Saturday, April 30, 2011

ပုဂ္ဂိုလ်(၄)မျိုး (၁)

အရှင်သာရိပုတ္တရာမထေရ်ထံမှ အရှင်မဟာမောဂ္ဂလာန်အပါအ၀င် ရဟန်းတော်တွေက တရားနာချင်ကြလို့ လျှောက်ထားတော့ မထေရ်မြတ်က ဟောတော်မူတာ။ လောကမှာ လူလေးမျိုးရှိတယ်တဲ့။

၁။ ကိလေသာ ရှိလျက် ရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်။

၂။ ကိလေသာ ရှိလျက် ရှိမှန်းသိတဲ့ပုဂ္ဂိုလ်။

၃။ ကိလေသာမရှိဘဲလျက် မရှိမှန်းမသိတဲ့ပုဂ္ဂိုလ်။

၎။ ကိလေသာအညစ်အကြေးမရှိတာကို မရှိမှန်းသိတဲ့ပုဂ္ဂိုလ်။

ဒီတော့ အရှင်မဟာမောဂ္ဂလာန်က တစ်ယောက်ချင်းရဲ့ အဓိပ္ပါယ်ပြောပါဦးဘုရားလို့ လျှောက်လို့ အရှင်သာရိပုတ္တရာမထေရ်က ရှင်းပြတယ်။ ပထမပုဂ္ဂိုလ်- ကိလေသာအညစ်အကြေး ရှိပါလျက် ရှိမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ယုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့။ ဒုတိယပုဂ္ဂိုလ်က ကိလေသာမြူမှေး အညစ်အကြေးတွေ ရှိတာကို ရှိတယ်လို့ သိတဲ့အတွက်ကြောင့် မြတ်တဲ့ပုဂ္ဂိုလ်။ တတိယပုဂ္ဂိုလ်ကတော့ ကိလေသာပါးရှားလို့ မရှိတဲ့ပုဂ္ဂိုလ်ပဲ။ မရှိမှန်းမသိဘဲဖြစ်နေတယ်။ သူလဲ ယုတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ သူ့မှာ ကိလေသာတော့ နည်းတယ်၊ လုံးဝမရှိအောင် မဂ်နဲ့ပယ်ထားတာမဟုတ်ပေမယ့် ငုတ်နေတယ်။ အနည်းငယ်လောက်သာ ရှိတာကို သူ့ကိုယ်သူမသိဘဲဖြစ်နေတယ်။ စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာမရှိတာကို မရှိဘူးလို့သိတဲ့အတွက် မြတ်တဲ့ပုဂ္ဂိုလ်ပဲ။ ဒီလေးယောက်ထဲမှာ ယုတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်၊ မြတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်။ ပထမနဲ့ တတိယက အယုတ်ပုဂ္ဂိုလ်၊ ဒုတိယနဲ့ စတုတ္ထက အမြတ်ပုဂ္ဂိုလ်။

ပထမပုဂ္ဂိုလ်က ကိလေသာအညစ်အကြေးရှိပါလျက် ရှိမှန်းမသိတော့ ဆေးချင်ကြောချင်စိတ် သူ့မှာ မပေါ်ဘူး။ ကိလေသာရှိလို့ ရှိမှန်းမသိတော့ သူ့မှာ အညစ်အကြေးတွေချည်းပဲထပ်လုပ်နေတယ်။ လောဘ ဒေါသ မောဟအလုပ်တွေချည်းပဲ လုပ်နေတယ်။ အရင်ကလဲ အညစ်အကြေးရှိ၊ ရှိတာ ရှိမှန်းလဲမသိတော့ နောက်လုပ်တဲ့အလုပ်တွေကလဲ အညစ်အကြေးတွေချည်းဖြစ်နေတယ်။ အညစ်အကြေးတွေပဲ ထပ်ပေကြံနေအောင် ကြိုးစားနေတယ်။ သူလုပ်နေတာတွေကို မကောင်းမှန်းသူမသိဘူး၊ ညစ်ပတ်တဲ့အလုပ်တွေလုပ်နေပါလျက် သူ့ကိုယ်သူ သူတော်ကောင်းကြီးလို့ ထင်နေတယ်။ ဒီတော့ မကောင်းတာတွေချည်း သူလုပ်တော့မှာပဲ။ ညစ်ရ ပတ်ရ လိမ်ရ ကောက်ရ ကလိန်ကျရမယ့်အလုပ်တွေချည်း လုပ်နေတော့ အညစ်အကြေးအပေါ် အညစ်အကြေးတွေသာ ထပ်နေတော့တယ်။ ဒါကြောင့် သူ့ကို ယုတ်တဲ့ပုဂ္ဂိုလ်ထဲ ထည့်လိုက်။

ဥပမာအားဖြင့် ကြေးညှိတက်နေတဲ့ ကြေးဖလားတစ်ခုဝယ်ခဲ့ပြီး အိမ်ရောက်တော့လဲ မပွတ်ဘဲ အညစ်အကြေးပေါတဲ့နေရာမှာ ထားလိုက်တယ်။ ဒီလိုနဲ့ ဒီကြေးဖလားဟာ ညစ်သထက် ညစ်သွားတော့တယ်။ ၀ယ်တုန်းကလဲ ညစ်ပေနေတာ ၀ယ်ခဲ့ပြီး အိမ်ရောက်တော့လဲ အသုံးမပြုဘဲ အညစ်အကြေးရှိတဲ့နေရာမှာ ချောင်ထိုးထားလိုက်တော့ သုံးလို့စွဲလို့မရလောက်အောင် ညစ်ပေသွားတယ်။ ဒီအတိုင်းပဲ အညစ်အကြေးရှိတဲ့ပုဂ္ဂိုလ်ဟာ အညစ်အကြေးရှိမှန်းမသိရင် ၀ိပဿနာအလုပ် မလုပ်တော့ဘူး။ မိုက်သထက်သာ မိုက်သွားတော့တယ်။ အရင်ကလဲ ပုထုဇဉ်အညစ်အကြေး၊ ကိလေသာအညစ်အကြေးတွေနဲ့။ ကြေးဖလားဝယ်ပြီး မသုံးဘဲ ချေးပေါတဲ့နေရာပစ်ထားလိုက်တော့ သုံးမရအောင် ညစ်ပေသွားသလိုပဲ မိုက်သထက်မိုက်သွားတဲ့ပုဂ္ဂိုလ်ဟာလဲ လူလောကမှာ သုံးမရတော့ဘူး။ ဒါဖြင့် ပုထုဇဉ်မှာ ကိလေသာအညစ်အကြေးတော့ ရှိကြတာပါပဲ။ တရားတည်းဟူသော ၀ိပဿနာရေနဲ့ ဆေးကြောမပစ်ကြဘူးဆိုရင်တော့ အညစ်အကြေးထပ်လာမယ်။ အညစ်အကြေးရှိလို့ရှိမှန်းမသိတဲ့သူဟာ အညစ်အကြေးစင်ကြယ်အောင် ကာယကံ ၀စီကံ မနောကံအလုပ်တွေ မလုပ်ဘူးဆိုရင် သေတော့ အပါယ်သွားရတယ်။ တရားအားထုတ်တော့ နဂိုပါလာတဲ့ ကိလေသာ အညစ်အကြေးတွေဟာ ပါးပါး ပါးပါးသွားတယ်။ ကိလေသာအညစ်အကြေး စင်အောင်ဆေးနိုင်တာကတော့ ၀ိပဿနာဉာဏ်ကမှ ဆေးနိုင်တာ။ အညစ်အကြေးရှိလျက်ရှိမှန်းမသိတဲ့သူ စင်ကြယ်အောင်လုပ်မယ်ဆိုတဲ့ လုံ့လ၀ီရိယ ဘယ်တော့မှမလာဘူး။ အညစ်အကြေးပဲ ထပ်ပြီးတင်အောင်လုပ်တာပဲ။ ဒီတော့ ဒီအညစ်အကြေးတွေနဲ့ မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ပဲ သေသွားရတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုးကို အယုတ်ထဲ ထည့်လိုက်။

Friday, April 29, 2011

ရှေးဦး ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာသမိုင်း

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး မကြာမီ အရှင်မဟာကဿပ ဦးဆောင်လျက် ရဟန္တာ(၅၀၀) ဖြင့် ပထမသင်္ဂါယနာတင်ပွဲကို ရာဇဂြိုဟ်မြို့တွင် ကျင်းပခဲ့သည်။ အရှင်ဥပါလိက ၀ိနည်းပိဋကကို ပြန်ဆိုခဲ့ပြီး အရှင်အာနန္ဒာက သုတ္တန်ပိဋကကို ပြန်ဆိုခဲ့သည်။ ထိုမထေရ်နှစ်ပါး ရွတ်ဖတ်ပြန်ဆိုသမျှ အားလုံးကို တက်ရောက်သူသံဃာများက သဘောတူ အတည်ပြုခဲ့ကြပြီး အလွတ်ပြန်ဆိုခဲ့ကြသည်။ ဤသို့ နှုတ်တိုက်ရွတ်ဆိုပြီး ဆောင်လာခဲ့သည်မှာ နှစ်(၂၀၀)ကျော်သည်အထိ ကြာမြင့်ခဲ့သည်ဟု ဆိုရမည်။

ရာစုနှစ်အနည်းငယ်ကြာသောအခါ မူလဗုဒ္ဓဘာသာ၏ စည်းလုံးညီညွတ်မှု ပြိုပျက်ခဲ့ရသည်။ အထင်ရှားဆုံးဖြစ်ရပ်မှာ ပထမသင်္ဂါယနာတင်အပြီး နှစ် (၁၀၀)တွင် ဝေသာလီမြို့၌ ကျင်းပသော ဒုတိယသင်္ဂါယနာ တင်ပွဲပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ အစဉ်အလာကိုထိန်းသိမ်းသောသံဃာများနှင့် ခေတ်နှင့်လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲလိုသော သံဃာများအကြား ငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသံဃာများက မဟာသံဃိကအမည်ဖြင့် ဂိုဏ်းသီးခြားခွဲထွက်ကာ နောက်ပိုင်းတွင် မြောက်ပိုင်းအာရှနိုင်ငံများ၌ ရှိသော မဟာယာနဗုဒ္ဓဘာသာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အစဉ်အလာထိန်းသိမ်းရေးသံဃာများသည် စထ၀ီရ၀ါဒ (Sthaviravada) အဖြစ်ဖြင့် ကျန်ရှိခဲ့ပြီး နောက်ပိုင်းတွင် အယူအဆရေးရာ သဘောထားကွဲလွဲမှုများကြောင့် ဂိုဏ်းကြီး (၁၈) ဂိုဏ်းအထိ ကွဲပြားခဲ့သည်။ ထို(၁၈)ဂိုဏ်းတွင် ထေရ၀ါဒဂိုဏ်းတစ်ဂိုဏ်းလည်းအပါအ၀င် ဖြစ်ပြီး ယင်းထေရ၀ါဒဂိုဏ်းသည် အိန္ဒိယတစ်ခွင်နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပြန့်နှံ့ခဲ့သည်။

အသောက

ဗုဒ္ဓဘာသာသမိုင်းတွင် အထင်ရှားဆုံးဖြစ်ရပ်များအနက် တစ်ခုကတော့ နိဂြောဓသာမဏေနှင့် အသောကမင်းကြီးတို့ အမှတ်မထင်တွေ့ဆုံခဲ့ခြင်းပင်ဖြစ်သည်။ ဘီစီ (၂၆၈)ခုနှစ်တွင် သွေးထွက်သံယို စစ်ပွဲများအပြီး ဖခမည်းတော်၏အရိုက်အရာကိုဆက်ခံပြီးနောက် အသောကမင်းကြီးသည် ကလိင်္ဂတိုင်းကို နှိမ်နင်းစဉ်က လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရသည်ကို စိတ်မကောင်းဖြစ်နေခိုက်တွင် နိဂြောဓသာမဏေကို တွေ့လိုက်ရသဖြင့် ငြိမ်းအေးမှုကို ဖြစ်စေခဲ့လေသည်။ မင်းကြီးက ဗုဒ္ဓတရားတော်များကို (brahmi) ဘာသာဖြင့် ထွင်းထုထားသည့် ကျောက်တိုင်များ ထောင်ပေါင်းများစွာကို စိုက်ထူရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုကျောက်စာများသည် ဗုဒ္ဓဘာသာ၏ ပထမဦးဆုံး စာပေအရေးအသားများဖြစ်သည်။ မင်းကြီး၏ပံ့ပိုးမှုဖြင့် တတိယသင်္ဂါယနာတင်ပွဲကို အသောကအင်ပါယာ ပါဋလိပုတ် (Patna)တွင် ကျင်းပခဲ့သည်။

အသောကမင်းကြီးသည် အိန္ဒိယပြည်တစ်ဝှမ်းနှင့် အိန္ဒိယပြည်၏အပြင်ဘက်ထိအောင် သာသနာပြုအဖွဲ့များကို စေလွှတ်ခဲ့သည်။ သာသနာပြုအဖွဲ့အချို့သည် အီဂျစ်၊ ပါလစ်စတိုင်းနှင့် ဂရိနိုင်ငံတို့အထိပင် ရောက်ရှိခဲ့သည်။ St. Origen ကမူ ဗြိတိန်အထိပင် ရောက်ရှိသည်ဟု ဆိုသည်။ ဂရိနိုင်ငံသည် အိန္ဒိယမြောက်ပိုင်း Alaxandrian kingdoms များတွင် တစ်နိုင်ငံဖြစ်သည်။ ဂရိနိုင်ငံဘုရင် မိလိန္ဒ (Menandros) အား အရှင်နာဂသေနက ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲပြီးနောက်တွင် ဂရိတစ်နိုင်ငံလုံးနီးပါး ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးခဲ့သည်။ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ အပြန်အလှန်ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားသည့် ကျမ်းစာကို မိလိန္ဒပဥှာအဖြစ် ထေရ၀ါဒဗုဒ္ဓဘာသာတွင် မှတ်တမ်းတင်ထားသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း Kushan ဘုရင် Kanishka (ကနိရှက) လည်း ဗုဒ္ဓဘာသာခံယူလျက် အေဒီ (၁၀၀) ၀န်းကျင်တွင် ကရှမီးယား (Kashmir) ၌ သင်္ဂါယနာတင်ပွဲတစ်ခု ကျင်းပခဲ့သည်။ ထိုသင်္ဂါယနာတင်ပွဲက စိစစ်ထားခဲ့သော ဗုဒ္ဓတရားတော်များကို ဂရိဗုဒ္ဓဘာသာဝင်များက ကြေးပြားပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော် ထိုကြေးပြားများကိုမူ ယနေ့အထိ ပြန်လည်ရှာဖွေမတွေ့ရှိခဲ့ပါ။ ထိုသင်္ဂါယနာသည် မဟာယာနသင်္ဂါယနာအဖြစ် ထင်ရှားပြီး ထေရ၀ါဒဘက်မှ အသိအမှတ်မပြုခဲ့ပါ။

သီရိလင်္ကာ ထေရ၀ါဒ

အသောကမင်းကြီးသည် ဘီစီ (၂၄၀)ခုနှစ်တွင် သားတော်မဟိန္ဒကို ရဟန်းဝတ်၊ သမီးတော် သင်္ဃမိတ္တာကို ဘိက္ခုနီဝတ်ပြီး (Ceylon or Sri Lanka) သီရိလင်္ကာသို့ သာသနာပြုစေလွှတ်ခဲ့သည်။ သီရိလင်္ကာနိုင်ငံဘုရင် ဒေ၀ါနံပိယတိဿမင်းကြီးကလည်း ပျူငှာစွာ ကြိုဆိုပြီး သူကိုယ်တိုင် ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့သည်။ အရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာတို့သည် မဟာဗောဓိပင်မှ ဗောဓိကိုင်း တစ်ကိုင်းကို လက်ဆောင်အဖြစ်ယူသွားပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။ ထိုဗောဓိကိုင်းမှ ပွားလာသော ဗောဓိပင်များကို ယနေ့တိုင် သီရိလင်္ကာနိုင်ငံတွင် တွေ့မြင်နိုင်ပါသည်။

ဘီစီ (၁)ရာစုနှစ်တွင် သီရိလင်္ကာနိုင်ငံ အာလောကလိုဏ်ဂူ၌ စတုတ္ထသင်္ဂါယနာတင်ပွဲ ကျင်းပနိုင်ခဲ့သည်။ ထိုသင်္ဂါယနာတွင် ဗုဒ္ဓတရားတော်အားလုံးကို ပေရွက်များပေါ်၌ ပါဠိဘာသာဖြင့် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုမှတ်တမ်းများသည် ထေရ၀ါဒပါဠိဘာသာဖြစ်လာခဲ့သည်။ ထိုမှတ်တမ်းများမှပင် ဗုဒ္ဓဘာသာအသိပညာများ တိုးပွားလာခဲ့ရပြီး ပိဋကတ်သုံးပုံအဖြစ် ထင်ရှားလာခဲ့သည် (၀ိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မပိဋက)။

သီရိလင်္ကာရဟန်းတော်များကို ထေရ၀ါဒအစဉ်အလာ ထိန်းသိမ်းနိုင်သူများအဖြစ် ဆိုနိုင်ပါသည်။ တစ်ချိန်က ထေရ၀ါဒဗုဒ္ဓဘာသာသည် အိန္ဒိယမှ အရှေ့တောင်အာရှတစ်ခွင်သို့ ပြန့်နှံ့ခဲ့သည်ဟု ဆိုရစေကာမူ ဟိန္ဒူနှင့် အစ္စလမ်တို့၏ ထိုးနှက်ချက်၊ စစ်ဘေးစစ်ဒဏ်တို့ကြောင့် ပျောက်ကွယ်လုနီးပါးအထိ ဖြစ်နေသည်။ သီရိလင်္ကာထေရ၀ါဒရဟန်းတော်များသည် ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာမှ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုမှတစ်ပါး ဥရောပနှင့် အနောက်နိုင်ငံများအထိ ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

မဟာယာန

မဟာယာနဗုဒ္ဓဘာသာ အစပျိုးခဲ့သည်မှာ ဘီစီပထမရာစုနှစ်ကတည်းကဖြစ်သည်။ လွတ်လပ်သည့်သဘောတရားများကို ဖော်ဆောင်သည့်ဝါဒဖြစ်ပြီး ဗုဒ္ဓသဘာဝများကို လူသားများပင် ပိုင်ဆိုင်ခွင့်ရှိသည်အထိ အခွင့်အရေးရှိသည့်ဝါဒဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မဟာယာနဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ဖို့အတွက် အလွန်လွယ်ကူသည်ဟုဆိုရမည်။ ပို၍အလေးထားသည်မှာ ဗောဓိသတ္တ (ဘုရားလောင်း)၏ အရေးပါမှုပင်ဖြစ်သည်။ သူတို့ယူဆသော ဗောဓိသတ္တသည် တရားရပြီးသောပုဂ္ဂိုလ်ဖြစ်သည်။ သို့သော်လည်း သတ္တ၀ါတို့ကို တရားရအောင် ကယ်တင်နိုင်ရန်အတွက် လက်ရှိလောကသံသရာမှာ ရှင်သန်နေသောပုဂ္ဂိုလ်မြတ်တစ်ဆူဖြစ်သည်။ ရဟန္တာတစ်ဆူကဲ့သို့ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ လူတို့အတွက် ကြည်ညိုလေးစား အားထားကိုးကွယ်ရာ၊ အတုယူစရာစံပြပုဂ္ဂိုလည်းဖြစ်သည်။

ထိုသို့ အတွေးအခေါ်အသစ်များ ဖြည့်စွက်ထည့်သွင်းပြီး ကျမ်းဂန်အသစ်များလည်း ပေါ်ထွန်းလာသည်။ ထိုကျမ်းဂန်များကို သုတ္တဟုခေါ်သည်။ ဗုဒ္ဓနှင့်ထပ်တူ တင်စား၍လည်း ခေါ်စမှတ်ပြုကြသည် (ဓမ္မကာယ)။ အချို့တရားဒေသနာတော်များသည် သာမန်လူသားတို့အတွက် နားလည်ဖို့ရန် အလွန်ခက်ခဲနက်နဲလှသည်။ ထို့ကြောင့် နားလည်ရန် အချိန်ကျရောက်သည့်တိုင်အောင် ကျမ်းဂန်များကို အပြင်မထုတ်ဘဲ သိမ်းဆည်းထားကြသည်။

Thursday, April 28, 2011

မလုပ်မဖြစ်တော့လဲ လုပ်ဖြစ်အောင်လုပ်ရသည်

ဤအရှင်သည် စာရေးခြင်း၊ စာဖတ်ခြင်း၊ စာပေသင်ကြားခြင်းကို ၀ါသနာထုံသော်လည်း လိုအပ်ချက်နှင့် ဘ၀ပေးတာဝန်များ ကျရောက်လာသဖြင့် မလွှဲသာ မရှောင်သာဘဲ ၀ိပဿနာလုပ်ငန်းဘက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။ တစ်ဘက်တစ်လမ်းမှလည်း စာပေသင်ကြားရေးလုပ်ငန်းများကို တပ်အားသမျှ ထမ်းဆောင်လျက် ရှိပါသည်။

ကျောင်းထိုင်ဘုန်းကြီး ဖြစ်သည့်နှစ်မှစတင်၍ မိုးကုတ်ဝိပဿနာ ပြန့်ပွားရေးလုပ်ငန်းများကို စတင်အခြေချဆောင်ရွက်ရင်း ၀ါတွင်းကာလတွင် ဗုဒ္ဓအဘိဓမ္မာသင်တန်းကို အဆင့်သုံးဆင့်ခွဲခြားကာ နှစ်စဉ်သင်ကြားလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ဝါတိတိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါပြီ။ စိတ်မကောင်းဖြစ်မိသည်မှာ ယခုလာမည့်ဝါတွင်းကာလတွင် ထိုသင်တန်းကို မဖွင့်လှစ်နိုင်တော့ခြင်းပင်ဖြစ်သည်။ အဘိဓမ္မာသင်ကြားသည့်ကျေးဇူးက ပဌာန်းဆက်ကာ လှမ်းထောက်ပံ့လိုက်သည်ဟု ဆိုရမည်လားမသိ။ အိန္ဒိယနိုင်ငံ အိုင်စီစီအာ အဖွဲ့မှ အဘိဓမ္မာပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြုလုပ်ပေးပါရန် အထူးပင့်ဖိတ်ချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၀ါကပ်ရမည်ဖြစ်ပြီး ၀ါကျွတ်မှသာလျှင် သုတေသနလုပ်ငန်းများ အပြီးသတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်ဖွင့်လှစ်သင်ကြားလာခဲ့သော ၀ါတွင်းကာလဗုဒ္ဓအဘိဓမ္မာသင်တန်းကို ယခုလာမည့်ဝါတွင် ဖွင့်လှစ်သင်ကြားပေးနိုင်တော့မည်မဟုတ်ပါ။ ထို့အပြင် သင်္ကြန်အပြီးတွင် နှစ်စဉ်ဖွင့်လှစ်သင်ကြားလာခဲ့သော ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ယခုနှစ်တွင် မဖွင့်လှစ်နိုင်တော့သဖြင့် ကလေးသူငယ်များအတွက် ဤအရှင် တာဝန်မကျေပွန်မိသလိုခံစားရသည်။ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်လည်း နိုင်ငံတကာကျောင်းသားများအား စာပေပို့ချပေးလျက်ရှိရာ သုတေသနလုပ်ငန်းတာဝန်ထမ်းဆောင်ရန်အတွက် တစ်နှစ်ခွင့်ယူထားလျက် သင်လက်စ စာပေများ မသင်ပေးနိုင်သည်ကိုလည်း စိတ်ထဲတွင် ရှိနေပါသည်။

မည်သို့ရှိစေ၊ ဘ၀ပေးတာဝန်အရ တစ်နှစ်တာကာလ သုတေသနလုပ်ငန်းများ အိန္ဒိယနိုင်ငံ အိုင်စီစီအာ အဖွဲ့အတွက် လုပ်ဆောင်ပေးနေရသည်ကိုတော့ ဗုဒ္ဓအဘိဓမ္မာဒေသနာတော်များကို ထေရ၀ါဒရှုထောင့်မှ စိစစ်တင်ပြကာ ဘုရားပွင့်ရာ မဇ္ဈိမဒေသသို့ ပြန်လည် ဝေငှခွင့်ရသည်ဟု သဘောပိုက်ထားမိသဖြင့် လုပ်လက်စလုပ်ငန်းကိုလည်း အားရကျေနပ်မိပါသည်။ အိန္ဒိယပြည်တွင် အဘိဓမ္မာကို သိသော်လည်း တကယ်တမ်း တတ်ကျွမ်းသူမရှိပါ။ ထေရ၀ါဒနှင့် မဟာယာနရောနှောလျက် ဘယ်အချက်က ထေရ၀ါဒ၊ ဘယ်အချက်က မဟာယာနဟူ၍ ခွဲခြားနားလည်နိုင်စွမ်းမရှိသည်ကို တွေ့ရသည်။ သူတို့လေ့လာနေကြသည်မှာ မဟာယာန၊ ဆာရာဝစတိဝါဒ၊ တိဗက်တန်ဗုဒ္ဓဘာသာဆိုင်ရာ အဘိဓမ္မာများသာ ဖြစ်သည်။ ထေရ၀ါဒ အဘိဓမ္မာနှင့် အလွန်အလှမ်းကွာဟလျက်ရှိနေသည်ကိုတွေ့ရသည်။ အတ္တနှင့် အနတ္တကိုပင် ရှင်းလင်းစွာနားမလည်နိုင်ဘဲ ဟိန္ဒူအယူဝါဒနှင့် ရောထွေးယှက်တင်ဖြစ်နေကြလေသည်။ ထိုကဲ့သို့ အားနဲချက်များကို တွေ့သိရသောအခါ ထေရ၀ါဒစစ်စစ် အဘိဓမ္မာဒေသနာတော်များကို ရှင်းနိုင်သမျှ ရှင်းလင်းအောင်၊ လွယ်ကူစွာနားလည်နိုင်သမျှ နားလည်အောင် ကြိုးစား၍ သုတေသနပြုလုပ်ရေးသားပေးလိုစိတ်များလည်း ပိုမိုလာခဲ့သည်။ သုတေသနလုပ်ငန်းများလုပ်ဆောင်နေရင်းပင် အနားယူသည့်အချိန်တွင် အချိန်ကို အလဟဿမဖြစ်စေဘဲ မြန်မာစာဖတ်ပရိသတ်အတွက် ပညာဒါနအဖြစ် ၀က်ဘ်ဆိုက်တွင် ၀ိပဿနာဆိုင်ရာဆောင်းပါးများ၊ ဗုဒ္ဓဘာသာရှုမြင်သုံးသပ်ချက်များကို ရေးသားလျက် ရှိသည်။

ထိုကဲ့သို့ အလုပ်များမအားလပ်နိုင်သည့်ကြားကပင် ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူးအချိန်တွင် နှစ်စဉ်ဖွင့်လှစ်မြဲ တရားစခန်းကိုတော့ အချိန်ယူ၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ပင်မလုပ်ငန်းဖြစ်သည့် တရားစခန်းလုပ်ငန်းတာဝန်ကို တရားလိုလားသူ ယောဂီတို့အတွက် ထည့်တွက်ငဲ့ကွက်လျက် ရေးလက်စ စာပေများ ခေတ္တနားလျက်၊ ပြုလုပ်ဆဲသုတေသနလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားလျက် သာသနာပြုလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် မဖြစ် ဖြစ်အောင် ကြိုးစား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ၀ိပဿနာအလုပ်ကို လိုအပ်ချက်အရ လုပ်ရသည်ဆိုသော်လည်း ပြီးစလွယ်လုပ်သည်တော့မဟုတ်ပါ။ တိတိကျကျလုပ်သည်။ တတ်စွမ်းသမျှ ရှင်းလင်းအောင်သင်ပေးသည်။ တတ်နိုင်သမျှ နားလည်အောင် ဟောပြသည်။ စည်းကမ်းစနစ်ရှိရှိလုပ်သည်။ စိတ်ပါလက်ပါလုပ်သည်။ ဤအရှင်သည် မည်သည့်အခါမျှ ဖြစ်ကတတ်ဆန်း လုပ်ရိုးထုံးစံမရှိ။ အလုပ်တစ်ခုကိုလုပ်ပြီဆိုလျှင် စိတ်ရော ကိုယ်ပါ နှစ်မြှုပ်လျက် လုပ်ကိုင်လေ့ရှိတတ်သည်မှာ ဤအရှင်၏ ပင်ကိုယ်ဗီဇဖြစ်သည်။

ဒေါက်တာအရှင်ပါရမီ

Wednesday, April 27, 2011

သင်္ကြန်တွင်း တရားစခန်းအောင်မြင်စွာဖွင့်လှစ်နိုင်

မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ

သင်္ကြန်တွင်း စတုတ္ထအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀) ရက်တရားစခန်း

အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီး၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ သင်္ကြန်တွင်းကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်တရားစခန်းကို (၁၂-၀၄-၂၀၁၁) ရက်နေ့မှ (၂၁-၀၄-၂၀၁၁) ရက်နေ့အထိ (၁၀) တိတိ အလုပ်သင် တရားစခန်းဖွင့်လှစ်ခဲ့ရာ တရားထိုင်သူယောဂီ ဦးရေ (၂၅၀) ၀င်ရောက်တရားထိုင်ခဲ့ကြသည်။ မိုးကုတ်ရိပ်သာအများစုတွင် ထားရှိသော စည်းကမ်းများအတိုင်း နေ့စဉ် တရားထိုင်ချိန် (၄)ချိန်၊ တရားနာချိန် (၄)ချိန်၊ ပေါင်း (၈)ချိန်သတ်မှတ်ကာ တရားထိုင်နည်း အလုပ်သင်စခန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ယောဂီဦးရေများလွန်း၍ လက်ရှိယောဂီဆောင်များတွင် မဆန့်သဖြင့် ဆောက်လုပ်၍မပြီးသေးသော ဆောက်လုပ်ဆဲ သုံးထပ်ယောဂီဆောင်ကြီး၏ အောက်ထပ်တွင် ယောဂီများကို ထားနိုင်အောင် အလျဉ်စလို စီစဉ်လျက် နေရာချထားပေးခဲ့ရသည်။ မူလက ယောဂီဦးရေ (၁၅၀) သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရားဝင်လိုသူဦးရေ များလာသဖြင့် (၂၅၀)အထိလက်ခံကာ ထို့နောက်ဝင်လိုသူများကိုမူ နေရာအခက်အခဲကြောင့် လက်မခံဘဲ ငြင်းပယ်ခဲ့ရသည်။ ယင်းသို့ နေရာထိုင်ခင်း အခက်အခဲပင် ရှိလင့်ကစား ယောဂီများအားလုံး မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင် တရားထိုင်ရသည်ကို နှစ်ထောင်းအားရ ကျေနပ်ကြကြောင်း ယောဂီအများစုက ပြန်လည်ပြောပြ၍ သိရသည်။

ဆရာတော်ဒေါက်တာအရှင်ပါရမီ ဦးစီးလျက် တရားစခန်းကို ဖွင့်လှစ်ခဲ့ရာ အလုပ်ပေးတရားတော်များကို ဆရာတော်ကိုယ်တိုင် နေ့စဉ်ဟောကြားပေးပြီး သစ္စာတရားတော်များကိုလည်း ဆရာတော်မှပင် ရက်အများဆုံးဟောကြားပေးခဲ့သည်။ အကူတရားပြဆရာတော်များအဖြစ် အရှင်ဒေ၀ိန္ဒ (သာသနာတက္ကသီလမဟာဓမ္မာစရိယ)၊ အရှင်ဣန္ဒက (ဒီပလိုမာ၊ သီတဂူဗုဒ္ဓတက္ကသိုလ်)၊ အရှင်ဝိမလ၊ အရှင်သောမ (ထားဝယ်- ဓမ္မစကြာဆရာတော်)တို့က ပံ့ပိုးကူညီဟောကြား ပြသပေးခဲ့ကြသည်။

ဆရာတော်ပြည်ပရောက်နေခိုက်တွင် ပုံမှန်တရားစခန်းများကို ပိတ်ထားခဲ့ပြီး ပြည်ပမှ ပြန်ရောက်မည့်အချိန် (၁၈-၁၁-၂၀၁၁) ရက်နေ့မှ (၂၇-၁၁-၂-၁၁) ရက်နေ့အထိ (၁၀)ရက်တရားစခန်းကို နောက်တစ်ကြိမ်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ အိုင်စီစီအာအဖွဲ့၏ ပင့်ဖိတ်ချက်အရ အဘိဓမ္မာဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၀ါဆိုရမည်ဖြစ်ပြီး ၀ါကျွတ်လျှင် လုပ်ငန်းကိစ္စများ ပြီးစီးမည်ဖြစ်၍ အမိမြန်မာပြည်သို့ ပြန်လည်ကြွရောက်လာမည်ဖြစ်သည်။ ဆရာတော် ပြန်ကြွလာလျှင် (၁၀)ရက်တရားစခန်းများကို အနဲဆုံး (၃)လတစ်ကြိမ် ပုံမှန်ဖွင့်လှစ်သွားဖို့ စီစဉ်ထားသည်။ ဆရာတော် ပြည်ပရောက်နေသော်လည်း တရားထိုင်လိုသူယောဂီများအတွက် နေ့ (၁း၃၀)နာရီမှ (၂း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို နာယူရန်နှင့် (၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ရန်အဖြစ် နေ့စဉ် သတ်မှတ်ထားသည်။ မည်သူမဆို အားလပ်သည့်နေ့တွင် သတ်မှတ်ချိန်အတိုင်း နေ့စဉ်လာရောက်၍ တရားနာခြင်း၊ တရားထိုင်ခြင်းဖြင့် ကုသိုလ်ယူနိုင်ရန်စီစဉ်ထားခြင်းဖြစ်သည်။

Sunday, April 3, 2011

သင်္ကြန်တွင်းတရားစခန်းအတွက် အလှူရှင်များ

မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ

(၄/၂၀၁၁) အကြိမ် သင်္ကြန်ကာလ မိုးကုတ်ဝိပဿနာအလုပ်သင် (၁၀)ရက်အထူးတရားစခန်းပွဲ

အရုဏ်ဆွမ်း/ နေ့ဆွမ်း/ နေ့အချိုပွဲ/ ရေခဲမုန့် အလှူရှင်များစာရင်း

(၁၂-၀၄-၂၀၁၁ ရက်နေ့မှ ၂၁-၀၄-၂၀၁၁ ရက်နေ့အထိ)

အရုံဆွမ်းအလှူရှင်များ (အရုဏ်ဆွမ်းတစ်နပ် ၈၀၀၀၀ - ကျပ်)

၁။ ၁၂-၄-၂၀၁၁ ဒေါ်ပန်းစိန်၊ ဒေါ်ရင်မြင့် (၇၀၈)၊ ဣန္ဒာ(၁၁)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးလှငွေ+ဒေါ်မာမာအေး၊ သား မောင်ကျော်ကျော်ဦး၊ သမီး မခင်မီကို မိသားစု (၉၀၉)၊ ဋ/ ဣန္ဒာ(၉)လမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ဦးကျော်သန်း+ဒေါ်ခင်လေးနု မိသားစု (၁၀၃)၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်း၊ မ/ဥ
၎။ ၁၅-၄-၂၀၁၁ ဦးတင်ရွှေ+ဒေါ်အေးဇင်မိသားစု ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဒေါ်သန်းနု မိသားစု ဆ/(၄၃၂)၊ သုနန္ဒာ (၁၁)လမ်း၊ မ/ဥ
၆။ ၁၇-၄-၂၀၁၁ ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု ည/ ဧရာ(၈)လမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ ဒေါ်စိန်ဌေး၊ ဒေါ်မြဌေး မိသားစု စ/(၅၀၂)၊ မေဓာဝီလမ်း၊ မ/ဥ
၈။ ၁၉-၄-၂၀၁၁ ဦးသိုက်ထွန်း+ဒေါ်ကြည်ကြည်ထွေး မိသားစု အမှတ်(၆)၊ ပြည်တော်သာ (၇)လမ်း၊ ၀ါယာလက်၊ မင်္ဂလာဒုံ
၉။ ၂၀-၄-၂၀၁၁ မိခင်ဖြစ်သူ ဒေါ်မြ၀င်းအားရည်စူး၍ ဦးအောင်နိုင်+ဒေါ်ယဉ်ယဉ်အေး သား- မောင်မျိုးမင်းသူ မိသားစု စိန်ရွှေကုန်းရွာ၊ ထောက်ကြံ့ မြို့နယ်
၁၀။ ၂၁-၄-၂၀၁၁ ကိုအောင်မင်း+မဆွေမာထွန်း မိသားစု ဆ/(၆၄၈)၊ မေဓာဝီလမ်း မ/ဥ

နေ့ဆွမ်းအလှူရှင်များ (နေ့ဆွမ်းတစ်နပ် ၁၆၀၀၀၀ - ကျပ်)

၁။ ၁၂-၄-၂၀၁၁ ဖခင်ကြီး ဦးမြသန်း အားရည်စူး၍ ဦးအောင်မြင့် + ဒေါ်မြင့်မြင့်သန်းမိသားစု စ/(၆၁၂)၊ သန္တာ(၄)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးရဲထွန်းအားရည်စူး၍ ဒေါ်စန်းစန်းဝင်းမိသားစု ဃ/(၅၂၀)၊ သိင်္ဂီလမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ဒေါ်ရီလေးမိသားစု အမှတ်(၃၀)၊ ဓမ္မစိန္တာလမ်း၊ ကျောက်မြောင်း၊ တာမွေ
၎။ ၁၅-၄-၂၀၁၁ ဦးသန်းစိုး+ဒေါ်သန်းသန်းမြိုင် မိသားစု (၇၀၄)၊ ဘုမ္မာ(၃)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဦးသန်းစိုး+ဒေါ်တင်တင်မိုး မိသားစု ဋ/(၈၆၄)၊ ဣန္ဒာ(၇)လမ်း၊ မ/ဥ
၆။ ၁၇-၄-၂၀၁၁ ဦးကျော်ရင်+ဒေါ်ခင်မာဆွေ သားသမီးမြေးမြစ်တစ်စု ဋ/(၅၃၂)၊ သုနန္ဒာလမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ ဦးကျော်သန်း၊ ဒေါ်နှင်းဝါ၀ါမိသားစု ည/(၁၁၂၆)၊ ဧရာလမ်း၊ မ/ဥ
၈။ ၁၉-၄-၂၀၁၁ ဒေါ်စောရီမိသားစု ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ
၉။ ၂၀-၄-၂၀၁၁ ဦးခင်မော်+ဒေါ်မူမူကိုး၊ သမီး ကိုမျိုးဇော်+မရွေးရွေးမော်၊ မကိုးကိုးရှင် မိသားစု အမှတ် (၁၈၇)၊ စိန်ရတီလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ
၁၀။ ၂၁-၄-၂၀၁၁ ဒေါ်မိမိယမင်း၊ သမီး မယွန်းသဒ္ဓါဦး မိသားစု တိုက်(၄)၊ အခန်း(၂)၊ မြေညီထပ်၊ မလိခအိမ်ယာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်း

နေ့ အချိုပွဲအလှူရှင်များ (တစ်ရက်စာ ၅၀၀၀၀ - ကျပ်)

၁။ ၁၂-၄-၂၀၁၁ ဦးလှဋ္ဌေး + ဒေါ်တင်တင်အေး မိသားစု ၂/(၅၃၅)၊ ယုဇန(၁)လမ်း၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁ ဦးရဲတင့်+ ဒေါ်အိအိခိုင်၊ သမီး မဟန်နီဇော် မိသားစု ဈ/(၇၈၈)၊ ဝေဘာဂီလမ်း၊ မ/ဥ
၃။ ၁၄-၄-၂၀၁၁ ကရုဏာပိုင်း အာစိဏ္ဏကံယောဂီများ အဖွဲ့ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာ
၎။ ၁၅-၄-၂၀၁၁ ကွယ်လွန်သူဒေါ်ကြည်သန်းအား ရည်စူး၍ ဦးချို၊ သမီး မကြည်ကြည်စိမ့် ဋ/ ကရုဏာ(၂)လမ်း၊ မ/ဥ
၅။ ၁၆-၄-၂၀၁၁ ဦးအသောက မြကျွန်းသာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ
၆။ ၁၇-၄-၂၀၁၁ ဦးစိုးမိုးအောင်+ဒေါ်ဇင်မာနွယ် မိသားစု ည/ ဧရာ(၈)လမ်း၊ မ/ဥ
၇။ ၁၈-၄-၂၀၁၁ စိန်၊ နု၊ တင်၊ ဋ္ဌေး၊ ချို မြကျွန်းသာ အာစိဏ္ဏကံယောဂီများ ဋ/ မြောက်ဥက္ကလာ
၈။ ၁၉-၄-၂၀၁၁ ဒေါ်စောရီမိသားစု ဆ/(၄၇၉)၊ ကရ၀ိက်(၄)လမ်း၊ မ/ဥ
၉။ ၂၀-၄-၂၀၁၁ ဦးမျိုးဝင်း+ဒေါ်တင်တင်မော် မိသားစု ဋ/(၅၁၄)၊ သုနန္ဒာလမ်း၊ မ/ဥ
၁၀။ ၂၁-၄-၂၀၁၁ ဦးသောင်းစိန်၊ ဒေါ်တင်တင်ဝင်း၊ ဒေါ်ခင်မာတင် မောင်နှစ်မတစ်စု အမှတ်(၈၁)၊ အာဇာနီလမ်း၊ ကျောက်ရေတွင်း

ရေခဲမုန့်အလှူရှင်များ (နှုံးမသိရသေး)

၁။ ၁၂-၄-၂၀၁၁ ဒေါက်တာကျော်သက်လူ+ ဒေါ်ယဉ်ညိုချစ်၊ သမီး မသက်စုခင်၊ မဝေဦးခင် မိသားစု ဋ/(၁၅၈)၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မ/ဥ
၂။ ၁၃-၄-၂၀၁၁
၃။ ၁၄-၄-၂၀၁၁
၎။ ၁၅-၄-၂၀၁၁
၅။ ၁၆-၄-၂၀၁၁
၆။ ၁၇-၄-၂၀၁၁
၇။ ၁၈-၄-၂၀၁၁
၈။ ၁၉-၄-၂၀၁၁
၉။ ၂၀-၄-၂၀၁၁
၁၀။ ၂၁-၄-၂၀၁၁

နောက်ဆုံးရ စာရင်းများ။ ညနေပိုင်း အအေးအချိုရည်များဖြင့်လည်း ကုသိုလ်ပါဝင်နိုင်ပါသည်။

Saturday, April 2, 2011

ဘရားရှင်၏၀ါဒ (၂)

အရှင်မဟာကစ္စည်းက အရှင်ဘုရားတို့နာချင်တယ်ဆိုရင်တော့ ဟောပေးပါမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောပေးတယ်။ မျက်စိနဲ့ အဆင်းနဲ့ တွေ့တော့ မြင်စိတ်ကလေးပေါ်တယ်။ မျက်စိအကြည်နဲ့ အဆင်းနဲ့တိုက်တော့ မျက်စိအကြည်ပေါ်မှာ မြင်စိတ်ကလေး ပေါ်လာတယ်။ စက္ခုဝိညာဏ်ဆိုတာ မြင်စိတ်ပဲ။ ဘယ်အခါမြင်မြင် မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းနှစ်ခုကြောင့် မြင်တယ်လို့သာ မှတ်လိုက်ပါ။ မြင်ပြီးတော့ တွေ့တယ် (ဖဿ)။ ဖဿပစ္စယာ ဝေဒနာ လာတာပေါ့။ ဝေဒနာလာပြီးနောက် ဝေဒနာတင် ခံစားတာမဟုတ်ဘူး၊ မှတ်သေးတယ်။ ဒါကအနီ ဒါကအပြာစသည် မှတ်သေးတယ်။ ဒါဖြင့် မြင်ပြီးတော့ တွေ့တယ်၊ တွေ့ပြီးတော့ ခံစားတယ်၊ ခံစားပြီးတော့ မှတ်တယ်။ မှတ်ပြီးတော့ ကြံတယ်။ ကြံပြီးလို့ အကြံတည့်တဲ့အခါကျမှ တဏှာ မာန ဒိဋ္ဌိတို့က လာတာ။ ဥပမာ- ရွှေနဲ့ မျက်စိနဲ့တွေ့တဲ့အခါ ရွှေမြင်တဲ့စိတ်ကလေးပေါ်တယ်။ မြင်ပြီးတွေ့တယ်။ တွေ့ပြီးခံစားတယ်။ ခံစားပြီးတော့ မှတ်သားတယ်။ မှတ်သားပြီးတော့မှ ကြံလုံးထုတ်တယ်။ ကြံလုံးထုတ်ပြီးတော့မှ လိုချင်တဲ့တဏှာ လာမယ်။ ၀ယ်ချင်တဲ့တဏှာလာမယ်။ ဒါလေး ငါကြိုက်တယ်ဆိုတော့ ဒိဋ္ဌိ။ ဘယ်လောက်ပေးရပေးရ ငါဝယ်နိုင်ပါတယ်ဆိုတော့ မာန။ ဒါဖြင့် တဏှာ မာန ဒိဋ္ဌိ တစ်ခုခုတော့ လိုက်တယ်။ လိုက်တော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ။ လှည့်သွားတယ်။ ပစ္စုပ္ပန်ဘ၀က အနာဂတ်ဘ၀ထိအောင် ကြောင်းကျိုးစပ်သွားတယ်။ ဒါ ပပဉ္စလိုက်လာလို့ ဖြစ်ရတာ။ ကြံပြီးတော့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စလိုက်လာတာ။ ပပဉ္စလာတော့ သံသရာဆက်သွားတယ်။

ရွှေဆိုတဲ့ အဆင်းရုပ်ကလေးကလဲ ဒုက္ခသစ္စာပဲ။ မျက်စိအကြည်ရုပ်ကလေးကလဲ ဒုက္ခသစ္စာပဲ။ မြင်စိတ်ကလေးကလဲ ဒုက္ခသစ္စာပဲ။ ဒီသုံးမျိုးထဲက ကြိုက်ရာတစ်ခုခုကို ပပဉ္စမလာခင် ဖြစ်ပျက်မြင်အောင်ရှုပါ။ ဒီလို ဖြစ်ပျက်ရှုလိုက်တော့ ပပဉ္စသိမ်းသွားတယ်။ ပပဉ္စသိမ်းတော့ တဏှာသိမ်း၊ မာနသိမ်း၊ ဒိဋ္ဌိသိမ်းသွားတာပဲ။ သံသရာချဲ့တတ်တဲ့တရား သုံးပါး သိမ်းသွားတာ။ ဒါဖြင့် မြင်စိတ်ကြိုက်လို့ရှိရင် မြင်စိတ်ဖြစ်ပျက်ရှု၊ အဆင်းကြိုက်ရင်အဆင်းရှု၊ မျက်စိအကြည်ကြိုက်ရင် အကြည်ကို ရှု။ တည့်တာသာ ရှုလိုက်။ မြင်စိတ်ရှုတော့ စိတ္တာနုပဿနာ၊ အဆင်းနဲ့ မျက်စိရှုတော့ ကာယာနုပဿနာ၊ ရုပ်ရှုတာပဲ။ ဒီအထဲက မြင်စိတ်ရှုချင်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုလိုက်တော့ တဏှာ မာန ဒိဋ္ဌိ မလာတော့ဘူး။ မလာတော့ ငါ နောင် ဘာများဖြစ်ဦးမှာပါလိမ့်မလဲဆိုတဲ့ ၀ိစိကိစ္ဆာလဲ မလာတော့ဘူး၊ ၀ိစိကိစ္ဆာသေတယ်။ မြင်စိတ်ကလေးဟာ ဖြစ်ပျက် ဒုက္ခသစ္စာ၊ ရှုတာလေးက မဂ္ဂသစ္စာ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ လို့ ကိစ္စဉာဏ်နဲ့ရှုလိုက်။ ကိစ္စဉာဏ်နဲ့ ရှုနေတာလို့ သဘောကျ။ ကိစ္စဉာဏ်နဲ့ ရှုလိုက်တော့ ကြံလုံးတွေ ပပဉ္စတွေ မလာတော့ဘူး။ မလာတော့ ငါ့ဝါဒဟာ တဏှာဖြတ်တဲ့ဝါဒဆိုတာ သေချာသွားပြီ။ ဒါဖြင့် စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့ တဏှာ မာန ဒိဋ္ဌိတွေမလာလို့ ပပဉ္စပြတ်၊ ပဋိစ္စသမုပ္ပါဒ်လဲ ပြတ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကြီး ရှည်နေအောင် လည်နေအောင် လုပ်တာဟာ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စသုံးပါးက လုပ်နေတာ။ ဘ၀များစွာ ဆက်အောင်လုပ်နေတာ။

အခု ကိစ္စဉာဏ်နဲ့ ဖြစ်ပျက်ရှုလိုက်တော့ မြင်စိတ်နားမှာပဲ မဂ်က တဏှာ မာန ဒိဋ္ဌိတို့ကို သတ်ပစ်လိုက်တယ်။ စိတ်ရဲ့ ခြေရင်းမှာ သူတို့ အကုန်သေရတယ်။ မဂ်ကသတ်လို့သေရတာ။ ဖြစ်ပျက်ကိုသိတဲ့ ကိစ္စဉာဏ်က သတ်လိုက်တာ။ ဒီအတိုင်းပဲ ကြားစိတ်ကလေးလာလဲ ပပဉ္စမလာအောင် ကြားစိတ်ကို ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုတော့ ကိစ္စဉာဏ်ရတယ်။ ကိစ္စဉာဏ်ဆိုတာ ဖောက်ပြန်ပျက်စီးသွားတာပဲလို့ သိလိုက်တာပါပဲ (၀ိပရိဏာမဋ္ဌော)။ မြင်စိတ်ကလေးလဲ ဖောက်ပြန်ပျက်စီးသွားတာပဲ၊ ကြားစိတ်ကလေးလဲ ဖောက်ပြန်ပျက်စီးသွားတာပဲ။ မဖောက်ပြန်ဘဲနဲ့ ပျက်စီးတာမဟုတ်ဘူး၊ ဖောက်လဲဖောက်ပြန် ပျက်လဲ ပျက်စီးသွားတယ်။ ဒါကိစ္စဉာဏ်ပဲ။ ဖြစ်လဲဖြစ်တယ်၊ ဖြစ်ပြီးတော့လဲ ချုပ်သွားတယ်။ ဒီတော့ ဖောက်ပြန်ပျက်စီးတာလေး သိလိုက်ရတဲ့အတွက် ကိစ္စဉာဏ်ရတယ်။ ဒါဖြင့် စိတ်တွေ လာတိုင်းလာတိုင်း မြင်စိတ်လာလာ ကြားစိတ်လာလာ ၀မ်းထဲလောဘစိတ်လာလာ ဒေါသစိတ်လာလာ မောဟစိတ်လာလာ ကိစ္စဉာဏ်နဲ့ရှု။ ဖောက်ပြန်တာက ဒုက္ခသစ္စာ၊ ဖောက်ပြန်တာကို သိတာက ကိစ္စဉာဏ်။ ကိစ္စဉာဏ်ဆိုတာ မဂ္ဂသစ္စာပါပဲ။ ကိစ္စဉာဏ် မဂ္ဂသစ္စာလာတော့ ပပဉ္စတွေသေတယ်။ ပပဉ္စဆိုတာ ချဲ့ထွင်တာ။ တဏှာလာရင် ဥပါဒါန် ကံ ဇာတိ ဇရာမရဏ ချဲ့မှာပဲ။ မာနလာရင်လဲ မာနက ကာမုပါဒါန်၊ ပြီးတော့ ကံ၊ ဇာတိ ဇရာမရဏထိအောင် ချဲ့မှာပဲ။ ဒိဋ္ဌိလာရင်လဲ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ကနေ ဇာတိ ဇရာမရဏထိအောင် ချဲ့မှာပဲ။ ဒီလို ပပဉ္စဟာ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးထွက်တယ်။ ဒီပဋိစ္စသုံးမျိုးကို မဂ္ဂသစ္စာက ဖြတ်ပစ်တယ်။ ဒါကြောင့် ဘုရားရှင်က တဏှာဖြတ်တဲ့ဝါဒသည် ငါ့ဝါဒလို့မိန့်တော်မူတာ။ ဒီလို တဏှာဖြတ်တဲ့ဝါဒကိုလိုက်ရင် ပပဉ္စသေလို့ ပဋိစ္စသမုပ္ပါဒ်လဲ ပြတ်တာပဲ။ ကိုယ်ရှုရင် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ။ ဖြစ်ပျက်ကိုသိ၊ ၀ိပရိဏာမကိုသိ၊ ဖောက်ပြန်ပျက်စီးတာကိုသိ၊ ကိစ္စဉာဏ်ကိုသိတဲ့ပုဂ္ဂိုလ်မှာ ပြတ်တယ်။ ကိစ္စဉာဏ်နဲ့ ဘယ်စိတ်လာလာ ဖောက်ပြန်ပျက်စီးပြန်ပြီလို့သာ သိပေးလိုက်ပါ။ ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ။ ဒီလိုချည်းရှုနေရင် ပပဉ္စတွေ ချုပ်တယ်။

ပပဉ္စဆိုတာ သံသရာမှာ အိုဘေး နာဘေး သေဘေးတွေ ပွားအောင် အပါယ်ဘေးတွေ မရောက် ရောက်အောင် ပို့တတ်တဲ့တရားလို့ဆိုရင်လဲ မလွဲပါဘူး။ ရှုလိုက်တော့ ဒီပပဉ္စတွေ ချုပ်တယ်။ ပပဉ္စနိရောဓော နိဗ္ဗာနံ လို့ ဘုရားကလဲ ဟောထားတယ်။ ဒီသုံးခုချုပ်သွားလို့ရှိရင် နိဗ္ဗာန်ပဲ။ ပပဉ္စမရှိတာကို နိဗ္ဗာန်။ ကိစ္စဉာဏ်ကြောင့် ပပဉ္စတွေ ချုပ်ရပါတယ်။ ဒါဖြင့် စိတ်တွေ လာတိုင်းလာတိုင်း ဘယ်စိတ်လာလာ စိတ္တာနုပဿနာ ရှုပေးပါ။ ရှုတော့ အရှုခံက ဒုက္ခသစ္စာ၊ ရှုတဲ့ ကိစ္စဉာဏ်က မဂ္ဂသစ္စာ။ သေတာက ပပဉ္စ။ ဒီပပဉ္စတွေချုပ်အောင်တော့ ကိုယ့်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ်မှ ရမယ်။ ပပဉ္စမလာရင် နိဗ္ဗာန်ပါပဲ။ ဒါဖြင့် ဘယ်မှာချုပ်တာလဲဆိုတော့ ရှုတဲ့ဉာဏ်ရဲ့နောက်မှာ ချုပ်တယ်။ ရှုတဲ့ဉာဏ်လဲ လာရော ပပဉ္စတွေလဲ ချုပ်ရောပဲ။ ရှုဖန်များလာလို့ ၀ိပရိဏာမကိစ္စတွေ ရှုလို့မရတော့ဘူး၊ မမြင်တော့ဘူးဆိုရင် ကတဉာဏ်ဖြစ်သွားတယ်။ ရှေ့မှာ ဖြစ်ပျက် ဖြစ်ပျက်ဆိုတာတွေ မမြင်တော့ဘူးဆိုရင် ဘယ်စိတ်မှလဲ မလာတော့ဘူးဆိုရင် နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ပေါ်လာတော့ နိဗ္ဗာန်မြင်တဲ့ဉာဏ်ကို ကတဉာဏ်လို့ ခေါ်လိုက်တာပဲ။ ဒါဖြင့် ခန္ဓာငါးပါး အပေါင်းသိတဲ့ဉာဏ်က သစ္စဉာဏ်၊ ဖြစ်ပျက်လေးတွေ သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ ဖြစ်ပျက်တွေ ဆုံးအောင်လိုက်ရှုလိုက်တဲ့အခါ ပပဉ္စလဲချုပ်၊ ရှေ့က ဒုက္ခမရှိတာလဲ သိလိုက်ရတော့ ကတဉာဏ်။ ဒီသုံးဉာဏ်နဲ့တက်လဲ နိဗ္ဗာန် ရမှာပါပဲ။ အရှင်ကောဏ္ဍညနဲ့ နတ်ဗြဟ္မာပေါင်း ရှစ်သောင်းလေးထောင် ဒီသုံးဉာဏ်နဲ့ တက်သွားကြတာ။ ပထမ သစ္စဉာဏ်ကိုသိလိုက်တယ်။ နောက် ကိစ္စဉာဏ်နဲ့ ပွားလိုက်တယ်။ ပွားရင်းနဲ့ မကြာခင်မှာပဲ ပပဉ္စပယ်ပြီး နိဗ္ဗာန်မြင်လိုက်တော့ ကတဉာဏ်ရလိုက်တယ်။ ဒါကြောင့် ကတဉာဏ်သည် နိဗ္ဗာန်မြင်တဲ့ဉာဏ်ပါပဲ။

ဒေါက်တာအရှင်ပါရမီ

Friday, April 1, 2011

ဘုရားရှင်၏၀ါဒ

ဘုရားရှင် ကုရုတိုင်း ကပိလ၀တ်ပြည်မှာ တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီးနောက် တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ ဆွမ်းဘုဉ်းပေးတော်မူတယ်။ ပြီးတာနဲ့ ဒီနေရာမှာပဲ နေ့သန့်စင်၊ ဒီနေရာမှာပဲ ဖလသမာပတ်ဝင်စားတော့မယ်ဆိုပြီး သီတင်းသုံးနေတော်မူတယ်။ ထိုအချိန် ဒဏ္ဍပါဏိပုဏ္ဏားကြီးက ရွှေတုတ်ကောက်ကြီးကိုင်ပြီး ဘုရားရှင်ထံရောက်လာတယ်။ ဘုရားရှင်ကိုလဲ ၀တ်မချဘူး။ နှုတ်ဆက်ရုံလောက်နှုတ်ဆက်ပြီး `ရှင်ဂေါတမရဲ့ အယူနဲ့ ၀ါဒကိုပြောစမ်းပါ´လို့ မေးတယ်။ မေးတော့ ဘုရားရှင်က ရိပ်မိတယ်။ သူဟာ ဒေ၀ဒတ်နဲ့လဲ အမျိုးတော်တယ်၊ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ်လဲမဟုတ်ဘူး။ ဒေ၀ဒတ်ကို သံဃာက ကြဉ်ထားတာ၊ ဒေ၀ဒတ်သံဃာအသင်းခွဲလို့ အပါယ်သွားရမယ့်ပုဂ္ဂိုလ်လို့ ဟောတော်မူထားတာတွေကို သူက မကြိုက်ဘူး။ လောကီသမားဆိုတော့ ရာဟုလာလေး သင်္ကန်းဝတ်ပေးလိုက်တာကိုလဲ သူ မကြိုက်ဘူး။ ဒီလို မကြိုက်ပေမယ့် တွေ့တုန်း မေးဦးမှပဲဆိုပြီး `ရှင်ဂေါတမ ဘယ်အယူရှိလဲ၊ ရှင်ဂေါတမ၀ါဒက ဘယ်လိုဝါဒလဲ´လို့ မေးလိုက်တာ။ ဒီတော့ ဘုရားရှင်က `ငါ့ဝါဒက ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ´တဲ့။ ဘုရားရှင်ရဲ့ ၀ါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ။ ဒါပေမယ့် ဒီဝါဒကို မကြိုက်တဲ့သူတွေက ဘုရားကို လာပြီးစစ်တိုက်တာ။ တိတ္ထိတွေ၊ ဒေ၀ဒတ် အဇာတသတ်တို့လိုပုဂ္ဂိုလ်တွေ၊ မာရ်နတ်ကြီးလို ပုဂ္ဂိုလ်တွေ လာစစ်ထိုးကြတာ။ ဘုရားဝါဒကတော့ အမှန်ပါပဲ။ ဒီဝါဒ မကြိုက်သူတွေကတော့ လာတိုက်ကြတာပေါ့။

ဘုရားက `ရှေးဘုရားတွေက ဒါ ဒုက္ခသစ္စာပဲလို့ ဟောရင် ငါလဲ ဒုက္ခသစ္စာပဲလို့ ဟောတယ်၊ အပိုမဟောဘူး၊ ဒုက္ခသစ္စာမှာလဲ သစ္စာသိမှု သစ္စဉာဏ်၊ ဖြစ်ပျက်သိမှု ကိစ္စဉာဏ်၊ ဖြစ်ပျက်ဆုံးသွားရင် ကတဉာဏ်လို့ ဟောတော့ ငါဘုရားလဲ ဒီလိုပဲ ဟောတယ်´တဲ့။ ဒီလိုဟောတာကို နားမလည်တဲ့ပုဂ္ဂိုလ်တွေကတော့ ရန်လာဖြစ်ကြတယ်။ ဘုရားရှင်ကတော့ ရန်မဖြစ်ဘူး။ ဒါဖြင့် သူ့ဝါဒက ရန်မဖြစ်တဲ့ဝါဒ၊ ပညာရှိတွေ အကုန်လက်ခံတဲ့ဝါဒတဲ့။ ပညာမဲ့တွေက သူတို့ ဘယ်တုန်းကမှ မကြားဘူးတာတွေ ဟောရမလားဆိုပြီး ငြင်းပွားကြတာတွေတော့ ရှိတယ်။ သို့သော်လဲ ဘုရားက ခံပြီး ရန်မဖြစ်ပါဘူး။ ငြင်းကြခုံကြတာတွေဟာ ဘုရားက ရန်ဖြစ်တာမဟုတ်ဘူး၊ သူတို့က မကြိုက်လို့ ဖြစ်နေတာ။ ဘုရားရှင်ရဲ့ ၀ါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပဲ။

ဒါတင်မကသေးဘူး။ `ငါသည် သံသယ၀ိစိကိစ္ဆာကင်းပြီး အားလုံးအပေါ်မှာ တဏှာဖြတ်တဲ့ ပုဂ္ဂိုလ်လို့လဲ မှတ်ပါ´တဲ့။ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်ဟာ ဘုရားအလုပ်။ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒက ဘုရားဝါဒ၊ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်က ဘုရားလုပ်ငန်းစဉ်။ ဒီလိုရှင်းပြတာကို နားထောင်ပြီးတော့ ဒဏ္ဍပါဏိက ပြန်သွားတယ်။ ဘုရားရှင် ကျောင်းပြန်ကြွတော်မူတဲ့အခါ ရဟန်းတို့ကို ငါတော့ ဒီနေ့ ဒဏ္ဍပါဏိနဲ့တွေ့လို့ ငါ့ဝါဒနဲ့ ငါ့လုပ်ငန်းစဉ်ကို ပြောခဲ့တယ်လို့ မိန့်တော်မူတယ်။ ငါ့ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ငါ့လုပ်ငန်းစဉ်က သံသယမရှိဘဲနဲ့ ကိလေသာသတ်တဲ့ လုပ်ငန်းစဉ်ပဲတဲ့။ ဘုရားရှင်က အကျဉ်းပဲ ဟောပြသွားတော့ အချို့ရဟန်းတွေက နားမလည်လို့ ဘုရားရှင်ကိုလဲ မမေးရဲတာနဲ့ အရှင်မဟာကစ္စည်းကို ချဉ်းကပ်ပြီး မေးကြတယ်။ အရှင်မဟာကစ္စည်းက `အနှစ်ရှိတဲ့သစ်ပင်ဆီက အနှစ်မရှိတဲ့သစ်ပင်ဆီ လာပြီး အနှစ်တောင်းသလို ဖြစ်နေပါလား´လို့ မိန့်တော်မူတယ်။ ဘုရားရှင်နှင့်စာရင် သူ့မှာ ဘာမှအနှစ်မရှိဘူးလို့ပြောလိုက်တာပဲ။ ရဟန်းတော်တွေက `အရှင်ဘုရားကို ဘုရားရှင်ကလဲ ချီးမွမ်း၊ အကျဉ်းကို အကျယ်ဟောနိုင်တယ်လို့လဲ ဂုဏ်သတင်းမွှေးနေလို့ တပည့်တော်တို့ လာရတာပါဘုရား´လို့လျှောက်ကြတယ်။ ဒါဆိုရင် အရှင်ဘုရားတို့ တကယ်နာချင်တယ်ဆိုရင်တော့ သစ္စာတရားပဲ ဟောပေးမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောတော်မူပါတယ်။

(ဆက်လက်ဖော်ပြပါမည်)