိမ့်မလဲဆိုတော့ သမုတိတွေ ပညတ်တွေကို အဟုတ်ရှိ တကယ်ရှိထင်နေလို့ပါပဲ။ ဒါကြောင့် သမုတိမကွာရင်၊ ပညတ်မသိရင် ဒိဋ္ဌိမပြုတ်၊ ဒိဋ္ဌိမပြုတ်ရင် ရုပ်နာမ်မမြင်နိုင်ပါဘူး။ ရုပ်နာမ်မမြင်ရင် ဖြစ်ပျက်လည်း မမြင်၊ ဖြစ်ပျက်မမြင်တော့ သစ္စာမသိ၊ သစ္စာမသိတော့ နိဗ္ဗာန်မရောက်။ ဒါဆို နိဗ္ဗာန်ဘာကြောင့် မရောက်ကြပါလိမ့်မလဲဆိုတော့ မရောက်ခြင်းရဲ့ အကြောင်းတွေက အဆင့်ဆင့်ရှိနေတာလေ။

ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရား အားထုတ်ချင်ရင် သမုတိနဲ့ ပရမတ်ကွဲဖို့၊ ပညတ်နဲ့ ပရမတ်ကွဲပြားစွာ နားလည်ဖို့ ရှေးဦးစွာအရေးကြီးပါတယ်။ သဘောဉာဏ်ထဲမှာ အဲလို ကွဲနေအောင် နားလည်ထားပြီဆိုရင် အပြောပညတ်ကိုလည်း အမှန်သိ၊ သဘောပရမတ်ကိုလည်း အမှန်သိဖြစ်လာတဲ့အခါ ပညတ်ပရမတ်ကွဲတဲ့အဆင့်ရောက်လာတယ်။ ဒီလို ကွဲကွဲပြားပြား နားလည်ထားပြီဆိုရင် ရုပ်ကိုလည်း ရုပ်မှန်းသိ၊ နာမ်ကိုလည်း နာမ်မှန်းသိလာတယ်။ ဒီလို သိနားလည်လာတဲ့အခါ ရုပ်ကို ရုပ်မှန်းသိတော့ ရုပ်အပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိမ၀င်တော့သလို နာမ်ပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိလည်း မ၀င်တော့ ရုပ်နာမ်ပေါ်မှာ ငါစွဲ သူစွဲ ပုဂ္ဂိုလ်သတ္တ၀ါစွဲ ဒိဋ္ဌိပြုတ်တာပေါ့။ ဒါကြောင့် ရှေးဦးစွာ ရုပ်ကို ရုပ်မှန်းသိဖို့လိုပါတယ်။ နာမ်ကို နာမ်မှန်းသိနေဖို့လည်း လိုပါတယ်။ ဒီလို သိသိပေးနေရင် နာမ်ရုပ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာဏ် ကိုယ့်သန္တာန်မှာ ဖြစ်နေတာပါပဲ။ ဒီဉာဏ်လေးတောင်မှ အခုပြောတော့လွယ်သလိုလိုနဲ့ ဘုရားသာသနာနဲ့ ကြုံလို့သာ သိခွင့်ရတဲ့အသိ၊ မြင်ခွင့်ရတဲ့ အမြင်။ ဒီလိုမှ သာသနာနဲ့ မကြုံ မဆုံရရင် ဒီလိုလေး ခွဲခြားစွာ မြင်နိုင်ဖို့တောင် မလွယ်လှပါဘူး။ ဒီအမြင်လေးနဲ့သာ နေလို့ ဒီအမြင်လေးနဲ့သာ သေသွားဦးတောင်မှ မှန်ကန်တဲ့အမြင်လေးရှိနေတဲ့အတွက် ဒိဋ္ဌိရှင်းနေတယ်။ ဒိဋ္ဌိရှင်းနေတော့ ဘာပဲဖြစ်ဖြစ် သုဂတိတော့ ဘ၀ကူးစိတ်ချရတယ်လေ။ ဒီအမြင်လေးဟာ သာမန်တွေးရင် ဘာမှမဆန်းဘူးထင်ရပေမယ့် ဒိဋ္ဌိပြုတ်တဲ့အမြင်လေးဖြစ်နေတယ်၊ အကျိုးပေးကလည်း သုဂတိသို့ တန်းနေတယ်။ ဒါကြောင့် ရုပ်နာမ်ကွဲရင် ဒိဋ္ဌိပြုတ်တယ်၊ အပါယ်မကျဘူး။ ဒါပေမယ့် နိဗ္ဗာန်တော့ မရောက်သေးဘူးလို့ မှတ်လိုက်တာပေါ့။

နိဗ္ဗာန်ရောက်ချင်ရင်တော့ တစ်ဆင့် ထပ်တက်ရပေလိမ့်မယ်။ အဲဒီရုပ် အဲဒီနာမ်တွေဟာ ဒီအတိုင်းနေသလား၊ ပြောင်းလဲနေသလားဆိုတာလေးတွေ ဆက်တွေးပေးရလိမ့်မယ်။ အတွေးလေးထည့်ပေးပြီး အလုပ်လုပ်လိုက်တာပေါ့။ ပကတိမျက်စိနဲ့ မြင်နေရတဲ့ ရုပ်ခန္ဓာကြီးကို မဆိုလိုဘူး။ အဲဒါက မျက်မြင်ခန္ဓာသာ ဖြစ်တယ်။ မျက်မြင်ခန္ဓာကို သဘောပြောင်းလဲမှု မြင်အောင် ကြည့်လို့ မဖြစ်နိုင်ဘူးလေ။ အခုကြည့်ရမှာက အတွေးထဲမှာ မြင်နေရမယ့် ခန္ဓာ၊ သဘောခန္ဓာမျှသာဖြစ်တယ်။ အဲဒီခန္ဓာကို ဉာဏ်မြင်ခန္ဓာလို့ မှတ်လိုက်တာပေါ့။  ဥပါဒါနက္ခန္ဓာပါပဲ။ ရုပ်ဆိုတာလည်း သဘောတရားပဲ၊ နာမ်ဆိုတာလည်း သဘောတရားပဲ။ ဒီသဘောတရားလေးတွေကို အတွေးအာရုံထဲ ခေါ်ယူပြီး မြဲလား မမြဲလား၊ ပျက်လား မပျက်လားဆိုတာ စဉ်းစားဆင်ခြင်ကြည့်တာပေါ့။ အဲလို စူးစူးစိုက်စိုက် စဉ်းစားလိုက်တဲ့အခါ သူတို့က မမြဲဘူး၊ ပျက်တယ်လို့ဆိုတာ အမှန်အတိုင်း အရှိအတိုင်း ပြောပြောသွားလိမ့်မယ်။ ရုပ်မှန်း နာမ်မှန်းသိတုန်းက အရှိကိုသိနေတာ။ ပရမတ်ကို သိနေတာ။ ဒါလည်းပဲ အမှန်တရားပါပဲ။ ဒါကြောင့် အရှိက ပရမတ်၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ ပရမတ္ထသစ္စာပေါ့။ အဲဒီလို ပရမတ်အရှိတရားကို သိနေတဲ့အသိလေးဟာ ရုပ်နာမ်ကွဲတဲ့အသိ၊ ပရမတ်စစ်စစ်ကို မြင်နေတဲ့အမြင်ပါပဲ။ ပရမတ်မြင်မှ ဒိဋ္ဌိစင်၊ ဒိဋ္ဌိစင်မှ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မြင်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်။ ဒီလို ဆင့်ကဲတက်ယူရမှာကိုး။ ဒီပရမတ်ကို မမြင်နိုင်အောင် ပညတ်ကကွယ်တယ်၊ သမုတိကကွယ်တယ်၊ ဒိဋ္ဌိက ကွယ်ထားတယ်။ ဒီအကွယ်တွေ ဖယ်ရှားနိုင်မှ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်ပြီး သဘောဆိုက်အောင် ကြည့်လို့ ရမယ်လေ။ ဒီလိုကြည့်လိုက်လို့ သဘောပြောင်းလဲမှုလေးတွေ မြင်လာပြီဆိုရင် ပရမတ်အရှိသိတုန်းက အဖြစ်ကိုမြင်တာ၊ ပြောင်းလဲမှုကို သိတော့ အပျက်ကို မြင်တာ။ ဖြစ်ပျက်အစုံမြင်လာတာပေါ့။ ဒီတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သေသွားတဲ့ ဒိဋ္ဌိက သမုဒယသစ္စာ၊ ဒိဋ္ဌိလုပ်မှရောက်မယ့် အပါယ်ခန္ဓာ မလာတော့တာက နိရောဓသစ္စာပါပဲ။ ဒါဖြင့် ဖြစ်ပျက်မြင်ရင် သစ္စာမြင်တယ်။ ဖြစ်ပျက်သိရင် သစ္စာသိတယ်။ ဒီဖြစ်ပျက်တွေ မြင်ဖန်များအောင်လုပ်နိုင်ရင် ဒီဖြစ်ပျက်ခန္ဓာ ဒုက္ခသစ္စာတွေ မုန်းတဲ့ ဉာဏ်တက်လာလို့ မုန်းဉာဏ်ရင့်သန်လာရင် ဖြစ်ပျက်ပျောက်ဆုံးသွားတဲ့အခါ နိဗ္ဗာန်တံခါး ပွင့်ပြီပေါ့။ ဒါကြောင့် ရုပ်နာမ်သိတော့ ဒိဋ္ဌိပြုတ်၊ ဒိဋ္ဌိပြုတ်တော့ အပါယ်တံခါးပိတ်တယ်။ နိဗ္ဗာန်တော့ မရောက်သေးဘူး။ ဖြစ်ပျက်မြင်အောင်လုပ်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်ပါလိမ့်မယ်။ သစ္စာမသိဘဲနဲ့ ဘယ်သူမှ နိဗ္ဗာန်မရောက်နိုင်ပါဘူး။

ဒါကြောင့် ပညတ်နဲ့ ပရမတ်၊ သမုတိနဲ့ ပရမတ်ကွဲမှ ရုပ်နာမ်သိ။ ရုပ်နာမ်သိမှ ဒိဋ္ဌိကွာ။ ဒိဋ္ဌိကွာမှ ရုပ်သဘော နာမ်သဘော အမှန်သိ၊ အမှန်သိမှ ဖြစ်ပျက်မြင်။ ဖြစ်ပျက်မြင်တော့ သစ္စာသိ၊ သစ္စာသိတော့ နိဗ္ဗာန်တံခါးပွင့်ပြီပေါ့။

ဒေါက်တာအရှင်ပါရမီ