Sunday, July 31, 2011

နေရာ

နေရာဆိုတဲ့စကားလုံးဟာ မြန်မာစာပေ မြန်မာစကားမှာ အခြေအနေအမျိုးမျိုးအပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးနဲ့ သုံးလေ့ရှိတဲ့စကားလုံးတစ်လုံးပါ။ ရာထူးဌာနန္တရအတွက်ရော လူ့အဆင့်အတန်းအတွက်ပါ၊ ဒါ့အပြင် အများသိဖြစ်တဲ့ ကိုယ့်အိုးအိမ် တိုက်ခန်းစသည်ကိုလဲ နေရာလို့ ပြောဆိုလေ့ ရှိပါတယ်။ `ဒူးနေရာဒူး တော်နေရာ တော်` လို့လဲ ပြောလေ့ရှိကြတယ်။ ရံခါ တစ်ယောက်ယောက်က ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ သူနှင့်မဆိုင်ရာတွေ ၀င်လုပ်နေရင် ၀င်ရှုပ်နေရင်လဲ `မင်းက ကိုယ့်နေရာကိုယ် နေပါမှကွ` လို့ပြောတတ်ကြတယ်။ ထိုက်တန်တဲ့နေရာ ရရှိထားသူအတွက် `လူမှန် နေရာမှန်` လို့လဲ ပြောလေ့ရှိကြတယ်။ ဒီလို အဓိပ္ပါယ်မြောက်များစွာနဲ့ သုံးနေတဲ့နေရာဆိုတဲ့ စကားလုံးထဲက လူသားတစ်ယောက်ရဲ့ အဆင့်အတန်း၊ ဗုဒ္ဓအလိုကျ လူသားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ နေရာအကြောင်းကိုလဲ သိစေချင်ပါတယ်။

လူသားတွေဟာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေကိုယ် သိရင် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေတတ်လာပါတယ်။ ကိုယ့်နေရာကိုယ် သိရှိထားရင် ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုသာ လုပ်ကြတာပါပဲ။ မသိရင်တော့ အလွဲအမှားတွေ များတာပေါ့။ ခဏတာ လွဲမှားတာကို မပြောသာပေမယ့် တစ်ဘ၀တာလွဲမှားသွားမယ်ဆိုရင်တော့ လူဖြစ်ရှုံးတတ်ပါတယ်။ လောကမှာ လူဟာ တန်ဖိုးအရှိဆုံး၊ အထက်တန်းအကျဆုံး၊ ဂုဏ်အရှိဆုံးပါပဲ။ နတ်တွေ ဗြဟ္မာတွေဟာ ဘယ်လောက်ချမ်းသာတယ်ပြောပြော လူ့ဘ၀လောက်တော့ မမြင့်မြတ်ဘူး၊ အထက်တန်းမကျဘူး။ ခဲငါးခဲထဲမှာ နတ်ဘ၀ ရခဲတယ်၊ ဗြဟ္မာဝရခဲတယ်လို့ မပါဘူးလေ။ လူ့ဘ၀ကိုသာလျှင် ရခဲတဲ့ `မနုဿတ္တဘာဝဒုလ္လဘ` လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ `ဒေ၀တ္တဘာဝဒုလ္လဘ` နတ်ဘ၀ရခဲတယ်လို့ ဟောတော်မမူခဲ့ပါဘူး။

ဘုရားရှင် အဆူဆူ ပွင့်တော်မူလေ့ရှိတဲ့ ဘုံဗိမာန်ဟာလဲ လူ့ပြည်ပါပဲ။ ဘုရားဖြစ်တယ်ဆိုတာကလဲ နတ်က ဘုရားဖြစ်တယ်ဆိုတာ ထုံးစံမရှိပါဘူး။ လူသားစစ်စစ်ကသာလျှင် ဘုရားဖြစ်ရိုးရှိပါတယ်။ လူသားစစ်စစ်ဖြစ်မှသာလျှင် သာမဏေ၀တ်ခွင့် ရဟန်းခံခွင့်ဆိုတာလဲ ရရှိတာဖြစ်ပါတယ်။ နတ်ကိုရင် နတ်ရဟန်း ဗြဟ္မာရဟန်းဆိုတာ မရှိပါဘူး။ ဒါကြောင့် ရဟန်းခံ ကမ္မ၀ါစာမဖတ်မီ အန္တရာယ်တွေ မေးစိစစ်တဲ့အထဲမှာ `မနုေဿာသိ` - လူသားစင်စစ်ဟုတ်ရဲ့လား- လို့ မေးမြန်းစစ်ဆေးရပါတယ်။ ဒါဟာ နတ်ဗြဟ္မာတွေ လူယောင်ဖန်ဆင်းနိုင်တဲ့ နဂါးကဲ့သို့သော တိရစ္ဆာန်တွေ သာသာနာ့ဘောင်မှာ ရောနှောဝင်ရောက်လာမှာ စိုးလို့ စိစစ်ရတာဖြစ်ပါတယ်။ ဒါကြောင့် နတ်တို့ ဗြဟ္မာတို့ဆိုတာ ဘုရားဖြစ်ခွင့်မဆိုထားနဲ့၊ ရဟန်း သာမဏေပင် ၀တ်ခွင့် ဖြစ်ခွင့်မရှိရှာတဲ့ ဘ၀တွေပါ။ လူ့ဘ၀ လူ့နေရာ လူ့ပြည်ဟာ ဘယ်လောက် အထက်တန်းကျသလဲ ဆိုတာ ဒါလောက်ဆို အကဲခတ်နိုင်လောက်ပါပြီ။

တစ်ခါက သိကြားမင်းကြီးဟာ သူ့ဗိမာန်ဝကနေ အောက်သို့ညွတ်လျက် လူ့ပြည်လှမ်းပြီး လက်အုပ်ချီ ရှိခိုးနေတာကို သူ့အလုပ်အကျွေး မာတလိနတ်သားကမြင်တော့ `အရှင်သိကြားမင်း- ရှိခိုးရင်းရှိခိုး တစ်လောကလုံးမှာ ရှိတဲ့သူတွေကသာလျှင် အရှင်သိကြားမင်းကို ရှိခိုးရမှာပါ။ အရှင်သိကြားမင်းက ရှိခိုးရမယ့်သူမရှိဘူးလို့ထင်ပါတယ်။ အခု အရှင်သိကြားမင်းက ဘယ်လိုပုဂ္ဂိုလ်တွေကို ရှိခိုးနေတာပါလဲ၊ အရှင်သိကြားမင်း ရှိခိုးရမယ့်သူ လောကမှာ ရှိသေးလား` လို့မေးတဲ့အခါ သိကြားမင်းက-

ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလ၀န္တော ဥပါသကာ။

ဓမ္မေန ဒါရံ ပေါသေန္တိ၊ တေ နမဿာမိ မာတလိ။ စသည်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဓိပ္ပါယ်က လောကမှာ-

၁။ အလှူဒါန စတဲ့ကုသိုလ်ကောင်းမှု အမြဲပြုလုပ်နေတဲ့သူတွေ

၂။ ငါးပါး၊ ရှစ်ပါး စတဲ့ကိုယ်ကျင့်သီလ အမြဲစောင့်ထိန်းနေတဲ့သူတွေ

၃။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကို အမြဲယုံကြည် ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေ

၎။ သားသမီး ဇနီးမယားကို တရားသဖြင့် အမြဲပြုစုလုပ်ကျွေးနေတဲ့သူတွေရှိတယ်။ အဲဒီလို လူပုဂ္ဂိုလ်တွေကို ငါသိကြားမင်းက ရှိခိုးနေရတာ မာတလိနတ်သား လို့ဖြေလိုက်တာဖြစ်ပါတယ်။ ရဟန်းတွေကို ရှိခိုးတဲ့အကြောင်းကိုတော့ အထူးပြောစရာ မလိုလို့ ဒီမှာ မဖော်ပြခဲ့တာ။ ရဟန်းတွေကိုရှိခိုးရတဲ့အကြောင်းလဲ သိကြားမင်းက ဖြေကြားခဲ့တာပါပဲ။ ဒီနေရာမှာ နတ်တို့သနင်း သိကြားမင်းကြီးသည်ပင် လူသား (လူဝတ်ကြောင်)တို့ကို ရှိခိုးနေရတယ်ဆိုတာကို သိစေချင်တာပါ။ ဒါပေမယ့် သိကြားမင်းရဲ့ ရှိခိုးမှုကိုခံယူနိုင်ဖို့ ဒါနမြဲရမယ်၊ သီလမြဲရမယ်၊ သရဏဂုံမြဲရမယ်။ တရားသဖြင့် စီးပွားရှာဖွေကြရမယ်။ ဒါဆိုရင် လူသားသိက္ခာနဲ့ ပြည့်စုံနေပါပြီ။ မြင့်မြတ်တဲ့နေရာ မြင့်မြတ်တဲ့ အဆင့်အတန်းမှာရှိတဲ့ လူသားတစ်ယောက် ပီသနေပါပြီ။ သိကြားမင်းရဲ့ ရှိခိုးမှုကို ခံယူထိုက်တဲ့ လူသားတစ်ယောက်ဖြစ်နေပါပြီ။ ဒီလို သိကြားမင်းကပင် ရှိခိုးရမှတော့ သူ့တပည့် လက်ပါးစေ နတ်တွေကလဲ လူသားတွေကို ရှိခိုးကြရတော့တာပေါ့။ ဒါလောက်ဆို လူသားနဲ့နတ် ဘယ်ဟာက မြတ်သလဲဆိုတာ သိလောက်ပါပြီ။

မြင့်မြတ်တဲ့နေရာမှာ ရှိနေတဲ့ လူသားတွေအတွက် ကိုးကွယ်ရာဟာလဲ အမြင့်ဆုံး အမြတ်ဆုံးပဲ ဖြစ်ရမယ်လေ။ ပစ္စေကဗုဒ္ဓါဖြစ်ဖို့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရပါတယ်။ ဘုရားဆုရဲ့ တစ်ဝက်လောက်အထိ ပါရမီတွေ ဖြည့်ကျင့်ရတာပါ။ ဒီလို ပါရမီတွေ ဖြည့်ဆည်းခဲ့ရပေမယ့် ကိုးကွယ်ရာသရဏဂုံသုံးပါးမှာ ပစ္စေကဗုဒ္ဓါကို ထည့်မထားပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်မှ ဖြစ်တော်မူရတဲ့ အမြင့်ဆုံး အမြတ်ဆုံး သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုသာလျှင် `ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ` လို့ ကိုးကွယ်ရာစာရင်းမှာ ထည့်သွင်းထားတာပါ။ ဒါဟာ အမြင့်မြတ်ဆုံး နေရာမှာရှိနေတဲ့ လူသားတွေရဲ့ ကိုးကွယ်ရာဟာလဲ အမြင့်မြတ်ဆုံးပဲ ဖြစ်နေလို့ပါပဲ။ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးသည်သာလျှင် မြင့်မြတ်တဲ့လူသားတွေအတွက် ကိုးကွယ်ရာဖြစ်ပါတယ်။ ရတနာမြတ်သုံးပါးကို ကိုးကွယ်ခြင်းဟာ ဘေးကင်းတယ်၊ မြင့်မြတ်တယ်၊ ခန္ဓာဒုက္ခ သံသရာဒုက္ခ ဒုက္ခမှန်သမျှမှ ကင်းလွတ်ရာအစစ်အမှန်ဖြစ်တဲ့ နိဗ္ဗာန်ကိုလဲ ရတနာမြတ်သုံးပါးအပေါ် ယုံကြည်မှုမရှိဘဲ မရနိုင်၊ ယုံကြည်ကိုးကွယ်သူတို့သာလျှင် ရနိုင်ပါတယ်။ ဒါကြောင့် ရတနာမြတ်သုံးပါးလို့ဆိုတဲ့ သရဏဂုံသုံးပါးဟာ လူသားတို့အတွက် ထိုက်တန်သော မြင့်မြတ်သော စစ်မှန်သောကိုးကွယ်ရာသာဖြစ်ပါတယ်။ `ဧတံ ခေါ် သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ` စသည်ဖြင့် ဘုရားရှင်ဟောတော်မူထားတဲ့အတိုင်း ပြောလိုက်တာပါပဲ။

သို့ပါလျှက် ကိုယ့်ထက် အဆင့်အတန်းနိမ့်ကျတဲ့ နတ်တွေကို လူတွေ ရှိခိုးဦးတိုက်နေကြတာဟာ အံ့သြစရာတွေ ဖြစ်နေပါတယ်။ သိကြားမင်းကပင်လျှင် ရှိခိုးဦးတိုက် ခံယူထိုက်တဲ့ လူသားတွေဟာ သိကြားမင်းရဲ့ နောက်လိုက် တပည့်သာဝက ငယ်သားတွေဖြစ်တဲ့ နတ်တွေကို ရှိခိုးဦးတိုက်နေကြတာဟာ အမြင်မတော်လှပါဘူး။ မိမိကိုယ်ကို လက်မြှောက်အရှုံးပေးနေသလို ဖြစ်နေပါတယ်။ ရှင်ဘုရင်က ကျွန်ကိုရှိခိုးနေသလိုမျိုး ဖြစ်နေပါတယ်။ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် နေထိုင်နိုင်ဖို့ နေထိုင်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီလိုလက်မြှောက်အရှုံးပေးနေကြတဲ့အခါ သိကြားမင်းကလဲ `ငါ့တပည့်တွေကို ရှိခိုးနေတဲ့သူတွေကို ငါ ဂရုမစိုက်တော့ဘူး` ဆိုပြီး ဥပေက္ခာပြုထားလိုက်တော့ နတ်တို့ကလဲ သူတို့အရှင်သခင် သိကြားမင်းဥပေက္ခာပြုထားတဲ့ လူသားတွေကို ထင်ရာပြုစားနိုင်လာတော့တာပါပဲ။

ကိုယ်တိုင်ကြိုးစား စီးပွားရှာလို့ အောင်မြင်လာတာကို နတ်က မ စ လို့ဆိုပြီး ကိုယ့်ရဲ့ အားထုတ်မှုတွေကို သူတစ်ပါးထံ ပုံချနေကြတဲ့ နတ်ယုံကြည်မှုဝါဒီတွေအတွက် သိပ်သနားစရာကောင်းလှပါတယ်။ တကယ်တော့ နတ်က ဘာတစ်ခုမှ မ စ မပေးနိုင်ပါဘူး။ ဒုက္ခပေးစရာရှိလျှင်သာ သူတို့ကိုးကွယ်နေတဲ့သူတွေကို ဒုက္ခ လှလှကြီးပေးတတ်တာပါ။ ဒါပေမယ့် မကိုးကွယ်သူကို ဒုက္ခမပေးနိုင်ဘူးဆိုတာ သေသေချာချာ မှတ်ထားဖို့လိုပါတယ်။ ဒါကြောင့် ဘုရားရှင်က `ဇာတံ သရဏတော ဘယံ`- ကိုးကွယ်ရာမှ ဘေးဖြစ်တတ်၏ လို့ဟောတော်မူခဲ့တာပါပဲ။ ကိုးကွယ်ရာစာရင်းမှာ မပါတဲ့ နတ်တွေကို ကိုးကွယ်ရာအဖြစ်နဲ့ ယုံကြည်ကိုးကွယ်နေခြင်းဟာ မိမိကိုယ်ကို ဆင်းရဲတွင်းထဲ ဆွဲသွင်းနေသလိုဖြစ်နေပါတယ်။ ဘုရားရှင်က မြင့်မြတ်တဲ့နေရာမှာရှိတဲ့ လူသားတွေအတွက် ကိုးကွယ်ရာစာရင်း၌ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ ဖြစ်ခွင့်ရှိတဲ့ ပစ္စေကဗုဒ္ဓါတို့ကိုပင် ထည့်သွင်းမထားခဲ့ပါဘဲလျက် အခြေအနေအရပ်ရပ်ကြောင့် ဖြစ်နေကြတဲ့ နတ်တွေကို ရှိခိုးကိုးကွယ်နေကြတဲ့ လူသားတွေအတွက် `နတ်တို့သာလျှင် ငါတို့ရဲ့ ကိုးကွယ်ရာပဲ` လို့ခံယူမိသွားရင် သရဏဂုံပျက်လို့ မိစ္ဆာဒိဋ္ဌိဖြစ်သွားနိုင်ပါတယ်။ နတ် ဘိုးတော် ဘရသေ့ စတဲ့ သာသနာနဲ့ မလျော်တဲ့အရာတွေကို ကိုးကွယ်လိုက်စားရင်း မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ အနန္တောအနန္တငါးပါးထဲမှာပင် ရတနာသုံးပါးနဲ့ မိဘ ဆရာတို့ကိုသာ တွေ့ရပါတယ်။ နတ် ဘိုးတော်တွေ မပါပါဘူး။ ဒါကြောင့် နတ်တွေကို ကိုးကွယ်ဆည်းကပ်နေတာဟာ ကိုယ့်မိဘ ကိုယ့်ဆရာသမားကို ရိုရိုသေသေ ပြုစုလုပ်ကျွေးနေသူလောက် မမြင့်မြတ်ပါဘူး။ ရတနာသုံးပါး မိဘဆရာသမားတို့ကို နေ့စဉ်ပုံမှန်ရှိခိုးဦးချအိပ်သူတစ်ယောက်လောက် လူဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။

လူ့ဘ၀ရဲ့နေရာဟာ နတ်တွေထက်လဲ သာတယ်၊ ဗြဟ္မာတွေထက်လဲ သာတယ်။ အောက်အောက်မှာ ရှိတဲ့ အပါယ်လေးဘုံသားတွေထက်ဆိုလျှင် ပြောစရာမလိုတော့ပါဘူး။ လူ့ဘ၀ လူ့နေရာမှာသာ ဘုရားဖြစ်ခွင့်ရှိလို့၊ ရဟန်းသာမဏေ ၀တ်ခွင့်ရှိလို့ အခြားဘုံသားတွေထက် အစစအရာရာ သာလွန်မြင့်မြတ်တယ်ဆိုတာ သိရှိထားရင် ကိုယ့်ထက်နိမ့်ကျတဲ့နတ်တွေကို ဒူးထောက်လက်မြှောက်အရှုံးပေး ကိုးကွယ်နေစရာမလိုတော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ လူသားတွေကလဲ အမြင့်ဆုံး အမြတ်ဆုံးဖြစ်သလို လူသားတွေရဲ့ ကိုးကွယ်ရာဟာလဲ အမြင့်ဆုံးအမြတ်ဆုံးအဖြစ်နဲ့ သရဏဂုံသုံးပါးကိုသာ ထာဝစဉ်ကိုးကွယ်တတ်ကြတဲ့ ဗုဒ္ဓ၀ါဒီစစ်စစ်များဖြစ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်း နတ်တို့ရဲ့ ကူညီမစမှုကို ခံယူချင်တယ်ဆိုရင် သူတို့ကိုရှိခိုးဦးတင်နေရမှာ မဟုတ်ပါဘူး။ မေတ္တာပို့ပေးရမှာသာ ဖြစ်ပါတယ်။ ဒါမှ နတ်တွေက ချစ်ခင်လာပြီး ကူညီစရာရှိလျှင် ကူညီ၊ စောင့်ရှောက်စရာရှိလျှင် စောင့်ရှောက်လို့ နှစ်ဦးနှစ်ဘက် ကောင်းကျိုးချမ်းသာခံစားရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် နတ်တို့ရဲ့ ကူညီမစမှု အစစ်ကိုခံယူရရှိနိုင်မှာ ဖြစ်ပါတယ်။ သူတို့ကို ရှိခိုးဦးတိုက်နေသူတွေကိုတော့ နတ်တို့က ဒုက္ခသာပေးမယ်၊ ကောင်းကျိုးမပေးနိုင်ပါဘူး။ မေတ္တာပို့သပေးနေသူကိုသာ သူတို့က ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။

ဒါကြောင့် အမြင့်မြတ်ဆုံးနေရာမှာရှိတဲ့ လူသား၊ သိကြားမင်းရဲ့ ရှိခိုးမှုကိုပင် ခံယူထိုက်တဲ့လူသားတွေဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်ပြီးမှ ရရှိတော်မူခဲ့တဲ့ သဗ္ဗညုတ ဉာဏပိုင်ရှင် ဘုရားရှင်ကိုသာ ကိုးကွယ်ကြဖို့၊ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ ကိုးကွယ်ကြဖို့၊ ဘုရားရှင်ရဲ့တပည့်သာဝက သံဃာတော်တွေကိုသာ ကိုးကွယ်ကြဖို့ ကိုးကွယ်ရာအစစ်အမှန်ကို ညွှန်ပြရင်း သိကြားမင်းရှိခိုးခံထိုက်သူတွေဖြစ်အောင် မြင့်မြတ်တဲ့နေရာ လူ့ဘုံ မြင့်မြတ်တဲ့လူသားဘ၀ကိုရရှိခိုက်မှာ မြင့်မြတ်တဲ့ကိုးကွယ်ရာ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ကိုးကွယ်ရာကို ရွေးချယ်တတ်ကြပြီး ကုသိုလ်ကောင်းမှုတွေနဲ့ ပျော်မွေ့နိုင်တဲ့ မဟာလူသား ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေ၊ သိကြားမင်းရှိအခိုးခံထိုက်သူများ ဖြစ်အောင် ကြိုးစားနေထိုင်တတ်ကြပါစေ။

ဒေါက်တာအရှင်ပါရမီ

Saturday, July 30, 2011

ရခဲခြင်းလေးပါးအကြောင်းနှင့် လူဖြစ်ရကျိုးနပ်ပြီလား (ဒုတိယပိုင်း)

လူအဖြစ်ကိုရပြီးဖြစ်လို့ လူ့ ဘဝကိုရဖို့ လို့ ခဲယဉ်းခြင်းဆိုတဲ့ နံပါတ်(၁)ရခဲခြင်းတစ်ပါးနဲ့ ပြည့်စုံခြင်းသည်ပင်လျှင် အင်မတန်မှ အတိတ်ကံနှင့်ပြည့်စုံခြင်းဖြစ်ပါတယ်။

၂။ လူ့ဘဝကိုတော့ရနေပေမယ့် အသက်ရှည်ရှည်နေရဖို့ ခဲယဉ်းခြင်းဆိုတဲ့ အချက်ကိုလေ့လာကြည့်ကြဦးစို့။ ဒီအချက်ကလည်းမြတ်စွာဘုရားဟောတော်မူတာ အင်မတန်မှ မှန်ကန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဆိုရင် အမိဝမ်းထဲမှာပင်သေကြေပျက်စီးနေကြတာတွေ၊ အပြင်ရောက်ရောက်ခြင်းသေဆုံးကြတာတွေ၊ လပိုင်းလေးမျှ အသက်ရှင်ပြီးသေဆုံးကြတာတွေ၊ တစ်နှစ်၊ နှစ်နှစ်အရွယ်ရောက်မှသေကြေပျက်စီးကြတာတွေ စသည်ဖြင့် သက်တန်းတိုတောင်းစွာသေကြတဲ့သူတွေကို ကြည့်မယ်ဆိုရင် ဒီအချက်အလွန်ပင်မှန်ကန်တာ တွေ့ရမှာပါ။ ထိုသို့ သော ပုဂ္ဂိုလ်များထက်စာလျှင် စာဖတ်သူ ဒကာ ဒကာမများမှာ အသက်ရှည်ရှည်နေရတယ်လို့ ပြောလို့ရပါတယ်။ ယခုစာရေးသူ ဦးဇင်းလည်းအသက်အားဖြင့် နှစ်ဆယ်ကျော်ရှိနေပါသောကြောင့် ထိုထိုသို့သော အသက်တန်းတိုတောင်းစွာဖြင့် လူဘဝရဲ့တန်ဘိုးကိုနားမလည်သေးခင် သေကြေပျက်စီးသွားတဲ့ ပုဂ္ဂိုလ်များကိုထောက်ဆကြည့်ရင် အသက်ရှည်ရှည်နေရတယ်လို့ ပြောရပေမယ်။ ခြောက်ဆယ်၊ ခုနစ်ဆယ်၊ ရှစ်ဆယ် အရွယ်ရှိကြသော မိဘအရွယ် အဖွားအရွယ်များကိုထောက်ဆကြည့်ရင်တော့ အသက်ရှည်ပါတယ်လို့ ပြောလို့ မရနိုင်သေးပါ။ မည်သို့ပင်ဖြစ်စေကာမူ လူဘဝတန်ဘိုးကိုသိတတ်နေတဲ့အရွယ်၊ မြတ်စွာဘုရားရှင်၏ အဆုံးမတရားတော်များကို ကောင်းစွာနားလည်နေတဲ့အရွယ် ကောင်းစွာကျင့်ကြံနိုင်တဲ့အရွယ်ဖြစ်လို့ စာဖတ်သူများအနေနှင့်လည်း အသက်ရှည်ရှည်နေရဖို့ ခဲယဉ်းခြင်းဆိုတဲ့ ခဲယဉ်းခြင်းနှင့်လည်းပြည့်စုံနေပါတယ်လို့ ပြောလို့ရပါတယ်။ အင်မတန်မှပင် အတိတ်ကုသိုလ်ကံနှင့်ပြည့်စုံနေပါပြီဟုဆိုရပါမယ်။ နောက်ထပ်အသက်မည်မျှနေရဦးမည်ဆိုတာကိုတော့ ဦးဇင်းတို့တွေခန့်မှန်းလို့မရသေးပါဘူး။ ဒါကြောင့်မြတ်စွာဘုရားရှင်က သတ္တဝါတွေ အသက်ရှည်ရှည်နေရဖို့ခဲယဉ်းတယ်လို့ဟောတော်မူတာပါ။ မှန်လည်းမှန်ကန်လှပါတယ်။ ဒါက နံပါတ်(၂)ဖြစ်တဲ့ အသက်ရှည်ရှည်နေရဖို့ ခဲယဉ်းခြင်းဆိုတဲ့အချက်ကို လေ့လာကြည့်ခြင်းဖြစ်ပါတယ်။

(၃) သူတော်ကောင်းတရားကိုနာကြားရဖို့ ခဲယဉ်းခြင်းဆိုတဲ့အချက်ကိုလေ့လာကြည့်ပါက (သူတော်ကောင်းဆိုတာ မြတ်စွာဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်များ၊ မြတ်စွာဘုရားရဲ့တရားတော်အတိုင်းလိုက်နာကျင့်ကြံနေတဲ့ သံဃာတော်အရှင်မြတ်များ၊ တစ်ခြားတစ်ခြားသော သူတော်စင်ပုဂ္ဂိုလ်များကိုဆိုလိုတာပါ။ တရားဆိုတာကတော့ ထိုထိုသို့ သော မြတ်စွာဘုရားရှင်၊ ရဟန္တာအရှင်မြတ်များနှင့် သံဃာတော်အရှင်မြတ်များ၏ အဆုံးအမ သြဝါဒ ဟောပြောချက်များကိုဆိုလိုတာပါ။) အဲလိုသူတော်ကောင်းတို့၏ အဆုံးအမ သြဝါဒ ဟောပြောချက်များကိုနာကြားရဖို့ ဆိုတာလည်း အင်မတန်မှခဲယဉ်းပါတယ်။ နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ မြတ်စွာဘုရားရှင် ဟောပြောတော်မူခဲ့တဲ့တရား ထိုတရားတော်များကို မြတ်စွာဘုရား၏ကိုယ်စား ပြန်လည်ဆုံးမ ဟောပြောတော်မူနေကြတဲ့ တရားဟော ဆရာတော်များရဲ့တရားကို နားကြားရဖို့ ခဲယဉ်းခြင်းပါပဲ။ သံဃာတော်အရှင်မြတ်များက မြတ်စွာဘုရားကိုယ်စားဟောတော်မူနေကြတာပါ။ တကယ်တော့မြတ်စွာဘုရားရဲ့တရားတော်ပါပဲ။ အဲဒီတရားကိုနားကြားရဖို့ခဲယဉ်းပါတယ်။ ဘာလို့ လဲဆိုတော့ မြတ်စွာဘုရားတရားကိုနာယူဖို့ ဆိုတာက ကိုယ်က လူဖြစ်နေဦးမှ၊ လူဖြစ်ပြန်သော်လည်း ဗုဒ္ဓဘာသာဖြစ်နေဦးမှ၊ ဗုဒ္ဓဘာသာဖြစ်နေပြန်သော်လည်း ဘုရား တရား သံဃာတော်တွေကို ဆည်းကပ်ကိုးကွယ်လိုတဲ့ သဒ္ဓါတရားလည်းရှိနေဦးမှ နားကြားခွင့်ရတာပါ။ တိရိစ္ဆာန်ဖြစ်နေရင် နားကြားခွင့်မရပါ။ ဗုဒ္ဓဘာသာ မဟုတ်ပြန်လည်းနာကြားခွင့်မရပါ။ တကယ်နားကြားချင်တဲ့စိတ်ရှိနေဦးမှသာလျှင် နားကြားခွင့်ရမှာပါ။ မိထွေးတော်ဂေါတမီ ဆိုသလိုပေါ့။ မြတ်စွာဘုရားတရားကို ဘုန်းကံကြီးမားသူများသာလျှင် နားကြားခွင့်ရတာပါတဲ့။ ဦးဇင်းတို့မြန်မာပြည်အတိုင်းတာနဲ့ ကြည့်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း တရားပွဲများ ကျင်းပနေတာဖြစ်သည့်အတွက် တရားနာဖို့ လွယ်ကူတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ ကြည့်မယ်ဆိုရင်တော့ ဘာမှမပြောပလောက်ပါဘူး။ မြတ်စွာဘုရား သာသနာမရောက်တဲ့နေရာတွေ အပါယ်လေးဘုံသားတွေ ဆိုရင် တရားဆိုတာ ဘာမှန်းမသိပါဘူး။ ဗုဒ္ဓဘာသာဖြစ်လျှက် တရားနာယူချင်တဲ့စိတ်မရှိရင်လည်း ဗုဒ္ဓဘာသာစစ်စစ်ကနေ ဘာသာခြားဖြစ်နေသလိုဖြစ်တတ်ပါတယ်။ အထူးသတိပြုစေချင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရှင်ရဲ့တရားကို တကယ်ဘုန်းကံကြီးမားသူများသာ နာကြားခွင့်ရကြတာ။ တရားပွဲတွေများတယ်ဆိုပေမယ့် တကယ်နာယူသူကတော့ အင်မတန်နည်းလှပါတယ်။ ထိုထိုသို့သောအချက်များကိုကြည့်မည်ဆိုပါက သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းကြောင်းထင်ရှားလှပါတယ်။ နိုင်ငံရပ်ခြားရောက်နေသော ဗုဒ္ဓဘာသာဝင်များအနေနှင့် တရားပွဲတစ်ပွဲပင့်ပြီးပြုလုပ်ဖို့ဆိုတာ အင်မတန်ခဲယဉ်းကြောင်းကို ထောက်ဆမယ်ဆိုရင်လည်းသိနိုင်ပါသေးတယ်။ ဒါကြောင့်မြတ်စွာဘုရားရှင်က သူတော်ကောင်းတရားနာကြားရဖို့ခဲယဉ်းတယ်လို့ ဟောတော်မူတာပါ။ ယခု စာဖတ်သူများအနေနဲ့ ထိုအချက်နှင့်လည်းပြည့်စုံနေတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ တရားစာတွေဖတ်ရတယ်၊ ပြီးတော့ မိမိကြိုက်နှစ်သက်တဲ့တရားအသံဖိုင်များကို နာယူခွင့်ရနေကြလို့ပါ။ တကယ်နာယူမည်ဆိုပါက ထိုအချက်နှင့်ပြည့်စုံနေပါလိမ့်မယ်။ ထိုအချက်နဲ့ပြည်စုံဖို့ ဆိုတာကလည်း လွယ်ကူတယ်လို့ မထင်လိုက်ပါနဲ့။ အပေါ်ကပြောခဲ့တဲ့အတိုင်းပေါ့လေ။ လူလည်းဖြစ်ဦးမှ ဗုဒ္ဓဘာသာလည်းဖြစ်ဦးမှ တကယ်နာကြားချင်စိတ်လည်းရှိဦးမှ အဲလိုအချက်အလက်နဲ့ပြည့်စုံမှ နာကြားခွင့်ရတာပါ။ စာဖတ်သူများလည်း ထိုသို့ နာယူမှတ်သားနေတာဖြစ်လို့ ထိုအချက်နှင့်ပြည်စုံနေပါတယ်လို့ ယူဆလိုက်ပါတယ်။

(၄)ဘုရားတစ်ဆူဆူပွင့်ဖို့ ခဲယဉ်းခြင်းတယ်တဲ့။ ဘာကြောင့် ဘုရားတစ်ဆူဆူပွင့်ဖို့ခဲယဉ်းတာလည်းဆိုတော့ ဘုရားဖြစ်အောင်ကျင့်ရတဲ့အကျင့်တွေ ပါရမီတွေကများလို့ပါ။ အကျင့်တွေ များသလို ကျင့်ရတဲ့ကာလဟာလည်းအလွန်ပင်ရှည်လျားလှပါတယ်။ ပါရမီတွေက-

၁။ ဒါန – အလှူလှူခြင်း

၂။ သီလ – အကျင့်ကျင့်ခြင်း

၃။ နိက္ခမ – တောထွက်ခြင်း

၎။ ခန္တီ – သည်းခံခြင်း

၅။ အဓိဌာန – ဆောက်တည်ခြင်း

၆။ သစ္စာ – မှန်ကန်စွာဆိုခြင်း

၇။ ဝိရိယ – လုံလထကြွခြင်း

၈။ ပညာ – ဉာဏ်နှင့်ပြည့်စုံခြင်း

၉။ မေတ္တာ – ချစ်ခြင်း

၁၀။ ဥပေက္ခာ – လျစ်လျှူရှုခြင်း- ဟူ၍ ဆယ်ပါးဖြစ်ပါတယ်။

ထိုပါရမီ ဆယ်ပါးတို့ကို အယုတ်၊ အမြတ်၊ အလတ်၊ အမြတ်အားဖြင့် တစ်ပါးပါး၌ သုံးပါး သုံးပါးစီ ပြားပြန်သောကြောင့် ဒသပါရမီ၊ ဒသဥပပါရမီ၊ ဒသပရမတ္ထပါရမီဆိုပြီး ပါရမီဆယ်ပါး အပြားသုံးဆယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

မည်သည့် ကမ္ဘာတွင် ပေါ်ထွန်းသော မည်သည့်ဗုဒ္ဓမဆို ထိုပါရမီများကို ဖြည့်ဆည်းမှသာလျှင် ဘုရားဖြစ်ရပါတယ်။ ကျင့်ကြံရတဲ့ ကာလကလည်းမြတ်စွာဘုရားရှင်အပေါ်မူတည်ပြီး ကွဲပြားခြားနားချက်ရှိပါတယ်။ ဆိုလိုတာက ပညာဓိကဘုရား၊ ဦးဇင်းတို့မြတ်စွာရှင်ဆိုလို့ရှိရင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီတွေကိုဖြည့်ကျင့်ရတာပါ။ သဒ္ဓါဓိကဘုရား- သဒ္ဓါတရားကိုအကြီးမှူးထားပြီးဘုရားဖြစ်မယ့် ဘုရားရှင်ဟာ ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရပါတယ်။ ဝီရိယာဓိကဘုရား-ဝီရိယကိုအကြီးမှူးထားပြီးဘုရားဖြစ်မယ့် ဘုရားရှင်ဟာ တစ်ဆယ့်ခြောက်သင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများကိုဖြည့်ကျင့်ရပါတယ်။ အဲလို ဖြည့်ကျင့်ရတဲ့ပါရမီတွေ ဖြည့်ကျင့်ရတဲ့ကာလတွေများသည်ဖြစ်လို့  မြတ်စွာဘုရားရှင်က ဘုရားတစ်ဆူဆူဖြစ်ဖို့ခဲယဉ်းတယ်လို့ ဟောတာပါ။ ထိုနံပါတ်(၄)အချက်က ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဒကာ ဒကာမများမှာ ပြည့်စုံနေပါတယ်။ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးဖြစ်သော်လည်း မြတ်စွာဘုရား တရားတော်များဟာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူသကဲ့သို့ပင် ဖြစ်တယ်လို့ ဟောတော်မူခဲ့တဲ့ ဒေသနာတော်ကိုထောက်ဆကြည့်ရင် ဦးဇင်းတို့ တစ်တွေဟာ မြတ်စွာဘုရားပွင့်တော်မူရာ အခါနှင့်ကြုံကြိုက်နေကြတာပါ။ ဘုရားတစ်ဆူတစ်ဆူပွင့်ဖို့ ခဲယဉ်းလှပါတယ်ဆိုတော့ ဘုရားနှင့်ကြုံဖို့ ခဲယဉ်းတယ်လို့ ပြောလိုတာပါ။ ယခုအနေထားမှာတော့ မြတ်စွာဘုရားနှင့်ကြုံကြိုက်နေတာဖြစ်လို့  နံပါတ်(၄)အချက်နှင့်လည်းပြည့်စုံနေကြပါပြီ။

ရခဲခြင်းလေးပါထဲက တစ်ပါးနှင့်ပြည့်စုံဖို့ တောင် မလွယ်ကူတာပါ။ ဒါပေမယ့် ဦးဇင်းတို့ ဒကာ ဒကာမများက လေးပါးလုံးနှင့်ကိုပြည့်စုံနေကြတာဖြစ်လို့ အတိတ်ကုသိုလ်ကံ အင်မတန်မှပင် ကြီးမားကြောင်းထင်ရှားလှပါတယ်။ ထိုလေးပါးလုံးနှင့်ပြည်စုံနေခိုက်မှာ မေ့လျော့ပေါ့ဆနေမယ်၊ အကုသိုလ်များနှင့် လုံလည်ချာလည်လိုက်မယ်၊ မကောင်းတဲ့ဒုစရိုက်တွေနဲ့ ပျော်မွေ့နေမယ်၊ ကောင်းမှုကုသိုလ်ဘာတစ်ခုမှ မလုပ်ပဲသေသွားမယ်ဆိုရင် အပါယ်လေးပါးရောက်ပြီး လူဖြစ်ရကျိုးမနပ်ပဲဖြစ်နေပါလိမ့်မယ်။ အဲလိုမှမဟုတ်ပဲ စီးပွားရေးကို သမ္မာအာဇီဝကျကျလုပ်ကိုင်တယ်။ ဘုရား တရား သံဃာ မိဘ ဆရာများနှင့်ပတ်သတ်ပြီး ကုသိုလ်အလုပ်တွေလုပ်နေမယ်။ မိမိအောက်ဆင်းရဲနွမ်းပါးသူများကို ကူညီထောက်ပံ့မယ်။ သီလလည်းမြဲမယ်။ အခါအားလျော်စွာ တရားနာခြင်း တရားထိုင်ခြင်းစတဲ့ ကောင်းမှုကုသိုလ်တွေကို အမြဲဝတ်ထားပြီးပြုလုပ်နေမယ်ဆိုရင် ဒီဘဝက စွန့်ခွာသွားရင်တောင် ကောင်းသော ဘုံဌာနများကိုရောက်ပြီး ကောင်းသော ချမ်းသာသော အကျိုးတရားများစွာကိုခံစားကြရမှာပါ။ ယခုလက်ရှိဘဝမှာလည်း လူဖြစ်ရကျိုးနပ်နေကြပြီလို့ဆိုရမှာပါ။ နိဗ္ဗာန်မရသေးလို့ တမလွန်လောက ဟိုဘက်ဘဝကို ရောက်မယ်ဆိုရင်လည်း ကောင်းသော ဘုံဌာနများမှာကျင်လည်ပြီး အဆင့်မြင့် ချမ်းသာများစွာကိုရမှာဖြစ်လို့ စီးပွားရေးကို သမာအာဇီဝကျကျလုပ်ကိုင်တယ်။ ဘုရား တရား သံဃာ မိဘ ဆရာ များနှင့်ပတ်သတ်ပြီး ကုသိုလ်အလုပ်တွေလုပ်နေမယ်။ မိမိအောက်ဆင်းရဲနွမ်းပါးသူများကို ကူညီထောက်ပံ့မယ်။ သီလလည်းမြဲမယ်။ အခါအားလျော်စွာ တရားနာခြင်း တရားထိုင်ခြင်းစတဲ့ကောင်းမှုကုသိုလ်တွေကို အမြဲဝတ်ထားပြီးပြုလုပ်နေတဲ့ပုဂ္ဂိုလ်များဟာ လူဖြစ်ရကျိုးနပ်နေတဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ အခုဦးဇင်းပြောတဲ့ အချက်များကိုကြည့်ပြီး "ငါ လူဖြစ်ရကျိုးနပ်ပြီလား"လို့ မိမိကိုယ် မိမိ ပြန်မေးကြည့်ပါ။ လူဖြစ်ရကျိုးမနပ်သေးရင် လူဖြစ်ရကျိုးနပ်လာအောင် လူဖြစ်ရကျိုးနပ်တဲ့ပုဂ္ဂိုလ်များလည်း ဒီထက်မက လူဖြစ်ရကျိုးနပ်အောင် ကျင့်ကြံကြပါလို့တိုက်တွန်းလိုက်ရပါတယ်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Friday, July 29, 2011

ရခဲခြင်းလေးအကြောင်းနှင့် လူဖြစ်ရကျိုးနပ်ပြီလား (ပထမပိုင်း)

မြတ်စွာဘုရားရှင် ဧရကပတ္တနဂါးမင်းကိုဟောထားတဲ့ ဒေသနာတော်လေးတစ်ခုပါ။ အဲဒီမှာ ဘာဟောထားသလဲလို့ဆိုတော့ ရခဲခြင်းတရားလေးပါးဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခု သတိပြုရမှာက ရဟန်းတွေ လူပရိတ်သတ်တွေကို ဟောလေ့ရှိတဲ့ ဒုလ္လဘတရား(၅)ပါးနဲ့ မရောမိစေဖို့ပါဘဲ။ ဒုလ္လဘဆိုတာလည်း ရခဲခြင်းဆိုတော့ အဓိပ္ပါယ်က အတူတူပါပဲ။ ဒါပေမယ့် အခုဦးဇင်းပြောချင်တာက တိရိစ္ဆာန်ဖြစ်တဲ့ ဧရကပတ္တနဂါးမင်းကြီးကိုဟောထားတဲ့ ရခဲခြင်းလေးပါးဒေသနာတော်ဖြစ်ပါတယ်။ အဲဒီမှာမြတ်စွာဘုရားက ဘာဟောထားလို့ ဆိုတော့ ၁။လူဘဝကိုရဖို့ ခဲယဉ်းခြင်း။ ၂။လူ့ဘဝရသော်လည်း အသက်ရှည်ရှည်နေထိုင်ရဖို့ ခဲယဉ်းခြင်း။ ၃။သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းခြင်း။ ၄။ဘုရားတစ်ဆူဆူပွင့်ဖို့ ခဲယဉ်ခြင်း- ဆိုပြီး ရခဲခြင်းလေးပါးကိုဟောထားတာပါ။ ဒီ...ရခဲခြင်းလေးပါထဲက တစ်ပါးရဖို့ ပင်အင်မတန်မှခဲယဉ်းပါတယ်တဲ့။ လေးပါးလုံးနဲ့ ပြည့်စုံဖို့ ဆိုရင်တော့(အင်မတန့် ) အင်မတန်ခဲယဉ်းပါတယ်လို့ ပြောပြချင်တာပါ။ အဲဒီ(၄)ချက်ကိုသုံးသပ်ကြည့်ကြပါဦးစို့။

(၁)။ လူ့ ဘဝကိုရဖို့ ခဲယဉ်းတယ်ဆိုတဲ့အချက်ပေါ့လေ။ အခု ဦးဇင်းတို့ နေထိုင်တဲ့ ကမ္ဘာလောကကြီးထဲမှာ လူဦးရေ သန်းပေါင်းခြောက်ထောင်ကျော်ကျော်ရှိနေပါတယ်။ လူဘဝရဖို့ ခဲယဉ်းတယ်ဆိုပြီး ဒီလူသားပေါင်းသန်းပေါင်းခြောက်ထောင်ကျော်ကျော် ရှိနေတဲ့အတွက် အလွန်များပြားတဲ့လူဦးရေ အထင်နဲ့  (လူ့ ဘဝ ရဖို့ လို့  မခဲယဉ်းပါဘူး လွယ်ကူပါတယ်လို့)့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်တော့ တကယ်လူ့ဘဝရဖို့ မလွယ်ကူပါဘူး။ မြတ်စွာဘုရားဟောတော်မူတဲ့ အတိုင်း အမှန်ပင်ရဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ ဘာလို့ လဲဆိုတော့ အားလုံးစဉ်းစားကြည့်ပါ။ ဦးဇင်းတို့  ဗုဒ္ဓဘာသာ အယူအရ အပါယ်လေးဘုံဆိုတာရှိပါတယ်။ အဲဒီအပါယ်လေးဘုံထဲက တိရိစ္ဆာန်အရေအတွက်နဲ့ ပဲ နှိုင်းယှဉ်ကြည့်ပါ။ မြေပေါ်ရှိတဲ့တိရိစ္ဆာန် မြေအောက်မှာရှိနေတဲ့ တိရိစ္ဆာန်၊ ရေထဲမှာရှိနေတဲ့ တိရိစ္ဆာန်၊ လေထဲမှာ သွားလာနေကြတဲ့ တိရိစ္ဆာန် အရေအတွက်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ တိရိစ္ဆာန်အရေအတွက်ကိုထားလိုက်ဦး။ ဦးဇင်းတို့မြန်မာပြည်မှာရှိနေတဲ့တိရိစ္ဆာန် အရေးအတွက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တောင်မှ လူသားပေါင်းသန်းပေါင်းခြောက်ထောင်ကျော်ကျော်ဆိုတာ မပြောပလောက်တဲ့အရေအတွက်ပါ။ ကျန်တဲ့ ငရဲ၊ ပြိတ္တာ၊ အသုရကာယ်ဆိုတဲ့ အပါယ်ဘုံသားတွေပါထည့်တွက်ပြီး နှိုင်းယှဉ်မည်ဆိုပါက အင်မတန်ပင် လူဦးရေ အရေတွက်နည်းပါးလှကြောင်း သိသာထင်ရှားလှပါတယ်။ မြတ်စွာဘုရားကလည်း နခသိခသုတ်မှာ ရှင်အာနန္ဒာကိုဟောထားတဲ့ ဒေသနာတော်တောင် ရှိနေပါသေးတယ်။ မြတ်စွာဘုရားရှင်က သူ၏လက်သည်းပေါ်မှာ မြေမှုန့် လေးတွေတင်ပြီး "ချစ်သား အာနန္ဒာ ငါဘုရားရဲ့လက်သည်းပေါ်မှာရှိတဲ့ မြေမှုန့် လေးနဲ့  ဒီကမ္ဘာလောကကြီးထဲမှာရှိတဲ့ မြေမှုန့် တွေဘယ်ကများလဲလို့ မေးတော်မူပါတယ်။ ဒီအခါအရှင်အာနန္ဒာက ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားရဲ့လက်သည်းပေါ်က မြေမှုန့် လေးတွေက ဒီကမ္ဘာလောကကြီးမှာရှိတဲ့ မြေမှုန့်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မပြောပလောက်အောင် နည်းပါပြီး ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ မြေမှုန့် တွေ ရေတွက်မရအောင်များပြားလှပါတယ်လို့ ဖြေပါတယ်။ ဒီအခါမြတ်စွာဘုရားက ချစ်သားအာနန္ဒာ လူလောက မှာရှိတဲ့ လူသားတွေဟာလည်း သေဆုံးပြီး အပါယ်လေးဘုံရောက်တဲ့သူဟာ ကမ္ဘာလောကကြီးမှာရှိတဲ့ မြေမှုန့်တွေလောက်များပြားပြီး လူ့ လောက စတဲ့ ကောင်းတဲ့ဘုံကိုရောက်တဲ့သူတွေကတော့ ငါ့ဘုရားရဲ့လက်သည်းပေါ်မှာရှိတဲ့မြေမှုန့်တွေလောက်ပဲ ရှိတယ်လို့ဟောတော်မူပါတယ်။ "ဒါဖြင့်ရင် ဒီဒေသနာတော်ကိုထောက်ဆကြည့်ရင် လူဘဝကိုရဖို့ အလွန်ပင်ခဲယဉ်းကြောင်းထင်ရှားလှပါတယ်။ သို့ သော် ယခုလက်ရှိ စာဖတ်သူ ဒကာ ဒကာမများအနေနဲ့ လူဘဝရနေကြပြီဖြစ်တဲ့အတွက် နံပါတ်(၁)ရခဲခြင်းတစ်ပါးနဲ့ ပြည့်စုံနေကြပြီဟု ဆိုလို့ ရပါတယ်။ (ဒုတိယပိုင်းဆက်လက်ရေးသားပါမည်။)

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Thursday, July 28, 2011

သောတာပန်နှင့် တူအောင်ကျင့်

ဘုရားကို ယုံ

တရားကို ယုံ

သံဃာကို ယုံ

ငါးပါးသီလ လုံ

အပါယ်မကျကုန်

မှတ်ကြ ယုံသာ ယုံ။

ဝါခင်းကုန်းဆရာတော်ဦးတိက္ခတရားထဲမှာ နာလိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်၊ အဓိပ္ပါယ်ရှိလွန်းလို့ ဖော်ပြပေးလိုက်ပါတယ်။ သောတာပန်ကို ဘာသာရေး လိုက်စားသူ တော်တော်များများ စိတ်ဝင်တစား ရှိနေကြတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ အပါယ်ကင်းတဲ့ဘ၀ ဖြစ်နေလို့ပါပဲ။ ဒီတော့ သောတာပန်ဖြစ်အောင်ဆိုရင် ကျင့်မှ ရမယ်။ မကျင့်ရင် မရဘူး။ ဉာဏ်အရည်အသွေး ထက်မြက်တဲ့သူတွေဆိုရင်တော့ နည်းမှန်လမ်းမှန် ညွှန်ပြတတ်တဲ့ဆရာသမားကောင်းနဲ့တွေ့လိုက်ရင် တစ်ထိုင်တည်းနဲ့ ဖြစ်နိုင်တာပေါ့။ ဆရာဘယ်လောက်ကောင်းကောင်း နည်းမှန်ဖို့လဲ လိုအပ်ပါတယ်။ ယောဂီက ဉာဏ်ရည်မြင့်မားဖို့လဲ လိုအပ်ပါတယ်။ မဂ် ဖိုလ်ရေးရာတွေဟာ ဉာဏ်အလုပ်တွေဖြစ်လေတော့ ဉာဏ်ရည်နိမ့်မယ်ဆိုရင် နှောင့်နှေးကြန့်ကြာမှာပေါ့။ တိဟိတ်ဉာဏ်ဆိုရင် ရနိုင်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ တကယ်လို့ ဒွိဟိတ်ဖြစ်မယ်ဆိုရင်လဲ အထုံပါရမီရသွားတာပေါ့။ ဒီအထုံပါရမီဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်သွားတာ၊ ဥပနိဿယပစ္စည်းဖြစ်သွားတာပေါ့။ အပါယ်ဘေးကို ကြောက်ကြတာဟာ ကြောက်သင့်လို့ ကြောက်ရတာ အမှန်ပဲ။ ကြောက်လန့်ရာမှ သံဝေဂဆိုတာဖြစ်လာတာ။ သံဝေဂဆိုတာကိုက လောကဓမ်တရားတွေကို ထိပ်လန့်တာမဟုတ်လား။ အဲဒီထိတ်လန့်မှုလေးကိုက တကယ်အကျိုးရှိပါတယ်။ ဘုရားလောင်းဟာ နိမိတ်ကြီးလေးပါး မြင်ပြီး ထိတ်လန့်မှု သံဝေဂတွေ ပေါ်လာလို့ ဖြစ်လာလို့ တောထွက်ချင်စိတ်ပေါက်လာခဲ့တာလေ။ အဲဒီသံဝေဂဟာ ဘုရားဖြစ်ခြင်းရဲ့ ရှေ့ပြေး အကြောင်းတစ်ချက်ဆိုရင်လဲ မမှားဘူးပေါ့။ ဒီတော့ သံဝေဂဆိုတာလဲ လိုအပ်ပါတယ်။

အပါယ်ကြောက်သူတိုင်း အပါယ်ရောက်မယ့်လုပ်ငန်းတွေကို ရှောင်ကြဉ်၊ အပါယ်လွတ်မယ့်လုပ်ငန်းတွေကို လုပ်ကြမြဲသာ ဖြစ်တယ်။ ဒီအကြောက်တရား သံဝေဂလေးကြောင့် ကောင်းမွန်တဲ့လမ်းပေါ် အမြင်မှန်သမ္မာဒိဋ္ဌိ မဇ္ဈိမပဋိပဒါလမ်းပေါ် ရောက်ကြရပါတယ်။ ဒီအကြောက်တရားကနေ တရားကိုချစ်တတ်တဲ့ အချစ်တရားအဖြစ် ပြောင်းလဲ ယူကြရမှာဖြစ်ပါတယ်။ အစတော့ အပါယ်ကြောက်လို့ လုပ်တာ ဖြစ်ချင်ဖြစ်မယ်ပေါ့။ နောက်ပိုင်း တရားဓမ္မရဲ့ အေးငြိမ်းတဲ့ ချမ်းသာသုခကို ကိုယ်တွေ့ ခံစားလာရတဲ့အခါ အပါယ်ကြောက်တာထက် ကိုယ့်ရှိတဲ့တရားကို ကိုယ်မြတ်နိုးလာတာ၊ ကိုယ်ကျင့်တဲ့တရားကို ကိုယ်ချစ်လာတာ။ ဒီလို တရားကို ချစ်လာ မြတ်နိုးလာပြီဆိုရင် တရားချစ်ခင် သူတော်စင်ဖြစ်လာတာပါပဲ။ တရားချစ်ခင် သူတော်စင်စစ်စစ်ဖြစ်လာပြီဆိုရင် ကိုဖြစ်ချင်တဲ့ သောတာပန် မဖြစ်သည်ထားလိုက်ဦး။ သောတာပန်ပုဂ္ဂိုလ်တွေရဲ့ နေနည်း ထိုင်နည်း သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ စိတ်နေစိတ်ထားကို သိရှိသဘောပေါက်လာရင် အတုမြင် အတတ်သင်ဆိုသလို ကောင်းတဲ့အတုတွေကို ခိုးယူရပါတယ်။ ဒါကို အတုခိုးတယ်လို့ဆိုတာကိုး။ မကောင်းတဲ့အတုတွေတော့ မခိုးလိုက်နဲ့ပေါ့။ ကောင်းတဲ့အတုတွေကိုတော့ ခိုးကောင်းပါတယ်။ ဟန်ဆောင်တာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ သောတာပန်မဟုတ်ဘဲနဲ့ သောတာပန်လို့ ဟန်ဆောင်တာမျိုးကို ပြောတာပါ။ ဒါမျိုးတွေကလဲ လောကမှာ တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတယ်လ။ ဒါတွေက မလုပ်ကောင်းဘူး။

သောတာပန်ပုဂ္ဂိုလ်က ငါစွဲဒိဋ္ဌိကွာနေတယ်။ အတ္တမကြီးတော့ဘူး။ ငါကောင်းစားရေးအတွက် ရှေ့တန်းမတင်တော့ဘူး။ ဒါဆို ငါ့ကြောင့် သူများဒုက္ခရောက်မယ့်အလုပ် သူမလုပ်တော့ဘူး။ ငါကောင်းစားရေး ကင်းနေတဲ့စိတ်နဲ့ လောကထဲမှာ နေထိုင်လိုက်တဲ့အခါ သူ့ကြောင့် အများချမ်းသာရေးသာ ဖြစ်နေတော့တယ်။ သူ့ကြောင့် အများဒုက္ခရောက်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ဒီလိုမြင့်မြတ်တဲ့စိတ်ထားလေးက လောကငြိမ်းချမ်းရေးကို ကိုယ်စားပြုနိုင်တဲ့ စိတ်ထားလေးပါပဲ။ အတ္တကင်းတဲ့စိတ်ကလေး၊ အများကောင်းကျိုးလိုလားတဲ့စိတ်ကလေး၊ လောကငြိမ်းချမ်းရေးစိတ်ကလေးပေါ်နေတယ်။ ဒီလိုစိတ်ဓာတ်လေးကို သာမန်ပုထုဇဉ်ကလဲ မွေးယူနိုင်ပါတယ်။ မြင့်မြတ်တဲ့သူတော်စဉ်တွေရဲ့ စိတ်ဓာတ်လေးကို အတုယူလိုက်တာပေါ့။ ပြီးတော့ ၀ိစိကိစ္ဆာ သံသယစိတ်ကင်းနေတဲ့အတွက် သဒ္ဓါတရားနဲ့ ဘုရားကို ယုံကြည်တတ်လာတယ်၊ တရား၊ သံဃာကို ယုံကြည်တတ်လာတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်တွေကိုသိ သိတဲ့အတိုင်း ယုံကြည်၊ ရတနာသုံးပါးရဲ့ ကျေးဇူးတွေကိုသိ၊ သိတဲ့အတိုင်း လိုက်နာမှုနဲ့ပေးဆပ် ဒီလိုနေတတ်လာတာ။ ဂုဏ်တွေကိုလဲ ယုံကြည် ကျေးဇူးတွေကိုလဲ သိလို့ ယုံကြည်တဲ့အတိုင်းကျင့်ကြံ သိတဲ့အတိုင်း ကျင့်ကြံမှု လိုက်နာမှုတွေနဲ့သာပေးဆပ်နေတာဟာ မဟာသောတာပန်တို့ရဲ့ မြင့်မြတ်တဲ့အတုယူစရာလေးတွေပါပဲ။ ဒီလိုမြင့်မြတ်တဲ့တရားတွေကိုလဲ အတုယူနိုင်အောင် ကြိုးစားကောင်းပါတယ်။ အတုခိုးယူသင့်ပါတယ်။

ဒီလိုယုံကြည်မှု သဒ္ဓါအား ခိုင်မြဲအားကောင်းနေတဲ့အတွက် ဘုရားမဟုတ်သူက ငါဘုရားပါလို့ လာပြောတောင်မှ သူဟာ ယုံကြည်မှုမပေးနိုင်တော့ပါဘူး။ ဘုရားရှင်အစစ်မှတစ်ပါး အခြားသူ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ဘုရားလို့ လက်ခံယုံကြည်မှုဆိုတာ မရှိတော့ဘူးလေ (အညသတ္ထာရုဒ္ဓေသ)။ ဒီတော့ ဘာသာယုံကြည်မှု စွဲမြဲသွားပြီပေါ့။ သူဟာ ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာ ကူးပြောင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်တော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာအစစ်အမှန်ကြီး ဖြစ်သွားပြီဟေ့လို့ ကြွေးကြော်နိုင်ပါပြီ။ ဘာသာခြားတွေက ဒို့ဘာသာဝင်ချင်ဝင် မ၀င်ရင် သတ်ပစ်မယ်ဆိုရင်တောင်မှ အသက်သာ အသေခံမယ်၊ ဘာသာတော့ မပြောင်းဘူးလို့ ရဲရဲရင့်ရင့် ရင်ဆိုင်ရဲလာတယ်။ ရဲရဲရင့်ရင့် ယုံကြည်မှုဟာ သောတာပန်ရဲ့ ယုံကြည်မှုပါပဲ။ ဒီလိုယုံကြည်ထားတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ လိုက်နာရမယ့်စံဖြစ်တဲ့ သီလငါးပါးကိုလဲ ချစ်မြတ်နိုးစွာ စောင့်စည်းနိုင်လာတယ်။ အသက်သေချင်သေပါစေ၊ သီလကိုတော့ အပျက်မခံတော့ဘူးဆိုပြီး သတ္တိကောင်းလာတယ်။ ငါးပါးသီလလုံအောင်စောင့်ထိန်းနေတာဟာ အပါယ်ကြောက်လို့ စောင့်နေတဲ့အဆင့်မဟုတ်တော့ဘူး။ သီလကို ချစ်မြတ်နိုးလို့ စောင့်နေတဲ့အဆင့်ရောက်လာတယ်။ သတ္တိအရင်းခံပြီး အသက်ထက်မြတ်နိုးလာတယ်။ သေတယ်ဆိုတာ သူသတ်လဲ သေရမှာပဲ မသတ်လဲ သေရမှာပဲ၊ ရှောင်လို့မရဘူး။ ခန္ဓာရကတဲက သေတတ်တဲ့တရားကြီးကို သိမ်းပိုက်ပြီး ဖြစ်နေတာ။ အသေတရားဟာ ကိုယ်ပိုင်ပစ္စည်းဖြစ်နေတာ။ ဒီတော့ သေတာဟာ သူ့အတွက် အထူးအဆန်းမဟုတ်ဘူး။ သီလကျိုးပျက်တာကသာ သူ့အတွက် အထူးအဆန်းကိစ္စဖြစ်လာတယ်။ ဒါကြောင့် သေမှာထက် သီလပျက်မှာကို အလေးထားတတ်လာတာဟာ သောတာပန်တို့ရဲ့ ခံယူချက်ပါပဲ။ ဒီလိုခံယူချက်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။

မဟာသောတာပန်တွေက သူတစ်ပါး ချမ်းသာတာကိုမြတ်မြတ်နိုးနိုးကျေနပ်တတ်တယ်။ လောကငြိမ်းချမ်းရေးကိုသာ ကိုယ်စားပြုနေတယ်လေ။ ဒီတော့ လောကချမ်းသာရေးဟာ သူ့ရဲ့ စိတ်ရင်းစေတနာဖြစ်နေတယ်။ ဒါကြောင့် ဘယ်သူဘယ်လောက်ချမ်းသာနေလို့ ဘယ်သူဘယ်လောက် အဆင်ပြေနေလို့မှ မနာလိုတာမဖြစ်တော့ဘူး။ မနာလိုစိတ်တွေ ကင်းနေတယ်။ စာလိုပြောရရင်တော့ ဣဿာရှင်းနေတယ်ပေါ့။ သူအဆင်ပြေနေတာကို အဆင်မပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေး သူ့မှာ မရှိတော့ဘူး။ သူချမ်းသာနေတာ ဘာကြောင့် ညာကြောင့်ပဲ ငါပညာပြလိုက်ဦးမယ်ဆိုတာမျိုးတွေ မရှိတော့ဘူး။ သူက ခေါင်းထောင်လွန်းတယ်၊ ချိုးလိုက်ရဦးမယ်ဆိုတာတွေ သူမလုပ်တော့ဘူး။ သူတစ်ပါးကို ဂျောက်တွန်းတာ ဒေါက်ဖြုတ်တာ ဖိနှိပ်တာ ချိုးနှိမ်တာမျိုးစကားလုံးတွေ သူ့အဘိဓာန်မှာ ချန်မထားတော့ သူ့လုပ်ဆောင်ချက်တွေမှန်သမျှဟာ အများကောင်းကျိုးကိုသာ ဦးတည်နေတော့တယ်။ သူ့ကြောင့် တစ်ယောက်ယောက်ထိခိုက်သွားမယ့်အလုပ် နစ်နာဆုံးရှုံးသွားမယ့်အလုပ်မျိုး သူ့စိတ်ထဲမှာကို မရှိတော့တာ။ ဒါလို မြင့်မြတ်စိတ်ထားလေးတွေကိုလဲ အတုယူကောင်းပါတယ်၊ အတုခိုးကောင်းပါတယ်။

မဟာသောတာပန်တို့မှာ ကိုယ့်ရှိတာလေးကို ပွတ်သပ်သိမ်းဆည်း ဆုပ်ကိုင်ထားခြင်းမျိုးလည်း မရှိတော့ဘူး။ ဒါလေး ပေးလိုက်လို့ သူအဆင်ပြေသွားမယ်ဆိုရင် ပေးလိုက်တယ်၊ ဒါလေးလှူလိုက်လို့ သံဃာတွေ အကျိုးများသွားမယ်ဆိုရင် လှူလိုက်တယ်။ ကိုယ်ကောင်းစားရေး အဓိကထားတဲ့စိတ်တွေ ကင်းနေတော့ သူကောင်းစားရေး အလေးပေးတဲ့စိတ်က အလိုလိုပေါ်နေတယ်။ ဧည့်သည်လာလို့ အင်း ငါတော့ သူ့ကို ထမင်းတစ်နပ်တော့ ကျွေးရတော့မယ်ဆိုပြီး တွန့်တိုစိတ်မျိုးဖြစ်တာတွေ မရှိဘူး။ မစ္ဆရိယကင်းနေပြီလေ။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မြတ်တွေဟာ အလှူခံပုဂ္ဂိုလ်ကို အမြဲမျှော်လင့်နေတာ။ အမြဲကမ်းလင့်ကြိုဆိုနေတာ။ ကိုယ်စားစရာမရှိချင်နေပါစေ၊ သူများကို ပေးနိုင်ကျွေးနိုင်ရင် ကျေနပ်နေတယ်၊ လှူနိုင်တန်းနိုင်ရင် ကျေနပ်နေတယ်။ ဒီလောက်အထိ သဒ္ဓါတရား အားကောင်းလာတာဟာ မဟာသောတာပန်တို့ရဲ့ စိတ်ထားပါပဲ။ ဒီလို စိတ်ကောင်းစိတ်မြတ်လေးတွေကိုလဲ အတုခိုးသင့်တာပေါ့။

မဟာသောတာပန်တို့က မာနလဲ အရမ်းမကြီးတော့ဘူး။ အနိမ့်စားမာန်မာနတွေကို အကုန်တွန်းလှန်ပယ်ရှားထားပြီးဖြစ်နေလို့ပေါ့။ သူတို့မှာ မာန်ဆိုလို့ မဖြစ်စလောက်ပဲ ကျန်တော့တာ။ မရှိဘဲနဲ့ ရှိသယောင်ဆောင် မာန်တက်တာမျိုး မရှိတော့ဘူး (အယာထာဝမာန)။ သူ့မှာ တကယ်ရှိလို့ ရှိတဲ့ မာန်လောက်တော့ ရံခါဖြစ်တတ်ပါတယ်။ သို့သော် အပါယ်ရောက်လောက်တဲ့ မာန်မျိုးမဖြစ်တော့ဘူး။ ဒီအတိုင်းပဲ ဒေါသလဲ အမြစ်ပြတ်မပါယ်သတ်နိုင်သေးတော့ ဒေါသဖြစ်စရာကြုံရင် ဖြစ်တာပါပဲ။ ဒါပေမယ့် သူ့ဒေါသသူ ဖြစ်ဖြစ်ချင်းသိလိုက်တယ်။ သိလိုက်တာနဲ့ ဒေါသက ပဋိစ္စသမုပ္ပါဒ် အဆက်မခံတော့ဘူး။ အလျဉ်အမြန်ဖြတ်လိုက်နိုင်တယ်လေ။ ဒေါသကို တေးမထားဘူး၊ ငြိုးမာန်ဖွဲ့တာမျိုးတွေ မလုပ်တော့ဘူး။ ကလဲ့စားချေတာတွေ မကျင့်သုံးတော့ဘူး။ သူ့မှာ ပေါ်လာတဲ့ဒေါသကိုပဲ သတိထားတော့တယ်။ ဘယ်သူ ဘယ်ဝါကြောင့်ဆိုတာကို သူအာရုံမစိုက်တော့ဘူး။ ဒီတော့ မတတ်သာလို့ ဒေါသဖြစ်လဲ ခဏပဲ ကျေအေးသွားတယ်။ လောဘကိလေသာလာလဲ ဒီလိုပဲ အမြန်ဖြတ်ပစ်နိုင်တယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက သောတာပန်တွေဟာ ကိလေသာ ဖြစ်ကြောတိုတယ်တဲ့။ မပယ်နိုင်သေးတဲ့ ကိလေသာတွေ ရှိနေသေးတာပဲ။ ရှိနေတဲ့အတွက် အကြောင်းတိုက်ဆိုင်ရင် ပေါ်လာတာအမှန်ပဲ။ သို့သော် ဒီကိလေသာတွေကို မျိုသိပ်လက်သင့်ခံထားတာမျိုး မရှိဘူး။ ဖြစ်လျှင် ဖြစ်ချင်းသိ၊ သိတဲ့အတိုင်း အမှန်မြင်အောင်ကြည့်လိုက်တော့ ဖြစ်တော့ဖြစ်လိုက်တာပဲ။ ပျက်သွားတဲ့နေရာမှာ လမ်းဆုံးသွားတယ်။ ဒီကိလေသာက အပါယ်မပို့နိုင်တော့ဘူးပေါ့။ သောတာပန်တွေ ကိလေသာရှိလျက် ဘာကြောင့် အပါယ်မရောက်တော့တာလဲဆိုရင် ဖြစ်ကြောတိုလို့ပါပဲ။ မသိမှု အ၀ိဇ္ဇာလဲ သောတာပန်တို့မှာ ရှိသေးတယ်နော်။ ဒါပေမယ့် ဒီမသိမှုအ၀ိဇ္ဇာဟာ အပါယ်ရေသောက်မြစ်မဟုတ်တော့ဘူး။ မှောက်မှောက်မှားမှား အပါယ်သွားစေတတ်တဲ့ လုပ်ရပ်တွေ မလုပ်မိတော့ဘူး။ မှားတော့မှားသေးတယ်၊ ဒါပေမယ့် အပါယ်ရောက်လောက်အောင် အမှားမျိုးကို သူမကြူးလွန်တော့ဘူး။ ဒါကြောင့် သောတာပန်တွေဟာ ကံကြီးငါးပါးဆိုတာ ဘယ်တော့မှ မလုပ်တော့ဘူးပေါ့။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားဒုက္ခပေး၊ သံဃာတွေ မသင့်မတင့်အောင်လုပ်တာမျိုးအမှားတွေ မလုပ်မိတော့ဘူးလေ။ ဒီလိုအမှားတွေက အပါယ်ကို တိုက်ရိုက်ရောက်စေတဲ့အမှားမျိုးတွေပဲ။ မသိလို့ မှားပင်မှားဦးတော့ ဒီလိုမျိုး အပါယ်ရောက်စေတဲ့အမှားမျိုးကိုတော့ သူဟာ ဘယ်တော့မှ မမှားတော့တဲ့အတွက် အပါယ်တံခါးပိတ်သွားတာပေါ့။ ဒီလိုကောင်းမြတ်တဲ့ အကျင့်စရိုက်တွေကိုလဲ အတုခိုးသင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကိုယ်က မဟာသောတာပန်ဖြစ်အောင် အားမထုတ်နိုင်စေကာမူ မဟာသောတာပန်တို့ရဲ့ စိတ်နေစိတ်ထားတွေ ခံယူချက်တွေ အကျင့်စရိုက်ကောင်းတွေကို အတုခိုး အတုယူပြီး လိုက်နာစောင့်စည်းနေမယ်၊ ကျင့်ကြံနေမယ်ဆိုရင် သောတာပန်နှင့်တူအောင် ကျင့်နေတဲ့သူဖြစ်နေပြီပေါ့။ သောတာပန်ဖြစ်အောင် မလုပ်နိုင်စေဦးတော့ သောတာပန်နဲ့ တူတဲ့သူဖြစ်အောင်တော့ နေလို့ရပါတယ်။ ဒီလိုနေမယ်ဆိုရင် မဟာသောတာပန်တို့ အပါယ်မကျသလိုပဲ ကိုယ်လဲ အပါယ်ဘေးက လွတ်မြောက်မယ်ဆိုတာ ယုံကြည်စိတ်ချလို့ထားလိုက်ပါ။ သောတာပန်နဲ့ တူအောင် ကျင့်နေခြင်းဖြင့် သောတာပန်အစစ်မဖြစ်သေးပေမယ့် အတုတော့ဖြစ်နေပြီပေါ့။ အတုမြင်အတတ်သင်ခြင်းဖြင့် အတုလောက်ဖြစ်အောင် ကြိုးစားမယ်ဆိုရင်ပင် အလွန်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာမယ်၊ လောကကောင်းကျိုးပြုပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပါလိမ့်မယ်၊ ကမ္ဘာကြီးက တောင့်တနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ လောကကြီးက မျှော်လင့်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမယ်လေ။ သေသွားသည့်တိုင် အောက်မေ့တသနေရမယ့် ပုဂ္ဂိုလ်မြတ်တစ်ယောက်အဖြစ်နဲ့ လောကကို အလှဆင် ကောင်းကျိုးပြုနိုင်တဲ့ စံပြသူတော်စင်တစ်ဦးဖြစ်လာမှာပါ၊ ဘယ်လောက်အားကျစရာကောင်းလဲ။ ကြိုးစားပြီး နိုင်သရွေ့ဘက်ကနေ သောတာပန်တို့ရဲ့ အကျင့်ကောင်းတွေကို တတ်နိုင်သလောက် ဆွဲယူကျင့်သုံးကြည့်လိုက်စမ်းပါ။ အကုန်လုံးမဟုတ်စေကာမူ တစ်စိပ်တစ်ဒေသလောက်တော့ လိုက်နာနိုင်လောက်ပါတယ်။

သောတာပန်နှင့် တူအောင်ကျင့်နိုင်ကြပါစေ။

ဒေါက်တာအရှင်ပါရမီ

Wednesday, July 27, 2011

စူဠသောတာပန် မဟာသောတာပန်အကြောင်း အဖြေ

မေး

ဆရာတော်ဘုရား၊ တပည့်တော် ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုတော့ နားလည်ပါပြီ။ ဒါပေမဲ့ ပေါ်လာတဲ့ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ်၊ တွေးတောစိတ်၊ လိုချင်စိတ် (လောဘ)၊ ပြစ်မှားစိတ် (ဒေါသ)၊ မသိစိတ် (မောဟ)၊ ကုသိုလ်ပြုချင်စိတ် (အလောဘ)၊ မေတ္တာထားတဲ့စိတ် (အလောဘ)၊ လေကိုသွင်းသောစိတ်၊ လေကိုထုတ်သောစိတ် စတဲ့စိတ်တွေ ကို သတိရလို့ ကြည့်လိုက်ရင် ခန္ဓာမှာ စိတ်တခုခု ရှိနေတာကိုတော့ သိပါတယ်,ဘုရား။ အဲ့ဒီလို သတိနဲ့ ကြည့်ပေးတာကို ဉာဏ်နဲ့ ကြည့်တယ်ခေါ်တာလား? ။(ဘယ်စိတ်လာလာ အကုန် ဉာဏ်နဲ့စောင့်ကြည့် ဖို့ ကတော့ ခန္ဓာအပေါ် သတိ အမြဲမရောက်မိဘူး။) ဒါပေမဲ့ ရှိနေတဲ့ စိတ်တွေ ပျက်သွား တာကို တော့ မမြင်မိသေးဘူး။ (အပျက် မြင်ဖို့ ဘယ်လိုရှုရပါမလဲ??။) အကယ်၍ `ဖြစ်ပျက်´ မမြင်ဘဲ ဆရာတော်ရှင်းပြထားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ကိုနားလည်တယ် ဆိုတာ "ပညာသိ မဟုတ်ဘဲ, သညာသိ ဖြစ်နေမလား???" ဆိုတာကိုလဲ သိချင်ပါတယ်၊ ဘုရား။ "နာမရူပပရိစ္ဆေဒဉာဏ် နဲ့ ပစ္စယပရိဂ္ဂဟဉာဏ်" ရရင် စူဠသောတာပန် ဖြစ်ပြီလို့ မှတ်သားဖူးပါတယ်။ `ဖြစ်ပျက်´ မမြင်ဘဲ အဲ့ဒီ ဉာဏ်နှစ်ပါးရပြီ ဆိုတာနဲ့ စူဠသောတာပန် လို့ ပြောလို့ ရပြီလား???။ စူဠသောတာပန် က ကော မဟာသောတာပန် လိုဘဲ ငါးပါးသီလ မြဲပြီလား ဆိုတာလဲသိချင်ပါတယ်၊ဘုရား။ စူဠသောတာပန်ဖြစ်ပြီ ဆိုရင်ဘဲ အပါယ်တခါး လုံးဝပိတ်ပြီ လို့ ဆိုလိုပါ သလား???။ စူဠသောတာပန် ဘဝကနေ မဟာသောတာပန် မဖြစ်သေးမှီ အပါယ်ဘုံ ကျနိုင်ပါသေးလား???။ စူဠသောတာပန် ကနေ မဟာသောတာပန် ဖြစ်ဖို့ အများဆုံးဘယ်လောက် ကြာနိုင်ပါသလဲ??။ စူဠသောတာပန် အဖြစ်နဲ့ သေခဲ့ရင်ကော သရဏဂုံ ပျက်မှာဘဲလား?? ဒါမှမဟုတ် မပျက်ဆီး တော့တဲ့ သရဏဂုံ တည်ပြီလား?? ဆိုတာကိုလဲ ရှင်းပြပေးပါပါဘုရား။ တပည့်တော် လျှောက်ထားမေးမြန်း တာ အမှားပါရင် ဝန်ချတောင်းပန်ပါတယ်၊ဘုရား။ ဆရာတော်ဘုရား စိတ်ချမ်းသာ၊ ကိုယ်ကျမ်းမာ စွာဖြင့် ခန္ဓာ့ဝန် ကို၊ သာသနာ့ ဝန်ကို ဆောင်ရွက် နိုင်ပါစေ။ ကျေးဇူးတင်ပါတယ်,ဆရာတော်ဘုရား.....

ဖြေ

မေးခွန်းတွေကို အစီအစဉ်တကျတော့မဟုတ်တော့ဘူး။ အလျဉ်းသင့်သလို ဖြေပေးလိုက်မယ်။ စိတ်ကို ကြည့်တယ်ဆိုတာ မျက်စိမှိတ်ကြည့်ရတယ်လေ။ မျက်စိမှိတ်ကြည့်နေခိုက်မှာတော့ မြင်စိတ်မပေါ်တော့ဘူး။ မျက်စိမှိတ်ထားလို့ပါပဲ။ မျက်စိဖွင့်ထားမှ မြင်စိတ်ပေါ်တာ။ ကြားစိတ်ရံခါ ပေါ်မယ်။ နံစိတ်လဲ သိသိသာသာ ပေါ်ချင်မှ ပေါ်မယ်။ သန့်ရှင်းတဲ့နေရာမှာ ထိုင်မယ်ဆိုရင်ပေါ့။ ဒါပေမယ့် အမွှေးတိုင်နံ့ ပန်းနံ့ စသည်နံစိတ်ပေါ်တတ်ပါတယ်။ စားစိတ်လဲ ပေါ်ခဲပါတယ်။ ယားနာကောင်းစိတ်တွေ ပေါ်မယ်။ တွေးတောစိတ်တွေ ပေါ်မယ်။ ဒီလိုပေါ်နေတဲ့စိတ်လေးတွေကို ပေါ်လာရင် သတိထား ၀ီရိယစိုက် ပညာနဲ့စောင့်ကြည့်ဆိုတဲ့အတိုင်း အာရုံစိုက်ကြည့်လိုက်တော့ ကြားစိတ်လေးလဲ ကြားပြီးပျက်၊ နံစိတ်လေးလဲ နံပြီးပျက်၊ ယားစိတ်လေးလဲ ယားပြီးပျက်၊ အောင့်စိတ်လေးလဲ အောင့်ပြီးပျက်၊ စားချင်စိတ်လေးလဲ ပေါ်ပြီးပျက်၊ သွားချင်စိတ်လေးလဲ ပေါ်ပြီးပျက် ဒီလို ပျက်ပျက်သွားတာလေးတွေ့နေမယ်လေ။ ပျောက်ပျောက်သွားတာ၊ ကြည့်လိုက်တော့ မရှိတော့တာ တွေ့ရမယ်နော်။ ကလင်-နဲ့ အသံကြားလိုက်တယ်၊ အာရုံစိုက်ကြည့်လိုက်တယ်၊ အဲဒီအသံကမရှိတော့ဘူးလေ။ မရှိတော့တာ ပျက်သွားတာပါပဲ။ ရေသောက်ချင်စိတ်လေးပေါ်လာတယ်။ အာရုံစိုက်ကြည့်လိုက်တယ်။ ရေမသောက်ရသေးခင် ပျက်သွားတယ်။ ရေသောက်တဲ့အချိန် အဲဒီစိတ်က မရှိတော့ဘူး။ သောက်တဲ့အချိန်က သောက်တဲ့စိတ်ပေါ့။ ဒီလိုပေါ်တဲ့စိတ်ကလေးတွေကို ပေါ်တိုင်း ပေါ်တိုင်း စိုက်စိုက်ကြည့်ပေးနေရုံပါပဲ။ ဒါကို ဉာဏ်စိုက်တယ်လို့ ခေါ်တယ်လေ။ စိတ်မပေါ်တဲ့အချိန်ဆိုတာ မရှိပါဘူး။ တစ်စိတ်ပြီး တစ်စိတ် အမြဲပေါ်နေတယ်။ သတိမထားလို့သာ မသိလိုက်တာ။ အဲဒီပေါ်တဲ့စိတ်တိုင်းကို သတိထားကြည့်ပေးနေလိုက်လို့ မရှိတာလေးတွေ့တွေ့နေရင် ပျောက်ပျောက်သွားတာလေး တွေ့နေရင် ဉာဏ်နဲ့ကြည့်ပေးနေတာပါပဲ။ တစ်ခါတစ်ရံ ဘာစိတ်မှမပေါ်ဘူးလို့ထင်နေရတာလဲ ရှိတယ်။ အဲဒါ မောဟစိတ်ပေါ်နေတာ။ အဲဒီစိတ်ကိုလဲ ကြည့်ပေးပေါ့။ မရှိတာမှာ လမ်းဆုံးတယ်။ ဘယ်စိတ်ပေါ်တယ်လို့ မသိချင်နေပါစေ၊ ပျံ့လွင့်စိတ်ပေါ်တယ်ဆိုပါစို့။ ဥဒ္ဓစ္စပဲ။ မောဟပေါ့။ ဒီနာမည်တွေ မသိချင်နေ၊ ပျံ့လွင့်စိတ်ကိုပဲ ကြည့်ပေးလိုက်။ ဒါဆို အဲဒီစိတ်လဲ ပျောက်သွားရော။ သိနေတဲ့စိတ်ကလေးပေါ်လဲ အဲဒီစိတ်ကို စောင့်ကြည့်လိုက်။ ပျောက်သွားတာပဲ။ ဒီလို ပေါ်ဆဲစိတ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးနေလိုက်ပါ။ တစ်စိတ်ပျောက်ပြီးမှ နောက်တစ်စိတ်ပေါ်ပေါ်လာတာကို တွေ့တွေ့လာမယ်။ နောက်တစ်စိတ်ပေါ်ချိန်မှာ အရင်စိတ်မရှိတော့ဘူးလေ။ အရင်စိတ် မပျောက်ဘဲ နောက်စိတ်ဆိုတာ ပေါ်လို့မရဘူး။ ဒါက သူ့နိယာမပဲ။ တစ်ချိန်မှာ စိတ်က တစ်ခုပဲဖြစ်တာ။ စိတ်ဖြစ်စဉ်က အလွန်လျှင်မြန်လွန်းလို့သာ ပြိုင်ပေါ်နေသလို တစ်ခါတစ်ရံ ထင်နေရတာ။ ပေါ်သမျှစိတ်လေးတွေကိုသာ ပေါ်ဆဲအခိုက် စိုက်စိုက်ကြည့်ပေးလိုက်။ မရှိတော့ဘူး မရှိတော့ဘူးလို့ သူတို့က ပြပြသွားတယ်။ ဒါဆို အပျက်ကို မြင်နေတာပါပဲ။ ပေါ်လာတာသိလိုက်တာက အဖြစ်ကိုသိလိုက်တာ၊ မရှိတော့တာ သိလိုက်တာက အပျက်ကိုသိလိုက်တာ။ ဖြစ်တာလဲ မမြဲဘူး၊ ပျက်တာလဲ မမြဲဘူး။ မမြဲလို့ အနိစ္စ၊ သိနေတာလေးက မဂ္ဂ။ စိတ်တွေက သူ့သဘောအတိုင်း ဖြစ်ပြီး ပျက်နေကြတာ။ ဒါကို ကိုယ်က မြင်အောင် ဉာဏ်စိုက်ပြီး စောင့်ကြည့်ပေးနေလိုက်တာပါ။ ကိုယ်မကြည့်လဲ သူကတော့ ပျက်နေတာပဲ။ ဒါက သူ့နိယာမ။ ကိုယ်က မကြည့်တော့ ဉာဏ်မပေါ်ဘူး။ ဉာဏ်မပေါ်တော့ မဂ်မ၀င်ဘူး။ ၀ိပဿနာမဖြစ်ဘူး။ ကြည့်လိုက်တော့ ပေါ်တာလဲသိ၊ ပျက်တာလဲသိ သိသိလာတယ်။ မဂ်ဝင်လာတယ်။ မဂ်ဝင်တော့ ၀ိပဿနာဉာဏ်ဖြစ်နေတာပါပဲ။

နာမ်ရုပ် ကွဲကွဲပြားပြား သိတာက နာမရူပပရိစ္ဆေဒဉာဏ်ပါပဲ။ အကြောင်းအကျိုး သိမြင်သဘောပေါက်လက်ခံတာက ပစ္စယပရိဂ္ဂဟဉာဏ်ပါပဲ။ ဒီလိုရှင်းပြထားလို့ သိနေတာက သညာသိအဆင့်ပဲ ရှိနေသေးတယ်လေ။ ဉာတပရိညာအဆင့်ပေါ့။ ဒီအသိရှိထားဖို့လဲ လိုအပ်ပါတယ်။ ဒီလိုမှ သိမထားရင် ပညာသိအဆင့်ရောက်ဖို့ နှောင့်နှေးကြံ့ကြာတတ်တယ်။ ဒါကို ကိုယ်တိုင် အားထုတ်ပြီး ကြည့်လိုက်တဲ့အခါ ကိုယ်တွေ့ တွေ့သိလာတော့ ပညာသိဖြစ်လာတာပေါ့။ ဖြစ်ပျက်ဆိုတာ ဒါပါလားလို့ ကိုယ်တွေ့ ဆုံးဖြတ်ချက်ချ သိလာတဲ့အခါ ပညာသိဖြစ်လာတာပါပဲ။ သညာသိလောက်နဲ့တော့ စူဠသောတာပန်လို့ ပြောလို့ မလုံလောက်သေးဘူး။ ကိုယ်တွေ့သိအောင် အားထုတ်ကြည့်လို့ အော် ပေါ်တဲ့စိတ်လေးက နာမ်တရားပဲ၊ နာမ်တရားလေးက ဖြစ်ပျက်သွားတာပဲလို့ သိသိလာမယ်။ လှုပ်တာလေးက ရုပ်ပဲ၊ ငြိမ်တာလေးက ရုပ်ပဲ၊ ရွှေ့တာလေးက ရုပ်ပဲ၊ ပြင်တာလေးက ရုပ်ပဲလို့ သိသိလာမယ်။ ဒီလိုသိလာတော့ ဖြစ်ပျက်မမြင်သေးပေမယ့် နာမရူပပရိစ္ဆေဒဉာဏ်အဆင့်တော့ တက်နေတယ်။ ဖြစ်သမျှတိုင်းဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေပါလားလို့လဲ သိသိလာမယ်။ ပျက်တာဟာ အကြောင်းမဲ့ ပျက်တာမဟုတ်ဘူး၊ အကြောင်းပျက်လို့ အကျိုးပျက်တာလို့ ပြန်ဆင်ခြင်နိုင်လာမယ်။ စိတ်တွေ ပျက်တယ်ဆိုတာ စိတ်ဖြစ်ကြောင်း ရုပ်က ပျက်လို့ ပျက်ရတာပဲ။ ကြားစိတ်ဆိုတာ နား အသံတိုက်လို့ပေါ်တယ်။ နားပျက်တာ မရှင်းရင် အသံရုပ်ကိုဆင်ခြင်ကြည့်ပေါ့။ တကယ်တော့ နားလဲ မမြဲ အသံလဲမမြဲဘူး။ သူတို့မမြဲလို့ သူတို့ မှီပေါ်ရတဲ့ ကြားစိတ်လဲ မမြဲဆိုတာ ဆင်ခြင်နိုင်လာမယ်။ ဒါတွေက သံသယဖြစ်လာမှ ဆင်ခြင်ရမှာတွေပါ။ ဖြစ်ပျက်ရှုနေစဉ်မှာ ဘာကြောင့်ပျက်ပျက်သွားတာပါလိမ့်မလဲလို့ သံသယ ၀ိစိကိစ္ဆာဝင်လာရင် ဆင်ခြင်ပေးရတယ်။ ရှုလဲရှုနိုင်မယ်၊ ဒီလိုသံသယ၀င်လာရင်လဲ အကြောင်းအကျိုး ထောက်ဆဆင်ခြင်နိုင်မယ်ဆိုရင် အပွားဉာဏ်လို့ခေါ်တဲ့ တီရဏပရိညာအဆင့်ရောက်လာတယ်။ ဒီလို ရုပ်နာမ်ကွဲ ကြောင်းကျိုးမြင်၊ အပွားဉာဏ်ဝင်နေမယ်ဆိုရင် စူဠသောတာပန်လို့ ခေါ်လို့ရနေပါပြီ။ သညာသိနဲ့ သိနေရုံလောက်နဲ့တော့ မခေါ်နိုင်သေးဘူးလို့ မှတ်ရမယ်။

စူဠသောတာပန်အဆင့်ရောက်နေရင် ကိုယ်ကျင့်တရားလဲ အကောင်းဆုံးဖြစ်အောင်နေထိုင်တတ်လာပြီဖြစ်လို့ ငါးပါးသီလဟာ မဟာသောတာပန်လောက် မခိုင်မြဲသေးပေမယ့် တော်တော်ခိုင်မြဲနေပါပြီ။ ဒီတော့ ဒီနေရာမှာ အထူးပြောလိုတာက တရားအားထုတ်ရုံနဲ့ မပြီးသေးဘူး၊ တရားလဲ ကိန်းဖို့လိုသေးတယ်ဆိုတာပါပဲ။ တရားအားထုတ်နေချိန်မှာတော့ ငါးပါးသီလ လုံနေတယ်။ တရားအလုပ်ကလဲ ဖြုတ်ရော ကံငါးပါး သတိမထားမိတော့ဘူးဆိုရင် ဒါက အားထုတ်ချိန်မှာပဲ စူဠသောတာပန်ဖြစ်နေမှာပေါ့။ အားမထုတ်တဲ့အချိန်ရောက်တော့ သာမန်ပုဂ္ဂိုလ် (အန္ဓပုထုဇဉ်) ပြန်ဖြစ်သွားပြန်တယ်။ ဒီလိုမဖြစ်ဖို့ တရားအားထုတ်ချိန်မှာ တရားနဲ့နေသကဲ့သို့ တရားဖြုတ်ချိန်မှာလဲ ရှုမှတ်မှုတွေ နားထားစေဦးတော့ တရားနဲ့အညီနေထိုင်တတ်ရပါမယ်။ စူဠသောတာပန်ဖြစ်ပြီ အပါယ်မလားတော့ဘူးဆိုပြီး သီလဥပေက္ခာပြုလိုက်မယ်ဆိုရင် ဒုံရင်းပြန်ရောက်သွားတော့တာပဲ။ စူဠသောတာပန်အပါယ်မရောက်တာက သီလလုံ၊ သရဏဂုံမြဲလို့ အပါယ်မရောက်တာ။ မဟာသောတာပန် အပါယ်မရောက်တာကလဲ သီလလုံ သရဏဂုံမြဲလို့ အပါယ်မရောက်တာ။ ဒီတော့ မဟာသောတာပန်ပုဂ္ဂိုလ်တို့ဟာ သီလလဲလုံ သရဏဂုံလဲမြဲနေသလို ကိုယ်ကလဲ သီလလုံအောင် သရဏဂုံလဲ မြဲအောင် တရားကိန်းနေမယ်ဆိုရင် စူဠသောတာပန်ဟာလဲ အပါယ်မကျတော့ပါဘူး။ သို့သော် စူဠသောတာပန်ဟာ အပါယ်တံခါးလုံးဝပိတ်ပြီလို့ မဆိုနိုင်သေးဘူးနော်။ နောက်ဘ၀ အပါယ်မကျတာပဲ ရှိတာ။ ဟိုနောက်နောက်ဘ၀တွေမှာ အယူမှား အကျင့်မှားရင် အပါယ်လားဦးမှာပဲ။ သရဏဂုံကတော့ သေရင် ပျက်တယ်လေ။ ဒီတော့ လိုရင်းပြောလိုက်မယ်။ ရုပ်နာမ်ကွဲ၊ ကြောင်းကျိုးမြင် (ဒီမှာတင် ဒိဋ္ဌိအသိနဲ့စင်တယ်)၊ ဖြစ်ပျက်ရှု (ဒိဋ္ဌိအပွားနဲ့စင်တယ်)၊ သီလလုံအောင်ထိန်း၊ သရဏဂုံလုံအောင်စောင့်မယ်ဆိုရင် ဒါဟာ စူဠသောတာပန်ပါပဲ။ အပါယ်မကျတော့ပါဘူး။

စူဠသောတာပန်ကနေ မဟာသောတာပန်ဖြစ်ဖို့ အချိန်အကန့်အသတ်ကို ပိုင်းခြားပြောပြလို့ မရနိုင်ပါဘူး။ ပုဂ္ဂိုလ်အမျိုးမျိုး စရိုက်အထွေထွေရှိနေလေတော့ ဉာဏ်အရည်အသွေးတွေ ခြားနားချက်ရှိနေတယ်။ ဖြစ်ပျက်မြင်လို့ မြင်တဲ့အတိုင်း ကိလေသာ အ၀င်မခံဘဲ တစ်စိုက်မတ်မတ် မလျှော့သောဇွဲနဲ့ ကြိုးစားသွားမယ်ဆိုရင်တော့ မနက်အားထုတ်၊ ညနေရ။ ညနေအားထုတ် မနက်ရဆိုပြီး ဘုရားဟောတော်မူချက်ရှိပါတယ်။ ဖြစ်ပျက်မြင်နိုင်တဲ့ဉာဏ်အခြေခံရှိဖို့တော့လိုအပ်တာပေါ့။ ဖြစ်ပျက်မြင်လျက်အားထုတ်ရင် (၇)ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်းရမယ်လို့ဟောတော်မူချက်လဲ ရှိပါတယ်။ မဟာသတိပဋ္ဌာနသုတ်မှာဟောတော်မူခဲ့ပါတယ်။

ဒီဘ၀ ဖြစ်ပျက်မြင်နေအောင်ရှု၊ အမြဲမပြတ်ကြိုးစားရှုနေလို့ရှိရင် ရှုနေတဲ့ လောကီမဂ်ဉာဏ်လေးပေါ်နေပါတယ်။ ရှုနေတဲ့အခိုက်မှာ မဂ်ဉာဏ်ပေါ်နေတယ်။ ဒီဉာဏ်လေးနဲ့သာ သေသွားမယ်ဆိုရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး ဆက်လက်တရားအားထုတ်လျက်သား ဖြစ်နေမယ်။ လူ့ဘ၀က ၀ိပဿနာဉာဏ်က နတ်ပြည်အထိ ဆက်ဖြစ်နေပြီး ဟို နတ်ပြည်ရောက်တော့လဲ ဆက်လက်အားထုတ်လျက်ဖြစ်သွားတော့ နတ်ရဲ့ဉာဏ်က လူထက်အဆများစွာလျဉ်မြန်ထက်မြက်သဖြင့် ခဏချင်းနဲ့ပဲ အဲဒီမှာ မဟာသောတာပန်တည်သွားပါလိမ့်မယ်။ နတ်ဖြစ်မှန်းမသိခင် သောတာပန်တည်ပါလိမ့်မယ်။ နတ်ဖြစ်မှန်းသိလိုက်တော့ သောတာပန်တည်ပြီးဖြစ်နေပြီတဲ့။ နတ်ဖြစ်မှန်းသိတာက နောက်ကျသေးတယ်၊ သောတာပန်ဖြစ်တာက အရင်ဦးနေတယ်တဲ့။ ဒါကြောင့် ဒီဘ၀ ဖြစ်ပျက်မဂ်ကိုက်အောင် ရှုနေတဲ့ ၀ိပဿနာဉာဏ်လေးနဲ့သာ သေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင် နောက်ဘ၀ ကျိန်းသေ မဟာသောတာပန်ဖြစ်မယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

Tuesday, July 26, 2011

အပါယ်ရောက်ကြောင်း ဒါန

ဒါနဆိုတာ ပေးကမ်းခြင်းပင် ဖြစ်ပါတယ်။ ဒါနပြုလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းကြပါတယ်။ ဒါနက ဖြစ်လေရာဘဝမှာ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်း အစရှိတဲ့ကောင်းကျိုးချမ်းသာများကိုရစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာတို့ရဲ့ အလိုချင်ဆုံး အတောင်းတဆုံး နောက်ဆုံးပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်း အထောက်ပံ့လည်းဖြစ်စေပါတယ်။ မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓ၊ အဂ္ဂသာဝက မဟာသာဝကများ ဖြစ်အောင်ပါရမီဖြည့်ကျင့်ရတဲ့အရာမှာလည်း ဒါနဟာ ထိပ်တန်းကပါဝင်နေပါတယ်။ အဂ္ဂသာဝက မဟာသာဝကဖြစ်ဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါဖြစ်စေအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ဆုံးသမ္မာသမ္ဗုဒ္ဓဘုရားရှင်ဖြစ်စေအောင်လည်း ဒါနက အထောက်အပံ့ပေးနိုင်တယ်။

သို့သော် အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက လှူသင့်လှူထိုက်တဲ့ဒါနဖြစ်ဖို့ပေါ့။ ကျောင်းဆောက် ဘုရားတည် ရှင်ပြု ရဟန်းခံ ဝါဆိုသင်္ကန်း ကထိန်သင်္ကန်းစသည်ဖြင့်ပေါ့လေ၊ အပ်စပ်တဲ့အလှူဒါန အပြစ်ကင်းစင်တဲ့ဒါနဖြစ်ဖို့တော့ အလွန်ပင်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့တစ်ချို့သောပုဂ္ဂိုလ်များဟာ အပြစ်ကင်းစင်တဲ့အလှူဒါနလို့ထင်မှတ်ပြီး(အပြစ်မကင်းတဲ့ အပါယ်လေးပါးရောက်ကြောင်းအလှူဒါနများကို) လှူဒါန်းကြတဲ့အလှူများ ယခုခေတ်မှာ မကြာခဏ ကြားသိမြင်တွေ့နေပါတယ်။ ကောင်းရာသုဂတိရောက်ကြောင်း အလှူဒါနအထင်ဖြင့် လှူဒါန်းတဲ့ဒါနများ၊ အလှူများကိုဆိုလိုခြင်းဖြစ်ပါတယ်။ ပြောလိုတာက အပြစ်မကင်းတဲ့ မလှူကောင်းတဲ့ အပါယ်လေးပါးရောက်ကြောင်း အလှူဒါနများကို မလှူမိစေဖို့ ပြောချင်တာပါ။ မလှူဒါန်းကောင်းတဲ့ အပါယ်လေးပါးရောက်ကြောင်းဖြစ်တဲ့အလှူဒါနတွေဟာ ဘာတွေလဲ။ ဘယ်နှစ်ပါးတောင်ရှိသလဲစသည်ဖြင့် သိသင့်သိထိုက်တာလေးကိုပြောပြချင်တာပါ။ မသိသေးသောသူများကိုသိစေချင်..သိပြီးသားဆိုရင်လည်း ရှောင်ကြဉ်စေချင်တဲ့ဆန္ဒနဲ့ အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါးအကြောင်းကို ရေးသားတင်ပြလိုပါတယ်။

အလှူဒါန၀တ္ထုခေါ် မပေးလှူကောင်းသော အလှူ (၁၀)ပါး၊ ပေးလှူသော် ကုသိုလ်မရ၊

အပါယ်ရောက်ကြောင်းအလှူဒါန (၁၀) ပါးမှာ-

၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )

၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ

၃။ ဣတ္ထိဒါန- မိန်းမအလှူ

၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ

၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ

၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ

၇။ ၀ိသဒါန- အဆိပ်အလှူ

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။

(၁)။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ ရင်နှီးသူအချင်းချင်းလည်း "သူငယ်ချင်း'’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး" အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။ အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတယ်။

(၂) သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။ တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။

(၃)။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။

နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်းဦးဆောင်မြင်းလားတို့ကိုပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။

၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။

ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။ ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Monday, July 25, 2011

ကံနှင့် ကံ၏အကျိုးသက်ရောက်မှု

ပြုလုပ်ဆောင်ရွတ်မှု (ကာယကံ)၊ ပြောဆိုမှု(ဝစီကံ)၊ ကြံစည်မှု (မနောကံ) တွေကို ကံလို့ခေါ်တယ်ဆိုတာကို အကျဉ်းချုပ်မှတ်လိုက်ပါ။ အဲဒီကံဟာ အကုသိုလ်ကံ (မကောင်းကံ)၊ ကုသိုလ်ကံ (ကောင်းကံ)ဆိုပြီးနှစ်မျိုးရှိပါတယ်။ အကုသိုလ်ကံက

၁။ ပါဏာတိပါတ -သူ့အသက်သတ်မှု။

၂။ အဒိန္နာဒါန -သူ့ဥစ္စာခိုးမှု။

၃။ ကာမေသုမိစ္ဆာစာရ-သူ့အိမ်ယာလွန်ကြူးမှုဆိုပြီး(၃)မျိုးရှိပါတယ်။ အဲဒီအကုသိုလ်ကံ(၃)မျိုးက ကိုယ်နဲ့ပြုလုပ်တာဖြစ်လို့ ကာယကံလို့ခေါ်ပါတယ်။

နောက်-နှုတ်ဖြင့်ပြောဆိုတဲ့ ဝစီကံဆိုတာရှိပါတယ်။ ၁။ မုသာဝါဒ -လိမ်လည်ပြောဆိုမှု။

၂။ ပိသုဏဝါစာ -အချစ်ပျက်အောင် (သူတစ်ပါးတို့၏ခင်မင်မှုကိုပျက်ဆီးအောင်) ကုန်းတိုက်မှု။

၃။ ဖရုသဝါစာ -ကြမ်းတမ်းသောစကားကိုပြောဆိုမှု။

၎။ သမ္ဖပ္ပလာပဝါစာ-အကျိုးမဲ့စကားပြောဆိုမှု။ ဒါက ဝစီကံလေးပါးပါ။

နောက်- စိတ်ထဲကကြံစည်တဲ့ မနောကံဆိုလည်း(၃)ပါးရှိသေးတယ်။ ၁။ အဘိဇ္ဈာ -သူတစ်ပါးဥစ္စာ သူတစ်ပါးစီးပွားကို(မတရား)လိုချင်မှု။

၂။ ဗျာပါဒ -သူတစ်ပါးကိုပြစ်မှားမှု။

၃။ မိစ္ဆာဒိဌိ -မှားယွင်းသည့် အယူအဆ (အယူမှား)။ ဒါက စိတ်နဲ့ကြံစည်ပြီးဖြစ်တဲ့ အကုသိုလ် မနောကံ (၃)ပါးပါ။ မကောင်းတဲ့ အကျင့်စရိုက်တွေဖြစ်လို့ ဒုစရိုက်လို့လည်းခေါ်တယ်။အကုသိုလ်ကံလို့လည်းခေါ်တယ်။

ကောင်းတဲ့ကုသိုလ်ကံ ဆိုတာ အဲဒီမကောင်းတဲ့ အကုသိုလ်တွေကို မပြုပဲ ရှောင်ကြဉ်ရင် ကုသိုလ်ဖြစ်တယ်။ (ဥပမာ) ခြင်တစ်ကောင်ကို သတ်လိုက်ရင် ပါဏာတိပါတကံဖြစ်ပြီး အကုသိုလ်ကံဖြစ်ပါတယ်။ ဒါပေမယ့်မသတ်ပဲ ရှောင်ကြဉ်လိုက်ရင် အကုသိုလ်မဖြစ်ပဲ ကုသိုလ်ဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ ကုသိုလ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒုစရိုက် မကောင်းမှုကို ရှောင်ကြဉ်လိုက်ရုံနဲ့ ကုသိုလ်သဘောက မကုန်သေးပါဘူး။

ဒါန - ပေးကမ်းလှူဒါန်းမှု။ သီလ - ကိုယ်ကျင့်တရား ကောင်းမွန်မှု။ ထိန်းသိမ်းမှု။ ဘာဝနာ - သမထ ဝိပဿနာပွားမှု။ ဒါတွေလည်း ကုသိုလ်လို့ခေါ်တယ်။ ထို့အပြင် အခြား ကုသိုလ်ရေးဆိုင်ရာ အမူအရာ (ပုညကြိယာဝတ္ထု) ဆိုတာရှိသေးတယ်။ ၁။ ဒါန - ပေးကမ်းလှူဒါန်းမှု။ ၂။ သီလ - ကိုယ်ကျင့်တရားကောင်းမွန်မှု ထိန်းသိမ်းမှု (သက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများလိုက်နာမှု) ၃။ဘာဝနာ - ကုသိုလ်တရားဖြစ်ပေါ်တိုးပွားစေမှု။ (သမထ ဝိပဿနာပွားမှု)။ ၄။ အပစာယန - မိဘ ဆရာသမား စသည့် မိမိထက် အသက်သိက္ခာရာထူးဂုဏ်သိန် ကြီးမားသူတို့ကိုအရိုအသေပေးမှု။ ၅။ ဝေယျာဝေစ္စ - ဘုရား တရား သံဃာ မိဘ ဆရာသမား စသူတို့ရဲ့လုပ်ငန်းဆောင်တာများကို ဆောင်ရွတ်ပေးမှု။ ၆။ ပတ္တိဒါန - မိမိပြုလုပ်လှူဒါန်းဆောင်ရွတ်ခဲ့သော ကုသိုလ်အဖို့ကို (မိမိနှင့်ထပ်တူ) ရကြစေဟူသော သဘောထားဖြင့်အမျှပေးဝေမှု။ ၇။ ပတ္တာနုမောဒန - သူတစ်ပါးတို့က ပေးဝေသည့် ကုသိုလ်ကောင်းမှု၏အပေါ်တွင် ဝမ်းမြောက်ကြည်နူးစွာသာဓုခေါ်ဆိုမှု။ ၈။ ဓမ္မဿဝန - တရားနာခြင်း။ ၉။ ဓမ္မဒေသနာ - အများချမ်းသာစေဖို့ ဖြူစင်သောစေတနာဖြင့် ဟောပြောပို့ချမှု။ ၁၀။ ဒိဌိဇုကမ္မ - အယူဖြောင့်အောင်ယူမှု။

(ကုသိုလ်ကံ အကုသိုလ် ကံနှင့် ၎င်းတို့၏ အကျိုးတရားများကို အမှန်မြင် အမှန်သိလျှင် ဒိဋ္ဌိဇုကမ္မပုညကြိယာဝတ္ထုဖြစ်၏)။ ဒါတွေအားလုံးချုပ်လိုက်တော့ ဒါန သီလ ဘာဝနာပါပဲ။ ကာမာဝစရ ကုသိုလ်ကံလို့ခေါ်ပါတယ်။ ဒါန သီလ ဘာဝနာ ဖြစ်သွားပုံက ဒီလိုပါ။ ဒါနအုပ်စုထဲမှာ ပတ္တိဒါန၊ ပတ္တာနုမောဒနာ နှစ်ပါးဟာ စွန့်ခြင်းသဘောရှိလို့ ဒါနအုပ်စုထဲကို ထည့်သွင်းရတာဖြစ်လို့ ဒါနလို့ခေါ်လို့ရပါတယ်။ အပစာယနနှင့် ဝေယျာဝေစ္စ နှစ်ပါးက ဖြည့်ကျင့်ရတဲ့သဘောရှိတဲ့အတွက်ကြောင့် စာရိတ္တသီလဖြစ်ပါတယ်။ ဒါကြောင့် သီလအမျိုးအစားထဲထည့်သွင်းရတာဖြစ်လို့ သီလအုပ်စုထဲကိုထည့်သွင်းရပါတယ်။ ကျန်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာနှင့် ဒိဋ္ဌိဇုကမ္မကတော့ ဘာဝနာထဲကိုထည့်သွင်းရပါတယ်။ ဒါကြောင့် ပုညကြိယာဝတ္ထုဆယ်ပါးဆိုတာ ဒါန သီလ ဘာဝနာလို့ အကျဉ်းချုပ်အားဖြင့် ပြောလို့ရပါတယ်။ ဒါန သီလ ဘာဝနာ ကိုကံလို့ခေါ်တယ်။ ဘာကံလဲလို့ဆိုတော့ ကာမာဝစရကုသိုလ်ကံလို့ခေါ်ပါတယ်။ ကာမာဝစရကုသိုလ်ကံဆိုတာ ကာမဘုံမှာဖြစ်လို့ ကာမာဝစရကုသိုလ်ကံလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာအလိုအရ သုံးဆယ့်တစ်ဘုံရှိပါတယ်။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသုရကာယ်ဆိုတဲ့အပါယ်လေးဘုံ၊ လူဘုံ၊ နတ်ပြည်ခြောက်ထပ်(နတ်ဘုံးခြောက်ပုံ)၊ ရူပတစ်ဆယ်ခြောက်ဘုံ၊ အရူပလေးဘုံဆိုပြီး သုံးဆယ့်တစ်ဘုံရှိပါတယ်။ (အပါယ်လေးဘုံရယ် လူဘုံရယ် နတ်ဘုံခြောက်ဘုံ)ပေါင်းတော့ တစ်ဆယ့်တစ်ဘုံက ကာမဘုံလို့ခေါ်တာပါ။ ဒါန သီလ ဘာဝနာ ကုသိုလ်ကံတွေသည် ကာမဘုံမှာဖြစ်လို့ ကာမာဝစရကုသိုလ်ကံလို့ခေါ်တာပါ။ နောက် ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံရယ် မဂ်ကုသိုလ်ရယ်ဆိုပြီး ကုသိုလ်အမျိုးစားတွေရှိပါသေးတယ်။ ရူပဈာန်တွေကတော့ ရူပါဝစရကုသိုလ်ကံ၊ အရူပဈာန်တွေကတော့ အရူပါဝစရကုသိုလ်ကံ၊ ဝိပဿနာအားထုတ်လို့ သောတာပန်စသည် တည်သွားအောင်အားထုတ်တာကတော့ မဂ်ကုသိုလ်ပေါ့။ ဒီတော့ ကံဆိုတာ ဆိုခဲ့ပြီးတဲ့အတိုင်း ကောင်း မကောင်း ဆောင်ရွတ်မှုကို ကံလို့ခေါ်တာဖြစ်ပါတယ်။ နောက် ကံရဲ့အကျိုးတရားဆိုတာက အဲဒီ ကိုယ်ပြုလိုက်တဲ့ ကောင်းမှု၊ မကောင်းမှုအလိုက် သက်ရောက်မှုတွေပါပဲ။ ဥပမာ-သူ့အသတ်သတ်မှုဆိုတဲ့ မကောင်းမှုအကုသိုလ်ကိုလုပ်ရင် သတ်မှတ်ထားတဲ့ဥပဒေများနှင့်ငြိစွန်းပြီး ပြစ်ဒဏ်ကျမယ်။ ဥပမာလူတစ်ယောက်ကိုသတ်လိုက်ရင်၊ သူတစ်ပါးဥစ္စာကိုခိုးယူလုယက်ရင် စသည်ဖြင့်မကောင်းမှုပြုတယ်ဆိုပါစို့။ အဲဒီလူဟာ မသေခင်မှာလည်း တရားဥပဒေအရ အရေးယူခံရသလို သေပြီးလို့ နောက်ဘဝကျရင်လည်း အသက်တိုခြင်း၊ ဆင်းရဲခြင်း စသည်ဖြင့်ပေါ့လေ၊ မကောင်းကျိုးကိုပြန်ပြီးခံစားရတယ်။ အခုဘဝ တစ်ချို့ဆို အမိဝမ်းထဲမှာတင်သေသွားတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာတွေကိုကြည့်ရင် အဲဒီပုဂ္ဂိုလ်များဟာ အတိတ်က သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့လို့ဆိုတာ သိသာပါတယ်။ ယခုဘဝမှာစည်းစိမ်ဥစ္စာနည်းပါး ဆင်းရဲကြတာဟာလည်း သူတစ်ပါးပစ္စည်းကို မတရားခိုးယူ လုယက်ခဲ့လို့ဆိုတာသိနိုင်ပါတယ်။ ဒါက အကျဉ်းလောက် ဥပမာပေးခြင်းဖြစ်ပါတယ်။ အကုသိုလ်ကံရဲ့အကျိုးအပြစ်တွေပါ။

ကုသိုလ်တွေပြုရင်လည်း ကောင်းကျိုးချမ်းသာတွေဖြစ်မယ်။ ဒီဘဝမှာအသက်ရှည်တယ်၊ အနာကင်းတယ်၊ ကျန်းမာတယ်ဆိုတာ အကြောင်းမဲ့သက်သက်မဟုတ်ပဲ အတိတ်က ကိုယ်ပြုလုပ် စာင့်ထိန်းခဲ့တဲ့သီလကြောင့်ပါ။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်ဆိုတာလည်း အလှူအတန်းတွေပြုလုပ်ခဲ့လို့ပါ။ အသက်ရှည်တယ် အဆင်းလှတယ် ချမ်းသာကြီးတယ် ခွန်းအားကြီးတယ်ဆိုတာတွေလည်း အကြောင်းမရှိပဲဖြစ်လာတဲ့အကျိုးတရားမဟုတ်ပဲ ကိုယ်ပြုထားတဲ့ ကုသိုလ်ကံတွေကြောင့် ဒီအကျိုးတရားတွေခံစားရတယ်ဆိုတာ အသေချာမှတ်စေချင်ပါတယ်။ ကိုယ်က သူတစ်ပါးကိုကူညီတယ်ဆိုရင်လည်း အဲဒီကုသိုလ်နဲ့ အလားတူ တန်ပြန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်လာမှာပါ။ သူတစ်ပါးကိုကူညီလိုက်လို့ ကိုယ့်အလှည့်ကျရင်လည်း တစ်ခြားသူတစ်ပါးက ပြန်ပြီးကူညီတဲ့သဘောပါပဲ။ ဒါက ကုသိုလ်ကံရဲ့ အကျိုးတရားတွေပါ။ ဒီလောက်ဆို ကုသိုလ်ကံ အကုသိုလ်ကံကိုလည်းသိလောက်ပြီ။ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးတရားတွေကိုလည်းသိလောက်ပါပြီ။ မယုံမရှိပါနဲ့။ မယုံဘူးဆိုရင်လက်တွေ့စမ်းသပ်ပါ။ တကယ်မှန်ပါမှလက်ခံပါ။ ဒါကဗုဒ္ဓမြတ်စွာဘုရားရဲ့တရားပါ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝါဒပါ။ ဗုဒ္ဓရဲ့တရား ဗုဒ္ဓရဲ့ဝါဒက ဇွတ်မှိတ်ပြီးမယုံခိုင်းပါဘူး။ ဇွတ်မှိတ်ပြီးယုံကြည်ခိုင်းတဲ့ဝါဒမဟုတ်ပါဘူး။ မယုံရင်စမ်းသပ်ကြည့်လို့ရတဲ့ အာမခံချက် ရာခိုင်နှုန်းအပြည့်ပေးနိုင်တဲ့တရားပါ။ အာမခံရဲရဲကြီးပေးထားတဲ့ဝါဒပါ။ အားလုံးသောဒကာ ဒကာမများ အကုသိုလ်ဟူသမျှရှောင်ကြဉ်ပြီး ကုသိုလ်တရားများကိုအသက်ထက်ဆုံးပြုလုပ်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Sunday, July 24, 2011

ဘ၀ပစ္စယာ ဇာတိ

မနေ့က ဥပါဒါန်ကြောင့် ဘ၀ဖြစ်တယ်ဆိုရာမှာ ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀လို့ နှစ်မျိုးရှိကြောင်း ပြောခဲ့တယ်။ ကမ္မဘ၀က ဒီလက်ရှိဘ၀မှာ ဖြစ်နေတဲ့ ကံတရားအစုကို ပြောတာပါ။ ဥပပတ္တိဘ၀ကတော့ နောက်ဘ၀ ရရှိမယ့် ခန္ဓာအစကို ပြောတာပါပဲ။ ဒါကြောင့် ဥပပတ္တိဘ၀ကို စက်ဝိုင်း အကွက် (၄)မှာ ထည့်သွင်းထားရခြင်းဖြစ်တယ်။ ဖြစ်ပုံအနေအားဖြင့် အကုသိုလ်ကံကြောင့် အပါယ်ခန္ဓာရ၊ ကုသိုလ်ကံကြောင့် ကာမသုဂတိခန္ဓာ၊ ရူပဗြဟ္မာခန္ဓာ၊ အရူပဗြဟ္မာခန္ဓာရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လက်ရှိဘ၀နဲ့ အနာဂတ်ဘ၀ ဆက်စပ်သွားခြင်းဟာ ဥပါဒါန်ကြောင့် ဖြစ်နေသဖြင့် ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပပတ္တိဘ၀ကိုပါ ထည့်သွင်း ဟောကြားတော်မူရခြင်း ဖြစ်ပါတယ်။

ဥပပတ္တဘ၀ဆိုတာ ကံကြောင့် ဖြစ်တဲ့ ခန္ဓာတွေကို ပြောတာပါပဲ။ အဘိဓမ္မာအလိုကျပြောမယ်ဆိုရင်တော့ ၀ိပါက်စိတ် စေတသိက် ကမ္မဇရုပ်တွေပါ။ ဒါတွေကို ဥပပတ္တိဘ၀လို့ ခေါ်တယ်။ ဥပပတ္တိဘ၀ဆိုတာ ဇာတိပါပဲ။ ဟိုဘ၀ ဒီဘ၀ အစဖြစ်တာကို ဇာတိလို့ ခေါ်တာ။ အကုသိုလ်ကံကြောင့် အပါယ်ဘုံမှာ ပဋိသန္ဓေနေတော့ အပါယ်ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဖြစ်သွားတယ်။ ဒါဟာ ဥပပတ္တိဘ၀ပါပဲ။ ထို့အတူ အခြားဘုံတွေမှာ ဖြစ်တဲ့ ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဟာ ဥပပတ္တိဘ၀လို့ နားလည်ထားရမယ်။ အ၀ိဇ္ဇာက သစ္စာမသိအောင် ဖုံးလွှမ်းထားတော့ တဏှာနဲ့ တပ်မက်၊ ဥပါဒါန်နဲ့ စွဲလမ်း၊ ကောင်းနိုးရာရာတွေ လုပ်ကြတော့ အကျင့်ကောင်းကျင့်မိရင် ကုသိုလ်ကမ္မဘ၀ဖြစ်ပြီး အကျင့်ဆိုးကျင့်မိရင် အကုသိုလ်ကမ္မဘ၀ဖြစ်တယ်။ ဒီကမ္မဘ၀ကြောင့်ပဲ ကံရဲ့အကျိုးဖြစ်တဲ့ ဥပပတ္တဘ၀-ကလဲ ဖြစ်လာမယ်။ ဒါကြောင့် ဥပါဒါန်ကြောင့် ကမ္မဘ၀လဲ ဖြစ်၊ ဥပပတ္တိဘ၀လဲဖြစ်တယ်လို့ ဆိုလိုတာ။ ဥပါဒါန်ကြောင့်ပဲ ကုသိုလ်ကံ အကုသိုလ်ကံဖြစ်တယ်။ ဥပါဒါန်ကြောင့်ပဲ ဟိုဘ၀ ဒီဘ၀ရောက်ရတယ်။ ဒီလိုလဲ ပြောလို့ရတယ်။

စင်စစ်မှာ ကမ္မဘ၀ကြောင့် ဥပပတ္တိဘ၀ဖြစ်ပေါ်လာတယ်လို့ ပြောလို့လဲ ရပါတယ်။ ကံကြောင့် အနာဂတ်ခန္ဓာပေါ်ရတယ်ပေါ့။ ဥပပတ္တိဘ၀ရဲ့ အစဦးဆုံး ဖြစ်ပေါ်မှုသဘောကို ဇာတိလို့ခေါ်ပါတယ်။ ဒါကြောင့် ဘ၀ပစ္စယာ ဇာတိလို့ ဟောတော်မူခြင်းဖြစ်တယ်။ ဘ၀ပစ္စယာ ဇာတိ-မှာ ဘ၀အရ ကမ္မဘ၀တစ်ခုပဲယူရတယ်၊ ဥပပတ္တိဘ၀ကို ယူလို့မရဘူး။ ဥပပတ္တိဘ၀နဲ့ ဇာတိက အတူတူပဲ။ ဘ၀တစ်ခုမှာ ပဋိသန္ဓေနေတာကို ဥပပတ္တိဘ၀လို့လဲ ပြောလို့ရတယ်၊ ဇာတိလို့လဲ ပြောလို့ရတယ်။ ကမ္မဘ၀ကြောင့် ဇာတိဖြစ်တယ်လို့ဆိုလိုတယ်။ ဥပပတ္တိဘ၀ကြောင့် ဇာတိဖြစ်တယ်ဆိုရင် ဇာတိကြောင့် ဇာတိဖြစ်တယ်လို့ပြောတာနဲ့ အတူတူပဲဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကမ္မဘ၀ကြောင့် ဥပပတ္တိဘ၀ သို့မဟုတ် ဇာတိဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဇာတိနဲ့ ကမ္မဘ၀ဟာ တကယ်တော့ အတူတူဖြစ်နေတဲ့အတွက်ကြောင့် စက်ဝိုင်းအကွက် (၄)မှာ ဇာတိအောက်က ဥပပတ္တိဘ၀လို့ ရေးပြထားတာကို သတိထားပါ။

ဇာတိကြောင့် အိုမင်းရင့်ရောမှု ဇရာ၊ သေခြင်း မရဏ၊ စိုးရိမ်ပူဆွေးရခြင်း သောက၊ ငိုကြွေးမည်တမ်းရခြင်း ပရိဒေ၀၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းရုံတင်မက ရှိုက်ကြီးတငင်ဖြစ်ခြင်း မေ့မြောသွားခြင်း ဥပါယာသတို့ ဖြစ်ပေါ်လာရပါတယ်။ ဒီမှာ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်။ ဇာတိကြောင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဖြစ်တယ်လို့ ဒီလို နှစ်ပိုင်းခွဲခြားပြီး နားလည်ထားရမယ်။ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာက ရှောင်လွှဲလို့မရတဲ့အကျိုးတရားတွေဖြစ်တယ်။ ဇာတိ ပဋိသန္ဓေနေလိုက်ပြီဆိုကတည်းက ဇရာ အိုမင်းကြီးရင့်ခြင်း လာတော့မယ်။ ဇာတိ ပဋိသန္ဓေအခိုက်လေး ပြီးတာနဲ့ ကျန်တဲ့ အခိုက်အတန့်လေးတွေ ခဏလေးတွေဟာ ဇရာပဲ။ ဆံဖြူသွားကျိုးမှ ဇရာမဟုတ်ဘူး။ ပဋိသန္ဓေစိတ်ချုပ်ပြီးတာနဲ့ နောက်ပေါ်လာတဲ့ ဘ၀င်စိတ်တွေက စပြီးတော့ ဇရာအခိုက်အတန့်ဘက်ရောက်လာတာ။ ဒါကြောင့် ဇာတိပြီးရင် ဇရာကို ရှောင်လွှဲလို့မရဘူး။ ဇာတိက အဖြစ်၊ မရဏက အပျက်၊ အဖြစ်ရှိပြီဆိုမှဖြင့် အပျက်ကို ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် မရဏဆိုတာ လာကိုလာရမယ်ဆိုတာနားလည်လိုက်ပါ။ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အကျိုးတရားတွေပဲ ဖြစ်ပါတယ်။ ဧကန်ဖြစ်မယ့်အကျိုးတရားတွေ ဖြစ်ပါတယ်။ အကျိုးရင်းတွေလို့ မှတ်လိုက်ပါ။

သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဒီ(၅)ခုကတော့ များသောအားဖြင့် ဖြစ်တယ်။ အချို့ မဖြစ်ဘဲနေတာလဲ ရှိတယ်။ သူက တိုက်ရိုက်အကျိုးမဟုတ်ဘူး။ အကျိုးဆက်သာဖြစ်တယ်။ အကျိုးရင်းမဟုတ်ဘူး၊ အကျိုးဖျားသာဖြစ်တယ်။ ဘယ်ဘ၀မဆို ဇာတိကတော့ မဖြစ်လို့ကို မရပါဘူး၊ ဖြစ်ကိုဖြစ်မယ်။ ဇာတိဖြစ်တော့ ဇရာမရဏ-ကလဲ ဖြစ်ကိုဖြစ်မယ်၊ ရှောင်လို့ မလွတ်ဘူး။ ဒီဇာတိကြောင့်ပဲ သောက ပရိဒေ၀ ဒီတရားတွေက ဖြစ်လေ့ရှိတယ်။ ဒါကျတော့ ဖြစ်တာလဲရှိ မဖြစ်တာလဲရှိတယ်။ ဒါဆို သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသမီးတွေ အတောက်လောင်ခံနေကြရတာဟာ ဇာတိ ခန္ဓာကြောင့်ပဲ။ ဇာတိ ခန္ဓာသာ မရှိရင် ဒီလိုဒုက္ခမီးတွေ တောက်လောင်စရာအကြောင်းမရှိတော့ပါဘူး။ ခန္ဓာက လောင်စာတွေ ထင်းတွေ။ သောက စတဲ့တရားတွေက မီးတွေ။ ထင်းနဲ့ မီးနဲ့ တွဲမိပြီးလောင်တာ။ ထင်းနဲ့ မီးမတွဲမိရင်လောင်စရာ မရှိပါဘူး။ ဥပမာ- စိုးရိမ်ကြောင့်ကြမှုကို သောကလို့ခေါ်တယ်။ ဒီသောကဟာ ကိုယ့်ခန္ဓာမှာ ကပ်ပြီးလောင်တယ်။ ကိုယ့်ဆွေမျိုးတစ်ယောက်ယောက် ပျက်စီးသွားတဲ့အခါ သောကဖြစ်တယ်၊ စီးပွားပျက်တဲ့အခါ သောကဖြစ်တယ်၊ သီလပျက်တဲ့အခါ သောကဖြစ်တယ်၊ စသည်ဖြင့်ပေါ့။ သောကဖြစ်စရာတွေက အများကြီးပါပဲ။ အဘိဓမ္မာရှုထောင့်ကကြည့်ရင် သောကဖြစ်နေခိုက် ဒေါမနဿဝေဒနာဖြစ်နေတယ်။ ဒေါမနဿဆိုတာ ဒေါသမူစိတ်ဖြစ်လေတော့ အကုသိုလ်ဖြစ်နေတာပဲ။ ငိုကြွေးတာက ပရိဒေ၀။ အရကောက်လိုက်တော့ စိတ်ဖောက်ပြားလို့ ပေါ်လာတဲ့အသံလေးဖြစ်လို့ စိတ္တဇ၀ိပ္ပလ္လာသသဒ္ဒလို့ဆိုတယ်။ ဒုက္ခအရ ကာယိကဒုက္ခ- ကိုယ်ဆင်းရဲပင်ပန်းမှုပါပဲ၊ ဒုက္ခသဟဂုတ် ကာယ၀ိညာဏ်စိတ်ပေါ့။ ဒေါမနဿ-က စေတသိကဒုက္ခ- စိတ်ဆင်းရဲပင်ပန်းမှုပေါ့၊ ဒေါမနဿဝေဒနာကိုကောက်။ ပြင်းပြင်းထန်ထန်ပူပင်သောက ရောက်နေလို့ ရှိုက်ကြီးတငင်ဖြစ် မေ့မြောသွားတာက ဥပါယာသလို့ခေါ်တယ်။ ဒေါသစေတသိက်ကို အရကောက်ရတယ်။ ဒီတရားတွေဟာ ဇာတိရှိလာပြီဆိုရင် များသောအားဖြင့် ဖြစ်တယ်။ မဖြစ်နိုင်တဲ့ဘ၀မျိုးတွေလဲရှိတယ်။ ဗြဟ္မာတွေမှာ ဒီတရားတွေ ဖြစ်ခဲတယ်။ ဒါကြောင့် သူတို့က အကျိုးရင်းမဟုတ်၊ အကျိုးဖျားတွေဖြစ်လို့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂)ပါးထဲ ထည့်မထားတာဖြစ်တယ်။

ဒီအင်္ဂါ(၁၂)ပါးနဲ့ လည်နေတဲ့ ဘ၀စက်ယန္တယားကြီးဟာ ချမ်းသာမဖက် ဒုက္ခအစုကြီး သက်သက်ပါပဲတဲ့။ ဒါကို ဧ၀မေတဿ ကေ၀လဿ ဒုက္ခန္ဓဿ သမုဒယော ဟောတိ- လို့ဟောတော်မူလိုက်ပါတယ်။ ဘ၀အထွေထွေ ရှိနေပေမယ့် ဒီစက်ရဟတ်အတိုင်း လည်နေကြရတာသာဖြစ်တယ်။ ဒီစက်ကြီးဟာလဲ ဇာတိ ဇရာ မရဏတွေနဲ့သာ လည်နေကြရတော့ ဖြစ်ပြီး ပျက်ကြ မွေးပြီး သေကြရသည်သာဖြစ်လို့ ချမ်းသာသုခရယ်လို့ မြူမျှတောင် ရှာလို့ မတွေ့ပါဘူး၊ ဒုက္ခအစု ဒုက္ခအပုံကြီးသာဖြစ်တယ်လို့ ဘုရားရှင်က ဟောတော်မူလိုက်ခြင်းဖြစ်ပါတယ်။ ခန္ဓာရှိနေသရွေ့ ဇာတိဇရာမရဏစတဲ့ မီးတွေ တောက်လောင်နေမှာသာ ဖြစ်တယ်။ ခန္ဓာက လောင်စာ၊ ကိလေသာက မီး။ လောင်စာနဲ့ မီးတွဲမိနေသမျှ ဒီဒုက္ခအပူမီးတွေက လွတ်လမ်းမမြင်နိုင်ပါဘူး။ ဒါကြောင့် လောင်စာလဲသိမ်း မီးလဲငြိမ်းမယ့် မဂ္ဂင်အလုပ်ကို လုပ်မှသာလျှင် မီးဆယ့်တစ်တန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

Saturday, July 23, 2011

ဥပါဒါနပစ္စယာ ဘဝေါ

ဥပါဒါနပစ္စယာ ဘဝေါ-၌ ဥပါဒါန-အရ ဥပါဒါန်တရား (၄)ပါးကို ယူရပါတယ်။ ဘ၀-အရ ကမ္မဘ၀နဲ့ ဥပပတ္တိဘ၀ နှစ်ပါးကိုယူရပါတယ်။ ကမ္မဘ၀-အရ လောကီ ကုသိုလ် အကုသိုလ် စေတနာ(၂၉)ပါးကို ကောက်ယူရပါတယ်။ ဥပပတ္တိဘ၀-အရ ထင်ရှားစွာ ဖြစ်ပေါ်လာတတ်သော လောကီဝိပါက်(၃၂)၊ စေတသိက် (၃၅)၊ ကမ္မဇရုပ် (၂၀) တို့ကို ကောက်ယူရပါတယ်။

သင်္ခါရနှင့် ဘ၀အရ စေတနာကိုပင် ကောက်ယူရသည်ဖြစ်ရာ အတိတ်ဘ၀၌ ဖြစ်ခဲ့သော စေတနာသည် သင်္ခါရ၊ ယခုပစ္စုပ္ပန်ဘ၀၌ ဖြစ်သောစေတနာသည် ကမ္မဘ၀လို့ ခွဲခြားနားလည် ထားရပါမယ်။ သင်္ခါရသည် အတိတ်ကာလ၊ ကမ္မဘ၀သည် ပစ္စုပ္ပန်ကာလလို့ ကာလကွာခြားပါတယ်။ တရားတွေအရကတော့ အတူတူပါပဲ။ တစ်နည်းအားဖြင့် စေတနာသက်သက်သည် သင်္ခါရ။ စေတနာ၊ ထိုစေတနာနှင့်ယှဉ်သော စေတနာသမ္ပယုတ်ဖြစ်သော သံသရာ၌ ကျင်လည်တတ်သော အဘိဇ္ဈာ စသောတရားအပေါင်းသည် ဘ၀မည်၏လို့လဲ မှတ်ထားနိုင်ပါတယ်။

အကုသိုလ်အရာ၌ ကာမဂုဏ်အာရုံကိုစွဲလန်းမှု ကာမုပါဒါန်ကြောင့် ဒုစရိုက်ကိုပြုလျှင် ထို ဒုစရိုက်စေတနာက ကမ္မဘ၀၊ ထိုအကုသိုလ်စေတနာကြောင့် ငရဲ တိရစ္ဆာန် စသော အပါယ်ဒုဂ္ဂတိဘုံတို့၌ ပဋိသန္ဓေနေရခြင်းသည် ဥပပတ္တဘ၀ဖြစ်ပါတယ်။ ဤသို့ ကာမဂုဏ်၌ လွန်စွာစွဲလန်းမှု ဥပါဒါန်ကြောင့် အကုသိုလ်ကံဟူသော ကမ္မဘ၀နှင့် ဒုဂ္ဂတိဘ၀ဟူသော ဥပပတ္တိဘ၀တို့ ဖြစ်ပေါ်လာရခြင်းဖြစ်တယ်။

ကုသိုလ်အရာ၌ လူ့ဘ၀ နတ်ဘ၀ သာယာစွဲလန်းခြင်းကြောင့် သုစရိုက် ကုသိုလ်ကံကို ပြုလုပ်အားထုတ်လျှင် ထိုကုသိုလ်ကံသည် ကမ္မဘ၀၊ ထိုကံကြောင့်ဖြစ်သော နတ်ပဋိသန္ဓေ၀ိပါက် နာမက္ခန္ဓာသည် ဥပပတ္တိဘ၀ဖြစ်ပါတယ်။ ဤသို့ လူ့ဘ၀ နတ်ဘ၀ သာယာစွဲလန်းမှု ဥပါဒါန်ကြောင့် ကုသိုလ်ကံဟူသော ကမ္မဘ၀နှင့် သုဂတိဘ၀ဟူသော ဥပပတ္တိဘ၀တို့ ဖြစ်ပေါ်လာရပါတယ်။

အကုသိုလ်ကမ္မဘ၀ ပြုထားသောကြောင့် အပါယ်လေးဘုံ၌ အပါယ်ဘ၀ခန္ဓာလို့ဆိုတဲ့ ဥပပတ္တိဘ၀ အမျိုးမျိုးတို့ ဖြစ်ပေါ်လာသကဲ့သို့ ကုသိုလ်ကမ္မဘ၀ကို ပြုထားသောကြောင့် ကာမသုဂတိ(၇)ဘုံ၌ ကာမသုဂတိဘ၀ခန္ဓာလို့ ဆိုတဲ့ ဥပပတ္တိဘ၀အမျိုးမျိုးဖြစ်ပေါ်လာရပါတယ်။ ထို့အတူ ရူပဘုံ၌ ရူပဗြဟ္မာခန္ဓာ၊ အရူပဘုံ၌ အရူပဗြဟ္မာခန္ဓာဆိုတဲ့ ဥပပတ္တဘ၀အမျိုးမျိုးတို့ ဖြစ်ပေါ်လာရပါတယ်။ ဤသို့ ဘ၀တစ်ခုနှင့်တစ်ခု ဆက်စပ်နေမှုသည် အပြင်းအထန်စွဲလန်းသော ဥပါဒါန်ကြောင့်သာ ဖြစ်ရသဖြင့် ဥပါဒါန်ကြောင့် ဘ၀ဖြစ်တယ်လို့ ဟောတော်မူရခြင်းဖြစ်ပါတယ်။

ကမ္မဘ၀သသည် ယခုဘ၀ ဖြစ်ပေါ်နေတဲ့ စေတနာကံတရားသာဖြစ်ပါတယ်။ ဥပပတ္တိဘ၀သည် ယခုဘ၀တွင် ဖြစ်သော ဥပါဒါန်ကြောင့် နောက်ဘ၀ နောက်ခန္ဓာကို ရရှိခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက စက်ဝိုင်းအကွက် (၃)တွင် ကမ္မဘ၀ကိုထားပြီး စက်ဝိုင်း အကွက်(၄) နောက်ဘ၀ဖြစ်စဉ်တွင် ဥပပတ္တိဘ၀ကို ခွဲခြားပြထားခြင်းဖြစ်ပါတယ်။ ကမ္မဘ၀ရော ဥပပတ္တိဘ၀ပါ နှစ်မျိုးလုံးဟာ စွဲလန်းမှု ဥပါဒါန်ကြောင့် ဖြစ်ရတဲ့ တရားတွေချည်းပါပဲ။ ဥပပတ္တိဘ၀အကြောင်းကို နောက်မှ ဆက်ပြောမယ်။ အခု ကမ္မဘ၀က ဒီပစ္စုပ္ပန်ဘ၀ ဖြစ်နေတဲ့ တရားဖြစ်လို့ ဒီမှာ အရင်ပြောမှ သင့်တော်ပါလိမ့်မယ်။

ဈေးထဲသွားလိုက်လို့ အင်္ကျီတစ်ထည် ဒီဇိုင်းအသစ်လှလှလေးမြင်လိုက်တယ်ဆိုရင် လိုချင်တော့ တဏှာဖြစ်တယ်။ ငါရချင်လိုက်တာလို့ မဖြစ်မနေ ရချင်လာတော့ ဥပါဒါန်ဖြစ်လာတယ်။ ဒါကို ငါဝယ်မယ်ဆိုပြီး ဈေးတွေမေးမြန်းစုံစမ်းတော့ ၀စီကံ၊ ငွေပေးချေပြီး ၀ယ်ယူလိုက်တော့ ကာယကံဆိုပြီး ကံတွေဖြစ်လာတယ်။ ဒီဖြစ်စဉ်ဟာ သာမန်အားဖြင့်တော့ ရိုးရိုးစင်းစင်းလေးပဲ။ ပဋိစ္စသမုပ္ပါဒ်ဒေသနာအရ ကြည့်လိုက်တော့ ကိလေသာတွေဖြစ်နေတာ။ တဏှာ၊ ဥပါဒါန်၊ ကံတွေ ဖြစ်နေတယ်။ ခင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ပေါ့။ ဒီအစဉ်တွေ ဖြစ်နေပါတယ်။ သားသမီးလေးတွေ တွေ့တော့လဲ ခင်တယ်။ ခင်တော့ ငါ့သားလေးပဲ ငါ့သမီးလေးပဲဆိုပြီး စွဲလန်းစိတ်ရှိနေတယ်။ ငါ့သားသမီးလေးတွေ စားဖို့ ၀တ်ဖို့ ကျန်းမာရေး ပညာရေးအတွက် သုံးဖို့ဆိုပြီး စိတ်နဲ့လဲ အမြဲတွေးတော ကြံစည်နေရတယ်၊ ကိုယ်လိုတာရရှိဖို့အတွက် စကားတွေ ဖောင်ဖွဲ့ ပြောဆိုနေရတယ်။ ကိုယ်တိုင်လဲ ၀င်ငွေရဖို့အတွက် လုပ်ကိုင်လှုပ်ရှားနေကြရတယ်။ ဒါတွေဟာ ကမ္မဘ၀တွေပါပဲ။ ခိုးတတ်တဲ့သူကလဲ တစ်စုံတစ်ရာ လိုချင်တာတွေ့ပြီဆိုရင် ဒါ ငါရအောင် ခိုးမယ်ဖြစ်လာတော့ ဥပါဒါန်ဖြစ်တာပဲ။ ခိုးဖို့ မနောကံနဲ့ ကြံစည်နေရတယ်၊ ခိုးဖို့ ၀စီကံနဲ့ ဟိုလိမ်ဒီလိမ် ပြောဆိုနေရတယ်၊ နောက်ဆုံး အဆင်သင့်ဖြစ်ပြီဆိုတော့ ကာယကံမြောက်ခိုးလိုက်တယ်။ အကုသိုလ်ရေးရာမှာလဲ တဏှာ ဥပါဒါန် ကံတွေပဲ တန်းနေသလို ကုသိုလ်ရေးရာမှာလဲ ဒီတရားတွေပဲ တန်းနေတယ်ဆိုတာလဲ သိနားလည်ထားရပါမယ်။ ဘုရားဆွမ်းကပ် ပန်းလှူ ကုသိုလ်ယူတယ်၊ ကုသိုလ်ယူရင်းမှာပဲ လူနတ်ချမ်းသာ ပြန်လည်တောင့်တတဲ့ တဏှာပေါ်လာ၊ မရမနေလိုချင်တော့ ဥပါဒါန်ဖြစ်၊ ကာယကံနဲ့ လှူမှုတန်းမှု ကုသိုလ်ပြု၊ လူချမ်းသာ နတ်ချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုပြီး ၀စီကံနဲ့ နှုတ်မြွက်ဆုတောင်းတော့ ဒါတွေဟာ ကမ္မဘ၀တွေ ဖြစ်နေတာပါပဲ။

ကိုယ်ပြုသမျှ ကောင်းကောင်း ဆိုးဆိုး နောက်ဆုံး ကမ္မဘ၀မှာ သွားပြီး စုနေတယ်။ ကမ္မဘ၀ဟာ တကယ်တော့ စုဗူးနဲ့တူနေတယ်။ ဒါမှမဟုတ် ကုသိုလ် အကုသိုလ်ဒေတာတွေ စုဆောင်းထားသလိုလဲ ဖြစ်နေတယ်။ ပြုလုပ်သမျှတွေ အားလုံးဟာ အ၀ိဇ္ဇာ တဏှာမကင်းသရွေ့ ကာလပတ်လုံး ကံတွေဖြစ်နေမှာပါပဲ။ ကောင်းတဲ့ ကံတွေလုပ်မိတဲ့အခါ ကံကောင်းတွေစုထားမှာ ဖြစ်ပြီး မကောင်းတဲ့ကံတွေလုပ်မိတဲ့အခါ မကောင်းတဲ့ကံတွေ စုထားမှာဖြစ်ပါတယ်။ ဘာလုပ်ဖို့ စုထားတာလဲဆိုရင် ဒီဘ၀စုတေမနေ သေလွန်တဲ့အခါ နောက်ဘ၀ အကျိုးကိုဆက်ပေးဖို့ စုပြုံပြီး ကမ္မဘ၀အဖြစ်နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ တကယ်တော့ ကံစွမ်းသတ္တိတွေ စုနေကြတာပါပဲ။ ဒီကံစွမ်းသတ္တိတွေထဲက ကောင်းတဲ့ကံက အကျိုးပေးလိုက်တော့ နောက်ဘ၀ လူနတ်ဗြဟ္မာ သုဂတိခန္ဓာရသွားပါလိမ့်မယ်။ မကောင်းတဲ့ကံက အကျိုးပေးလိုက်တော့ နောက်ဘ၀ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်ခန္ဓာတစ်မျိုးမျိး ရသွားပါလိမ့်မယ်။ သုဂတိခန္ဓာဖြစ်စေ ဒုဂ္ဂတိခန္ဓာဖြစ်စေ သစ္စာမျက်လုံးနဲ့ကြည့်လိုက်တော့ ဒုက္ခသစ္စာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘ၀ အ၀ိဇ္ဇာ တဏှာမကင်းဘဲလုပ်သမျှတွေက ဒုက္ခသစ္စာ ခန္ဓာကို ဖြစ်စေမယ့် ကမ္မဘ၀တွေအဖြစ် စုမိဆောင်းမိဖြစ်နေမှာဖြစ်ပါတယ်။ ဒီကံတွေရှိနေသမျှ နောင်ခန္ဓာတွေ ရှိနေဦးမှာသာဖြစ်တယ်။ ကံချုပ်သွားပြီဆိုရင်တော့ နောင်ခန္ဓာတွေလဲ ချုပ်ပြီပေါ့။ ကံစုဗူးကွဲသွားပြီ၊ ကံဒေတာတွေ ပျက်သုဉ်းသွားပြီပေါ့။ နောက်ခန္ဓာဖြစ်စေမယ့် ကံတွေလဲ မစုဆောင်းတော့သလို နောက်ခန္ဓာဖြစ်စေမယ့် ကံဒေတာတွေလဲ မသိမ်းဆည်းထားတော့ နောင်ခန္ဓာဖြစ်ကြောင်းတွေ ကင်းသွားတော့တာပါပဲ။ ဒီလိုနောင်ခန္ဓာမပေါ်ရေးအတွက် တဏှာ ဥပါဒါန်ချုပ်ဖို့လိုပါတယ်။ တဏှာဥပါဒါန်ချုပ်ရေးအတွက် ဝေဒနာကြိုက်သူက ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ကြိုက်သူက စိတ်ဖြစ်ပျက်ရှုရပါတယ်။ ဝေဒနာဖြစ်ပျက်ရှုလိုက်တော့ ဝေဒနာက ဖြစ်ပျက်၊ ရှုတာက မဂ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ဒီလို ဖြစ်ပျက်မဂ်ကိုက်နေတဲ့အချိန်မှာ ဝေဒနာနောက်က တဏှာမလာတော့ပါဘူး။ တဏှာချုပ်သွားပါတယ်။ တဏှာချုပ်တော့ ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ ကမ္မဘ၀လဲ ချုပ်ပါတယ်။ ဒါက တဒင်္ဂချုပ်တာပေါ့။ ဝေဒနာပေါ်ခိုက် မရှုလိုက်မိလို့ ခင်မင်တဲ့ တဏှာပေါ်လာလျှင်လဲ အဲဒီ တဏှာ(လောဘ)ကိုပင် ဖြစ်ပျက်ရှုလို့ရပါတယ်။ တစ်ခါတစ်ရံ ဝေဒနာပေါ်ခိုက် ဖြစ်ပျက်မမိလိုက်တော့ တဏှာဆက်သွားတယ်။ အဲဒီတဏှာကိုပဲ ဖြစ်ပျက်လိုက်ရှုပေးလိုက်တော့ တဏှာကနေ ဥပါဒါန်ကူးခွင့်မရတော့ပါဘူး။ တဏှာဖြစ်ခိုက်မှာလဲ ဖြစ်ပျက်မမိလိုက်လို့ စွဲလန်းစိတ်ပေါ်လာတယ်၊ ဥပါဒါန်ကူးသွားတယ်ဆိုရင်လဲ အဲဒီဥပါဒါန်ကိုပဲ ဖြစ်ပျက်လိုက်ရှုပေးလိုက်ပါ။ ဒါဆို ကမ္မဘ၀ မကူးတော့ပါဘူး။ တဏှာလဲ မမိလိုက် ဥပါဒါန်အခိုက်မှာလဲ မမိလိုက်ဘဲ စေတနာ ကမ္မဘ၀ရောက်မှ သိလိုက်တယ်ဆိုရင်လဲ အဲဒီစေတနာကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။

ဒီလို ဖြစ်ပျက်မဂ် ကိုက်နေအောင် မလုပ်တဲ့အချိန်မှာတော့ တဏှာ ဥပါဒါန် ကံတွေက ဖြစ်ရိုးဖြစ်စဉ်အတိုင်း တန်းနေမှာသာဖြစ်တယ်။ မျက်စိဖွင့်လိုက်တော့လဲ တဏှာ ဥပါဒါန် ကံ၊ နားစွင့်လိုက်တော့လဲ တဏှာ ဥပါဒါန် ကံစသည်ဖြင့် ဒီအစဉ်အတိုင်းသာ ပေါ်နေမယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်စက်ရဟတ်ကတော့ လည်မြဲသာ လည်နေမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “ခင်ဗျားတို့ မနက်မိုးလင်း မျက်စိဖွင့်လိုက်မှာကို စိုးရိမ်ရတယ်”လို့ မိန့်တော်မူတာ။ ၀ိပဿနာကင်းပြီး မျက်စိဖွင့်လိုက်တာနဲ့ ပဋိစ္စသမုပ္ပါဒ်စက် တဏှာ ဥပါဒါန် ကံတွေက တန်းလျက်ပဲ ဖြစ်နေတော့ အနာဂတ်ခန္ဓာဖြစ်ကြောင်းတရားတွေချည်း ဖြစ်ပေါ်နေတော့တယ်။ ဒီအနာဂတ်ခန္ဓာဖြစ်ကြောင်းတွေ ပေါ်နေပြီဆိုရင် အနာဂတ်ခန္ဓာ မလာပါနဲ့ တားလို့ မရတော့ဘူး။ ဒါကြောင့် အနာဂတ်ခန္ဓာဒုက္ခသစ္စာကို မလိုချင် မရချင်ပါဘူးဆိုရင်တော့ ဖြစ်ပျက် မဂ် ကိုက်အောင်လုပ်တဲ့အလုပ်ကိုသာ အားကိုးအားထားပြုကြရမှာ ဖြစ်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

Friday, July 22, 2011

ကိုယ်ပိုင်ဥစ္စာ မရှိပါ (အသောကမင်းကြီးရဲ့ ဘ၀နိဂုံး)

ဓမ္မအမြင်နဲ့ ကြည့်လိုက်မယ်ဆိုရင် တိရိစ္ဆာန် လူ နတ် ဗြဟ္မာ သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာရယ်လို့မရှိပါဘူး။ လောကအလိုအားဖြင့်တော့ ကိုယ်ပိုင်ဥစ္စာပစ္စည်းဆိုတာ အနည်းနှင့်အများသာကွာခြားပါတယ်။ ရှိတန်သလောက်တော့ ရှိနေကြတာပါ။ ဒါပေမယ့် ပစ္စည်းဥစ္စာဆိုတာက (ရေ မီး မင်း ခိုးသူ သားဆိုးသမီး)ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ပျက်စီး ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ အဲဒီရန်သူမျိုးငါးပါးနဲ့ မကြုံသေးခင်မှာတော့ ကိုယ်ပိုင်ဥစ္စာလို့ ထင်နေတတ်ကြပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်နဲ့အညီပြောမယ်ဆိုရင် ပြည့်စုံခြင်းဆိုတဲ့အရာဟာ ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်တဲ့။ လောကမှာ ပြည့်စုံနေ၊ ကြီးပွားချမ်းသာနေခြင်းဟာ နောက်ဆုံးတစ်ချိန်မှာတော့ ပျက်ဆီးသွားကြတာချည်းပါပဲ။ မွေးဖွားခြင်းသည် သေခြင်းမှာအဆုံးရှိတယ်ဆိုသလိုပေါ့။ ပြည့်စုံချမ်းသာခြင်းသည်လည်း ပျက်ဆစီးခြင်းလျှင်အဆုံးရှိတယ်လို့ပြောရမှာပါ။ တကယ်တော့ ဒီစကားလုံးလေးက ဦးဇင်းတို့ဥာဏ်ကနေ ထွက်ပေါ်လာတာမဟုတ်ပဲ မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတော်လေးပါ။ မှန်ပါတယ်။ စောစောက ပစ္စည်းဥစ္စာများ ဘယ်လိုပဲပြည့်စုံနေပါစေ၊ နောက်ဆုံးမှာတော့ (သေဆုံးချိန်)မှာတော့ဘာတစ်ခုမှယူသွားလို့မရပါဘူး။ထို့အတူ အခြံအရံများခြင်းဟာလည်း အခြံရံမဲ့ခြင်းမှာအဆုံးသတ်ပါတယ်။ လောကဘက်က ကောင်းတာမှန်သမျှ နောက်ဆုံးကျတော့ အကုန်လုံး ကင်းမဲ့ သွားတော့တာပဲလေ။ အဲဒီအကြောင်းလေးကိုသက်သေပြတဲ့အနေနဲ့ အာသောကမင်းကြီး၏အတ္ထုပ္ပတ္တိကိုဖတ်ခြင်းဖြင့်သိနိုင်ပါတယ်။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် (၂၁၈)နှစ်လောက်မှာ အိန္ဒိယနိုင်ငံမှာ အသောကမင်းကြီးဆိုတာပေါ်ထွန်းခဲ့ပါတယ်။ ဇဗ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတယ်လို့ ဆိုပါတယ်။ အဋ္ဌကထာဆရာတွေရဲ့အဆိုရ ပြောမယ်ဆိုရင် အထက်ကောင်းကင် တစ်ယူဇနာအထိအစိုးရတယ်၊ ဘုန်းတန်ခိုးကြီးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးနတ်ရွာစံခါနီး အချိန်မှာတော့ ဆီးဖြူသီးတစ်ခြမ်းမျှသာပိုင်ဆိုင်အစိုးရတော့တယ်လို့ ဝိသုဒ္ဓိမဂ်မှာပြဆိုထားပါတယ်။ အသောကမင်းကြီးက စောစောပိုင်းကတော့ အလွန်တန်ခိုးကြီးတယ်။ ဇဗ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရတယ်လို့လည်းချီးကျူးရတယ်။ ပစ္စည်းဥစ္စာတွေလည်း အလွန်ပေါများပြည့်စုံပါတယ်။ တစ်နေ့တည်းနဲ့ကို (၉၆)ကုဋေတောင်လှူခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ဘုန်းတန်ခိုး သြဇာ အာဏာ အခြံအရံ စည်းစိမ်ဥစ္စာပြည့်စုံခဲ့တဲ့မင်းကြီး နောက်ဆုံး နတ်ရွာစံခါနီးကျတော့ ကျန်းမာရေးက ဖောက်ပြန်လာတယ်။ အာသောကမင်းကြီးထံမှာ ခစားနေတဲ့ မှူးကြီး အမတ်ကြီး စတဲ့သူတွေကလည်း ရိုသေမှုတွေပေါ့သွားဟန်တူပါတယ်။

အာသောကမင်းကြီးကျန်းမာရေးမကောင်းတဲ့အချိန်မှာ စားဖွယ်များကို မူလက ဆက်သနေကျအတိုင်း ရွှေခွက်နဲ့ဆက်သပါတယ်။ စားသုံးပြီးတဲ့အခါကျတော့ အာသောကမင်းကြီးက အဲဒီရွှေခွက်ကို ကုက္ကုဋာရာမကျောင်းကို ပို့လှူစေတယ်။ အဲဒီနောက် ငွေခွက်နဲ့ ဆက်သတယ်။ ရိုသေမှုတွေ တစ်စတစ်စ လျော့နည်းသွားပုံပါ။ အဲဒီငွေခွက်ကိုလည်း ကုက္ကုဋာရာမကျောင်းကိုလှူစေပြန်တယ်။ အဲဒီလို ရွှေခွက် ငွေခွက်တွေကိုလှူတယ်ဆိုတာကလည်း ကုဋေ တစ်ရာပြည့်ရန် လေးကုဋေလိုနေတဲ့အတွက် ပြည့်အောင်လှူတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ မှူးမတ်များက စားစရာ သောက်စရာများကို မြေခွက်နဲ့ဆက်သကြတယ်တဲ့။ ရိုသေမှုတွေ လေးစားမှုတွေ ကြောက်ရွံ့မှုတွေ အတော်နည်းသွားတဲ့သဘောပါ။ နောက်ဆုံးမှာတော့ မင်းကြီးရဲ့လက်ထဲကို ဇီးဖြူသီးတစ်ခြမ်းမျှသာရောက်လာပါတယ်။ အဲဒီတော့ အာသောကမင်းကြီးလည်း အင်မတန် ထိတ်လန့် တုန်လှုပ်ခြောက်ခြားသွားတော့ မှူးမတ်တွေ နန်းတွင်သူ နန်းတွင်သားတွေ ကိုစည်းဝေးစေပါတယ်။ စည်းဝေးပြီးတဲ့အခါမှာတော့ အာသောကမင်းကြီးက ဒီနိုင်ငံမြေကို ဘယ်သူအစိုးရသလဲလို့မေးတော့ မှူးမတ်တွေက အရှင်မင်းကြီးအစိုးရပါတယ်၊ ပိုင်ပါတယ်လို့လျှောက်ပါတယ်။ အဲဒီတော့ မင်းကြီးက မင်းတို့ပြောတဲ့အတိုင်း ငါပိုင်တာ ငါအစိုးရတာမဟုတ်တော့ဘူး။ အခုအခါမှာ ငါပိုင်တာ ငါအစိုးရတာဆိုလို့ ဆီးဖြူသီးတစ်ခြမ်းပဲရှိတော့တယ်လို့ပြောပြလိုက်တယ်တဲ့။ ပြီးတော့ “ပြည့်စုံခြင်းဟူသမျှ ပျက်ဆီးခြင်း အဆုံးရှိတယ်"လို့ဟောတော်မူတဲ့ မြတ်စွာဘုရားစကားတော် တရားတော် မှန်ကန်ကြောင်းကိုလည်း မြွတ်ဆိုသွားပါတယ်။

ဒါကြောင့် သတ္တဝါတွေမှာ ကိုယ်ပိုင်ဥစ္စာမရှိဘူး။ သေတဲ့အခါ အားလုံးကို စွန့်လွှတ်သွားကြရမယ် ဆိုတာ တကယ်မှန်တဲ့ တရားတော်ပါ။ ငါ့ဟာ ငါဥစ္စာနဲ့ အစွဲအလမ်းကြီးနေကြပေမယ့် သေတဲ့အခါကျတော့ (သေတဲ့အခါကိုထားဦး။ အခုအာသောမင်းကြီးဆို သေတောင်မသေသေးခင် နာရုံပဲရှိပါသေးတယ်) ပိုင်ဆိုင်သမျှကိုစွန့်လွှတ်သွားခဲ့ရတာပါ။ သေချိန်ရောက်ရင်တော့ ပြောဖွယ်ရမရှိပါ။ အားလုံး အကုန်လုံးကိုစွန့်လွှတ်သွားကြရပါတယ်။ ကိုယ်မှာဝတ်ထားတဲ့ အဖိုးတန်တဲ့အရာဆို ဘယ်အရာမှတောင် ပါအောင်မယူနိုင်ကြပါဘူး။ ဘယ်သူ့မှာ ငါ့မိဘ ငါ့ဆရာသမားဆိုပြီး အဘိုးတန်းရွှေ ငွေတွေထည့်ပေးလိုက်တာမရှိပါဘူး။ မိမိတို့ပိုင်ဆိုင်တယ်လို့ ထင်ထားတဲ့ ရုပ်ခန္ဓာကိုယ်ပင် စွန့်ခွာကြရတာဆိုတော့ ကျန်တာပြောဖွယ်ရာမရှိတော့ပါဘူး။ အဲဒီလို ဘဝတိုင်း ကိုယ်ပိုင်တယ်လို့ထင်ထားတဲ့ ပစ္စည်းဥစ္စာများကို စွန့်လွှတ်သွားကြရတာတွေကို မြင်တော်မူလို့ မြတ်စွာဘုရားရှင်က မွေးဖွားခြင်းသည် သေဆုံးခြင်းလျှင်အဆုံးရှိတယ်၊ ပြည့်စုံခြင်းသည် ပျက်ဆီးခြင်းလျှင်အဆုံးရှိတယ်၊ လှပပျိုမြစ်ခြင်းသည် အိုခြင်းလျှင်အဆုံးရှိတယ် စသည်ဖြင့်ဟောတော်မူခဲ့တာပါ။ ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်း အာသောကမင်းကြီး၏အဖြစ်ကိုသံဝေဂယူပြီး မအိုခင် မနာခင် မသေခင်မှာ ကိုယ်ပိုင်ဥစ္စာရှိအောင် ဒါန သီလ သမထ ဝိပဿနာများကိုကြိုးးစားပွားများအားထုတ်ပြီး ကိုယ်ပိုင်မယ့် ဥစ္စာများကိုထုတ်ယူနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Thursday, July 21, 2011

ဒါန သုံးမျိုး

ပေးကမ်းစွန့်ကြဲခြင်းကို ဒါနလို့ခေါ်ပါတယ်။ ဒါနအမျိုးအစားများစွာရှိတဲ့အထဲက စေတနာ သဒ္ဒါတရားအပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ ဒါန(၃)မျိုးအကြောင်း ဖော်ပြလိုက်ပါတယ်။ ထိုဒါန(၃)မျိုးဟာ

(၁) ဒါနဒါသ(ကျွန်ဒါန)

(၂) ဒါနသဟာယ(မိတ်ဆွေဒါန)

(၃) ဒါနပတိ(အရှင်သခင်ဒါန)ဆိုပြီးသုံးမျိုးရှိပါတယ်။

(၁) ဒါနဒါသ(ကျွန်ဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိကိုယ်တိုင်တော့ ကောင်းမွန်သော အစာအဟာရ ဝတ္ထုတွေကိုသုံးဆောင်ပါတယ်။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ် ကိုမူကား မိမိသုံးဆောင်သော အစာအာဟာရ ဝတ္ထုလောက်မကောင်းသော (တနည်း) ယုတ်ညံ့သော အစာအာဟာရဝတ္ထုကိုပေးလှူတယ်။ ထိုဒါနရှင်၏ စေတနာသည် ယုတ်ညံ့သောကြောင့် ထိုဒါနကို ဒါနဒါသ (ကျွန်ဒါန) လို့ခေါ်ပါတယ်။ (ကိုယ်က ကြက်သား ၀က်သား ချက်စားသော်လဲ ဆွမ်းခံကြွတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ချဉ်ရည်ဟင်းလောင်းလှူခြင်းမျိုး)။ ထိုယုတ်ညံ့သော ဒါနကံကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ယုတ်ညံ့သော အကျိုးကိုသာ ခံစားရပါတယ်။

(၂)။ ဒါနသဟာယ(မိတ်ဆွေဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိ သုံးဆောင်သောအစာအာဟာရ ဝတ္ထုနှင့်ညီမျှသော အစာအာဟာရဝတ္ထုကိုပေးလှူခြင်းမျိုးဖြစ်ပါတယ်။ ဆိုလိုတာက မိမိလည်း ကြက်သား ဝက်သား စသော ကောင်းသော အစာအာဟာရများကိုစားသုံးတယ်။ အလှူခံပုဂ္ဂိုလ် တို့အားလည်း မိမိသုံးဆောင်သည့်ဝတ္ထုအတိုင်းပေးလှူပါတယ်။ ထိုသူ၏စေတနာသည် ထပ်တူဖြစ်သောကြောင့် မိတ်ဆွေဒါန(ဒါနသဟာယ) အဆွေခင်ပွန်းတို့ကို ကျွေးမွေးသောဒါနလို့ခေါ်ပါတယ်။ ကိုယ့်အိမ်မှာ ကြက်သာဝက်သားဟင်း တို့ကိုသုံးဆောင်သကဲ့သို့ အလှူခံပုဂ္ဂိုလ် ဆွမ်းခံကြွသံဃာတော်တို့ကိုလည်း ဝက်သားဟင်း ကြက်သားဟင်းများ လောင်းလှူခြင်းမျိုးပါပဲ။ ထိုသို့သော မိတ်ဆွေဒါန(ဒါနသယာယ)ကြောင့် ဖြစ်လေရာဘဝတိုင်းဝယ် အလယ်အလတ်တန်းစားဝတ္ထုတို့ကိုရရှိခံစားသုံးဆောင်ရပါတယ်၊ အလယ်အလတ်တန်းစား အကျိုးကို ခံစားရပပါတယ်။

(၃)။ ဒါနပတိ (အရှင်သခင်ဒါန) ဆိုတာက တစ်ယောက်သောသူသည် မိမိသုံးဆောင်သည်ထက် သာလွန် မွန်မြတ်သော အစာအာဟာရ ဝတ္ထုပေးလှူပါတယ်။ ဆိုလိုတာက မိမိကမူ တော်ရုံလောက်သော အစာအာဟာရဝတ္ထုများကိုသုံးဆောင်ပြီး အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော အစာအာဟာရဝတ္ထုထက်လွန်မြတ်သော ဝတ္ထုများကိုပေးလှူခြင်းဖြစ်သည်။(အနည်းငယ်ရှင်းဦးအံ့) မိမိကမူ ချဉ်ရည်ဟင်း ငပိရည် တို့စရာလောက်နဲ့ တင်းတိမ်ရောင့်ရဲပြီး အလှူခံပုဂ္ဂိုလ်တို့အား ဦးဦးဖျားဖျား မွန်မြတ်သော ကောင်းမွန်သော အစာအာဟာရများကို ပေးခြင်းဖြစ်ပါတယ်။ ဆွမ်းခံကြွကြသော အရပ်လေးမျက်နှာမှရောက်လာကြကုန်သော အလှူခံပုဂ္ဂိုလ် ရဟန်းသံဃာတော်များကို စားဦးစားဖျား ဆွမ်းကောင်း ဟင်းကောင်းလောင်းလှူပြီး မိမိကမူ ချဉ်ရည်ဟင်း၊ ငပိရည်လောက်နှင့်တင်းတိမ်ရောင်ရဲနေမယ်ဆိုရင် ဒါနပတိ(အရှင်သခင်ဒါန)လို့ခေါ်ပါတယ်။ ထိုသူ၏စေတနာသည် အထက်တန်းကျသောကြောင့်ဒါနပတိလို့ခေါ်သော အရှင်သခင် ဒါနဖြစ်ရပါတယ်။ ထိုအရှင်သခင်ဒါန(ဒါနပတိ)စေတနာကံကြောင့်ဖြစ်လေရာဘဝတိုင်းမှာ ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ဥစ္စာများကို ရရှိနိင်ပါတယ်။ အရှင်သခင်ဒါန၏အကျိုးကြီးမားပုံကို သဂါထာဝဂ္ဂသံယုတ်တွင်လာသော သေရိမင်းကြီး၏ဝတ္ထုဖြင့် နမူနာပြပါ့မယ်။

ရှေးအခါ သေရိမည်သော မင်းတစ်ပါးဟာ ဒါနကို အလွန်မြတ်နိုးရှာတယ်။ ဒါန၏အကျိုးတရားကြီးမားပုံကိုလည်းဟောပြောတတ်တယ်။ ထိုမင်းသည် ရောရုဝမည်သော မြို့တော်၏ တံခါးလေးမျက်နှာမှာ အလှူမဏ္ဍပ်တွေဆောက်လုပ်ပြီး လာသမျှသော ရဟန်း ပုဏ္ဏား သူဆင်းရဲ ခရီးသွားဖုန်းတောင်းယာစကာတို့အား အလှူဒါနကို အကြီးအကျယ်ပေးလှူလေ့ရှိပါတယ်။ တစ်နေ့တော့ မင်းမောင်းမတွေ မင်းကြီးထံ ချဉ်းကပ်ပြီး မိမိတို့လည်း မင်းကြီးကဲ့သို့ အလှူပေးပါရစေဟု တောင်းပန်ကြသဖြင့် မင်းကြီးလည်း မင်းမောင်းမတို့အား ပထမတံခါးတွင် အလှူပြုရန်ခွင့်ပေးလိုက်တယ်။ ထိုသတင်းကိုကြားတော့ လက်အောက်ခံ မင်းငယ်တို့က တောင်းပန်းပြန်ရာ ဒုတိယ တံခါးတွင်အလှူပြုရန် ခွင့်ပြုပေးရပြန်တယ်။ ထို့အတူ ဗိုလ်ပါရဲမက်တို့က တောင်းပန်ပြန်တော့ တတိယ တံခါးကို ပေးရပြန်တယ်။ ထို့နောက်ပုဏ္ဏား သူကြွယ်တို့က တောင်းပန်ပြန်သဖြင့် စတုတ္ထတံခါးကိုပေးရတယ်။ ထိုသိုအားဖြင့် မင်းကြီးမှာ လှူရာဌာန ရှာမရအောင် ဖြစ်နေတဲ့အတွက် မင်းကြီးက မင်းချင်းတို့အားခေါ်ပြီး... အို...အချင်းတို့ သင်တို့သည် အပဖြစ်သော ဇနပုဒ်တို့မှ ကောက်ခံရရှိသော အခွန်တော်တွေအားလုံး နန်းတော်အတွင်းသို့ မသွင်းပဲ တစ်ဝက်ကို အဲဒီအရပ်မှာပဲ ပြန်လည်ပေးလှူကြကုန်လော့ဟု အမိန့်ထုတ်ပြန်တော်မူတယ်။ မင်းကြီးက မွန်မြတ်သော (ဒါနပတိ) အလှူတို့ကို အနှစ်ရှစ်သောင်းပတ်လုံး ပြုစုလှူဒါန်းပြီး စုတေနေ သေလွန်သောအခါ နတ်ဘုံတစ်ခုမှ နတ်ဘုံတစ်ခုသို့ ကူးပြောင်းခံစားပြီး ဗုဒ္ဓမြတ်စွာဘုရား ထင်ရှားပွင့်တော်မူစဉ် ခေမကမည်သော နတ်သားဖြစ်ပြီး နတ်ဘုံနတ်နန်းမှာ နတ်အဖြစ်ဖြင့် အကြိမ်ပေါင်း ဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာကိုတောင် မသိနိုင်လောက်အောင်များပြားပါတယ်။ ထိုအခါမှ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားက "အကြင်သူသည် သဒ္ဓါသော စိတ်ဖြင့် (အင်မတန်ထက်သန်သော သဒ္ဓါတရားဖြင့်)ပေးလှူတယ်။ ထိုသူ၏ အကျိုးကတော့ ယခုဘဝမှာရော တမလွန်ဘဝမှာပါ အစဉ်တစိုက် လိုက်ပါလေတယ်။ ဒါကြောင့် “ဝန်တိုခြင်းကို ဖျောက်ပြီး အလှူကိုပေးတတ်ကြကုန်၏။ ကုသိုလ်ပုည ဟူသမျှသည် တမလွန်လောကမှာ သတ္တဝါတို့၏ မှီရာ တည်ရာ အားထားရာ ဖြစ်၏”လို့ဟောတော်မူပါတယ်။ ထိုဒေသနာတော်ကို ထောက်ခံသောအားဖြင့် ခေမကနတ်သားသည် မိမိအကြောင်းကို ဘုရားရှင်အားလျှောက်ထားလာတယ်။ ဒါကြောင့် အားလုံးသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ အကျိုးတရားကြီးမားသော ဒါနပတိ(အရှင်သခင်ဒါန) မျိုးဖြစ်အောင် မွန်မြတ်ထက်သန်သော စေတနာဖြင့် စွန့်ကြဲပေးကမ်းလှူဒါန်းသင့်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။ အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေစွာဖြင့် သာသနာ့အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေ။

အရှင်ဝိမလဝံသ

Wednesday, July 20, 2011

တဏှာပစ္စယာ ဥပါဒါနံ

တဏှာပစ္စယာ ဥပါဒါနံ-၌ တဏှာ-အရ လိုချင်မှုတဏှာကိုယူရသကဲ့သို့ ဥပါဒါန်-အရလည်း တဏှာအပါအ၀င် ဖြစ်တဲ့ ဥပါဒါန်(၄)ပါးကိုပဲ ယူရမှာဖြစ်ပါတယ်။ တဏှာနဲ့ ဥပါဒါန် ဘာထူးလဲဆိုရင်တော့ အားနဲသောလောဘသည်တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်။ ဒီလိုခွဲခြားမှတ်ထားရပါမယ်။ လိုချင်မှုတဏှာကြောင့် တဏှာကိုအစွဲပြုပြီးတော့ ဥပါဒါန်ဖြစ်တယ်။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်တို့ရဲ့ ဖြစ်စဉ်ကိုပြရရင်

မြင်- တွေ့- ခံစား- ခင်မင်- စွဲလန်း

ကြား- တွေ့- ခံစား- ခင်မင်- စွဲလန်း

နံ- တွေ့- ခံစား- ခင်မင်- စွဲလန်း

စား- တွေ့- ခံစား- ခင်မင်- စွဲလန်း

ထိ- တွေ့- ခံစား- ခင်မင်- စွဲလန်း

တွေး- တွေ့- ခံစား- ခင်မင်- စွဲလန်း။ ဒီလို သဘောတရားပိုင်းကနေမှတ်ထားလိုက်ပေါ့။

ဥပမာ- မြင်စရာအဆင်းတစ်ခုခု မြင်ပြီဆိုပါစို့။ ဝေဒနာက အဆင်းကိုခံစားလိုက်တယ်။ တဏှာက အဲဒီအဆင်းကို၊ မြင်လိုက်ရတဲ့အရာကို ခင်လိုက်တယ်။ တပ်နှစ်သက်လာတယ်။ ဒါက တဏှာအဆင့်ရှိသေးတာ။ ဒါလေး ငါလိုချင်လိုက်တာ၊ ဒါလေး ငါရချင်လိုက်တာ ဆိုရင် ဥပါဒါန်ဖြစ်လာပြီ။ သဘောကျတပ်မက်နှစ်သက်ရုံအဆင့်မှာ တဏှာသာ ဖြစ်နေသေးတယ်။ ဒါကို ငါရချင်လိုက်တာလို့ စွဲလန်းလာရင်တော့ ဥပါဒါန်ဖြစ်သွားပြီ။ မရ ရအောင် အားထုတ်တော့မယ်၊ ကြံစည်လုပ်ကိုင်တော့မယ်။ ဒါကြောင့် အားနဲ့သောလောဘသည် တဏှာ၊ အားကြီးသောလောဘသည် ဥပါဒါန်လို့ ဆိုတာ။ အနုစားလောဘသည် တဏှာ အကြမ်းစားလောဘသည် ဥပါဒါန်၊ ဒီလိုလဲ ပြောလို့ရပါတယ်။ ဥပမာ ဘယ်လိုပေးထားလဲဆိုရင်တော့ ဖားကိုမြွေက ဖမ်းသလိုတဲ့။ ဖားကို မြွေက မိလိုက်ပြီဆိုရင် မလွှတ်တော့ဘူး။ တစ်ဖြည်းဖြည်း အကောင်လိုက်မျိုလိုက်တယ်။ ဒီလိုပဲ တဏှာကနေ ဥပါဒါန်အဖြစ်ရောက်သွားပြီဆိုရင်တော့ ကိုယ်တပ်မက်နေတဲ့ အာရုံကို မလွှတ်တော့ဘူး။ စွဲလန်းနေတော့တယ်။ ဥပမာ- ကွန်ပျူတာဆိုင်သွားကြည့်တယ်၊ အိုင်ပက်ကို တွေ့လိုက်တယ်။ တွေခါစမှာတော့ အိုင်ပက်ဆိုတာ ဒါပါလား၊ သဘောကျစရာလေးပဲလို့ ထင်လိုက်တာ။ ဒါက တဏှာအဆင့်လေးပဲရှိသေးတယ်။ အရောင်းစာရေးက အိုင်ပက်ဆိုတာ အသုံးပြုရတာ အရမ်းအဆင်ပြေတယ်၊ အင်တာနက်လဲသုံးလို့ရတယ်၊ စာလဲ ရိုက်လို့ရတယ်၊ စာတွေလဲ ဖတ်လို့ရတယ်၊ ဓာတ်ပုံ ဗွီဒီယိုတွေလဲ ရိုက်လို့ရတယ် ဘာညာ လက်တွေ့ရှင်းပြလိုက်တော့ အိုင်ပက်ကို သဘောကျတာထက် လိုချင်လာတာ။ လိုချင်လာတော့ ဈေးတွေမေး၊ ဟာ ဒါဆို ငါမတတ်နိုင်သေးဘူး။ ဒါပေမယ့် ဒီအိုင်ပက်ကို ငါဝယ်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ပေါ်လာတယ်ဆိုရင်တော့ ဥပါဒါန်ဖြစ်လာပြီပေါ့။ ဖားကိုမြွေကဖမ်းသလို၊ ဒီအာရုံကို မြင်ပြီးတပ်မက်ရာကနေ စွဲလန်းတဲ့အဆင့်ရောက်လာပြီ။ အိုင်ပက်ဝယ်နိုင်ဖို့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ အချိန်တွေ ကုန်တတ်နေပြီဆိုရင် အိုင်ပက်ဥပါဒါန်ဖြစ်နေပြီပေါ့။ ပပ၀တီကို ကုသမင်းက မြင်လိုက်တာနဲ့ ခင်ရုံတင်မကဘူး၊ စွဲလန်းနေလို့ သူ့ဂုဏ်သိက္ခာတွေ ဘေးဖယ်ထားပြီး ထမင်းချက်အစေခံလုပ်ရတာနဲ့ စောင်းတီးပြရတာနဲ့ စုံနေအောင်လုပ်ပြတာ ဥပါဒါန်ကြောင့်ပေါ့။ ဥပါဒါန်ကြောင့် ကြိုးစားတယ်၊ ကြိုးစားတော့ ရတယ်။ ကြိုးစားတာက ကမ္မဘ၀၊ နောက်အပိုင်းမှ ဆက်ပြောမယ်။

ချင်းချင်းထောက်ဆ၊ ရှေးရှေးကျသည့်၊ ဒုဗ္ဗလဟု၊ လိုချင်မှုကို၊ တဏှာဆိုလော့။ ထိုထိုနောက်မှ၊ ဗလ၀ဖြစ်ပြန်၊ ဥပါဒါန်တည်း။ တစ်ဖန်ဆိုကြ၊ ကေစနကား၊ မရသေးခင်၊ တောင့်တအင်ကို၊ ခေါ်တွင်တဏှာ၊ ရခဲ့ပါတုံ၊ စုံစုံမက်မက်၊ နှစ်သက်သမှု၊ ပါဒါန်ပြု၏။ နှစ်ခုခွဲကြိပ်၊ ဆန့်ကျင်ရိပ်ကား၊ အပိစ္ဆတာ၊ သန္တုဋ္ဌာတည်း။ ဒုဗ္ဗလ- အားနဲတဲ့ လိုချင်မှုက တဏှာ၊ ဗလ၀-အားကောင်းတဲ့လိုချင်မှုက ဥပါဒါန်တဲ့။ တစ်ချို့ကလဲ မရသေးခင် တောင့်တလိုချင်နေတာက တဏှာ၊ ရပြီး စုံစုံမက်မက်ဖြစ်နေတာက ဥပါဒါန်လို့ ဆိုကြတယ်တဲ့။ ဒီတဏှာ ဥပါဒါန်တို့ရဲ့ ဆန့်ကျင်ဘက်ကတော့ အပိစ္ဆတာ၊ သန္တုဋ္ဌီ- အလိုနဲခြင်း ရောင့်ရဲနိုင်ခြင်းပါပဲတဲ့။ ဒီတော့ နေ့စဉ်လူနေမှုဘ၀မှာ အလိုနဲရောင့်ရဲနိုင်အောင် စိတ်ကို ထားတတ်မယ်ဆိုရင် တဏှာဥပါဒါန်တွေ နဲနိုင်သမျှ နဲ၊ ကင်းနိုင်သမျှ ကင်းနေမှာပါပဲ။

ဥပါဒါန်က (၄)မျိုးရှိတယ်။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တ၀ါဒုပါဒါန်တဲ့။ ကာမဂုဏ်အာရုံအပေါ်စွဲလန်းတာက ကာမုပါဒါန်၊ အယူအဆအပေါ် စွဲလန်းတာက ဒိဋ္ဌုပါဒါန်၊ ခွေးအကျင့် နွားအကျင့် စသည်ကျင့်ရင် နိဗ္ဗာန်ရောက်မယ်လို့ စွဲထားတာက သီလဗ္ဗတုပါဒါန်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲလန်းထားတာက အတ္တ၀ါဒုပါဒါန်။ ကာမုပါဒါန်က လောဘ သို့မဟုတ် တဏှာပဲ။ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တ၀ါဒုပါဒါန်တို့က ဒိဋ္ဌိ (ကာမုပဒါဒါန် = လောဘ၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တ၀ါဒုပါဒါန် = ဒိဋ္ဌိ)။ ဒါက အရှိတရားကို ကောက်ပြတာ။ တရားကိုယ်ကောက်တယ်လို့ စာသံပေသံနဲ့ ပြောလေ့ရှိတယ်။ ဒီလို တရားကိုယ်ကောက်လိုက်တော့ ဥပါဒါန်(၄)ပါးဟာ လောဘနဲ့ ဒိဋ္ဌိပါပဲ။ လောဘနဲ့လဲ စွဲလန်းနေတာရှိသလို ဒိဋ္ဌိနဲ့လဲ စွဲလန်းနေတာရှိတယ်။ ကာမဂုဏ်အာရုံတွေကို ခင်မင်ရာ တပ်မက်ရာကနေ စွဲလန်းလာတော့ လောဘစွဲ၊ တဏှာစွဲ။ အယူအဆရေးရာတွေ ကြားသိပြီး နှစ်သက်ရာကနေ စွဲလန်းလာတော့ ဒိဋ္ဌိစွဲ။ ဗုဒ္ဓဘာသာချင်းတူနေစေကာမူ အယူအဆတွေက မတူကြဘူး၊ သူ့အစွဲနဲ့သူ။ မဟာယာနဆိုတာလဲရှိ၊ ထေရ၀ါဒဆိုတာလဲရှိ၊ ဒီမှာ အယူအဆလေးတွေအပေါ် အစွဲလေးတွေ ၀င်လာတာ။ ထေရ၀ါဒထဲမှာပင် ဟိုဆရာ့နည်းက ကောင်းတယ်၊ ဒီဆရာ့နည်းကကောင်းတယ်လို့ သူ့အစွဲနဲ့သူ ရှိနေတာပါပဲ။ သို့သော် မှားယွင်းတဲ့ ဖောက်ဖောက်ပြန်ပြန် ဖြစ်နေတဲ့ နည်းတွေ၊ အယူအဆတွေ မစွဲမိဘို့တော့ သတိထားရပါလိမ့်မယ်။ ဘာသာခြားတွေဆိုရင် သူတို့ဘာသာအယူအဆကို စွဲနေတာ အထူးပြောနေစရာမလိုတော့ဘူး။ ထို့အပြင် ကိုယ့်ခန္ဓာကိုယ်ကိုလဲ ခန္ဓာငါးပါးလို့မမြင်ဘဲ ငါ့ကိုယ်လို့ ထင်မြင်ယူဆနေတဲ့ သက္ကာယဒိဋ္ဌိဆိုတာရှိတယ်။ ဒါလဲ ဒီဒိဋ္ဌုပါဒါန်ထဲ ၀င်သွားတာ။ တိတိကျကျပြောရရင် အတ္တ၀ါဒုပါဒါန်ပေါ့။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ဒိဋ္ဌိနဲ့စွဲလန်းတာကို ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံလို့ ကြောင်းကျိုးဆက်ပြလေ့ရှိတယ်။

ခန္ဓာ့ဖြစ်စဉ်အရ ဝေဒနာကတော့ အချိန်ပြည့်ဖြစ်နေတာပဲ။ ခန္ဓာရှိနေသရွေ့ ဝေဒနာရှိနေတယ်ဆိုတာ ရှေ့မှာလဲ ပြောခဲ့ပြီးပါပြီ။ ဝေဒနာပေါ်ဆဲ မရှုမိလို့ရှိရင် အကျိုးဆက်က တဏှာလာတယ်။ ဝေဒနာပေါ်ဆဲ ရှုလိုက်မယ်ဆိုရင် တဏှာ ဆက်ခွင့် တဏှာဖြစ်ခွင့်မရတော့ဘူး။ တဏှာပေါ်မယ့်နေရာ မဂ်အစားထိုးဝင်လာတယ်။ ဒါကြောင့် ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ဖြတ်ပေးမှ အကွက်(၃)တရားတွေ ပေါ်ခွင့်မရမှာဖြစ်တယ်။ မဖြတ်နိုင်ဘူးဆိုရင် ခန္ဓာပင်စည်ကနေ အကွက်(၃)က ကိလေသာ အသီးအပွင့်တွေ လာတော့ ဒီအသီးအပွင့်တွေက နောက်အကွက်နံပါတ်(၄)ခန္ဓာပင်စည် ပြန်ပေါက်ပါလိမ့်မယ်။ ခန္ဓာပင်စည်ပေါက်ပြန်ပြီဆိုရင် ဒုက္ခရောက်ပြန်ဦးမှာပဲ။ ခန္ဓာသည် ဒုက္ခသစ္စာဖြစ်တယ်။ ဒီလိုဒုက္ခသစ္စာခန္ဓာငါးပါး အစပြတ်ချုပ်ငြိမ်းရုပ်သိမ်းရေးအတွက် လက်ရှိခန္ဓာမြေပေါ်မှာ တရားရှာနေရခြင်းဖြစ်ပါတယ်။ ဝေဒနာပေါ်တိုင်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်လို့နေမယ်ဆိုရင် နောင်ခန္ဓာဖြစ်ကြောင်းတရားတွေ ချုပ်တယ်။ တဏှာဥပါဒါန်ကံတွေ မလာတော့ဘူး။ နောင်ခန္ဓာဖြစ်ကြောင်းတရားတွေ ချုပ်ပြီဆိုရင် နောင်ခန္ဓာဖြစ်ကျိုးလဲ ချုပ်တော့တာပါပဲ။ ဖြစ်ကြောင်းချုပ်မှ ဖြစ်ကျိုးချုပ်မယ်။ ဒီတော့ ဖြစ်ကြောင်းတွေ တစ်စတစ်စ ချုပ်အောင်လုပ်ပေးနေရတာဟာ ၀ိပဿနာလုပ်နေတာပါပဲ။ ဒီလို နဲနဲ နဲနဲ ချုပ်အောင်လုပ်နေရင်းဖြင့် နောက်ဆုံး ပထမမဂ်ရရင် လေးပုံတစ်ပုံချုပ်၊ ဒုတိတယမဂ်ရရင် လေးပုံနှစ်ပုံချုပ်၊ တတိယမဂ်ရရင် လေးပုံသုံးပုံချုပ်ပြီး နောက်ဆုံးမဂ်ဖြစ်တဲ့ စတုတ္ထမဂ်ရလိုက်ရင်တော့ဖြင့် လေးပုံလုံးအကုန်ချုပ်လို့ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အစပြတ်ချုပ်ငြိမ်းသွားပါပြီ။ ဒီလို ခန္ဓာဖြစ်ကြောင်း အစပြတ်ချုပ်ငြိမ်းသွားရင် ခန္ဓာဖြစ်ကျိုးလဲ အစပြတ်ချုပ်ငြိမ်းသွားပြီဖြစ်လို့ နောင်ခန္ဓာ လာစရာ အကြောင်း လုံးဝမရှိတော့ပါဘူး။ ဒါကြောင့် နောင်ခန္ဓာဖြစ်ကြောင်းတရားများဖြစ်တဲ့ အကွက်(၃)က ကိလေသာနဲ့ ကံတရားများ ချုပ်ငြိမ်းဖို့အတွက် လက်ရှိခန္ဓာမြေပေါ်မှာ ဉာဏ်အလုပ်လုပ်ရပါလိမ့်မယ်။ ကိလေသာကို ဖြတ်နိုင်တာသည် ဉာဏ်(မဂ်)သာလျှင်ဖြစ်တယ်။ ဒါကြောင့် ဉာဏ်အလုပ် ဉာဏ်စခန်းနဲ့ ၀ိပဿနာလမ်းကိုလိုက်မှသာလျှင် နောင်ခန္ဓာဖြစ်ကြောင်းချုပ်၊ ဖြစ်ကြောင်းချုပ်တော့ ဖြစ်ကျိုးလဲ ချုပ်သွားမယ်ဆိုတာကို ယုံကြည်ပြီး ဝေဒနာနဲ့ တဏှာအစပ်ကို မကူးအောင် ဖြတ်နိုင်ကြပါစေ။

ဒေါက်တာအရှင်ပါရမီ